ကုန်ပစ္စည်းလာပို့စဉ် ပလက်ဝဒေသခံ ၃ ဦး သတ်ဖြတ်ခံရမှုကြောင့် ကုန်သည်များ လုံခြုံရေးစိုးရိမ်

သတ်ဖြတ်ခံရသူများမှာ ပလက်ဝဒေသမှ ခူမီးလူမျိုးများဖြစ်ပြီး ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ ကုန်ပစ္စည်းများလည်း ဆုံးရှုံးလိုက်ရပြီး မိသားစုဝင်များက အာရက္ခတပ်တော် အုပ်ချုပ်ရေးတာဝန်ရှိသူများထံတွင် တိုင်ကြားထားကြောင်း သိရသည်။

By Admin 03 Oct 2024

ဓာတ်ပုံ - Khumi Media Group – KMG
ဓာတ်ပုံ - Khumi Media Group – KMG

DMG ၊ စက်တင်ဘာ ၃

ပြီးခဲ့သည့် စက်တင်ဘာလက ကျောက်တော်မြို့သို့ ကုလားတန်မြစ်ကြောင်းအတိုင်း ကုန်ပစ္စည်းလာပို့သူ ပလက်ဝ ဒေသခံ ၃ ဦး လမ်းခုလတ်တွင် သတ်ဖြတ်ခံရပြီးနောက် လုံခြုံရေး စိုးရိမ်စရာဖြစ်လာကြောင်း ကုန်သည်များက ပြောသည်။

စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် ရခိုင်ပြည်အတွင်းသို့ အခြေခံစားသောက်ကုန်များကို အိန္ဒိယနိုင်ငံကနေ ပလက်ဝဒေသကို ဖြတ်ကာ တင်သွင်းနေကြခြင်း ဖြစ်သည်။

“အခုကိစ္စဖြစ်တာက ကုန်သည်တွေအတွက် ကြီးမားတဲ့ ခြောက်လှန့်မှုတစ်ခုဖြစ်တယ်။ ကျူးလွန်သူတွေကို မဖော်ထုတ်နိုင်ရင် နောက်ထပ်မဖြစ်နိုင်လို့ မပြောနိုင်ဘူး။ ကုန်စည်စီးဆင်းမှုတွေကို ထိခိုက်လာနိုင်တာကြောင့် ရာဇဝတ်မှုတွေကို ထိထိရောက်ရောက် ဖော်ထုတ်ပေးဖို့ တောင်းဆိုချင်ပါတယ်” ဟု မြောက်ဦးမြို့နယ်မှ ကုန်သည်တစ်ဦးက ပြောသည်။ 

ပလက်ဝမြို့နယ် မောင်နှမကျေးရွာမှ အသက် ၆၁ နှစ်အရွယ် ဦးဆန်းအောင်၊ သားဖြစ်သူ အသက် ၂၆ နှစ်အရွယ် ကိုအိုက်မြင့်နှင့် မြေးမြစ်သူ အသက် ၁၃ နှစ်အရွယ် မောင်ပီစီထွန်းတို့မှာ စက်တင်ဘာလ ၈ ရက်နေ့က အိန္ဒိယနယ်စပ်ကနေ ကုန်တင်စက်လှေဖြင့် ကျောက်တော်သို့ ကုန်ပစ္စည်းသွားပို့စဉ် ပျောက်ဆုံးသွားခဲ့သည်။ 

ယင်းနောက် ၎င်းတို့၏ ရုပ်အလောင်းများကို ဓားထိုးဒဏ်ရာများဖြင့် စက်တင်ဘာလ ၁၅ ရက်တွင် ပလက်ဝမြို့နယ်၊ လောင်းကဒူးရွာနှင့် တန်းဆိပ်ရွာကြား၌လည်းကောင်း၊ မွန်ထောင့်ရွာသစ်အနီး ကုလားတန်မြစ်ကမ်းနံဘေး၌ လည်းကောင်း စက်လှေမောင်းသမားများက တွေ့ရှိခဲ့ကြသည်။

ယင်းဖြစ်စဉ်ကြောင့် ကုန်သည်များမှာ လုံခြုံရေးစိုးရိမ်မှုများ ရှိနေသဖြင့် ဒေသအုပ်ချုပ်ရေးကို တာဝန်ယူထားသည့် အာရက္ခတပ်တော်က ယခုထက်ပို၍ လုံခြုံရေး၊ တရားစီရင်ရေးကို ထိထိရောက်ရောက် လုပ်ပေးစေလိုကြောင်း ပြောဆိုနေကြသည်။ 

“လူတွေကိုသတ်ပြီး ပစ္စည်းတွေ၊ ငွေတွေကို ယူတဲ့ပြစ်မှုက တော်တော်လေးကို ကြီးပါတယ်။ တာဝန်ရှိသူတွေ အနေနဲ့ ဒီကိစ္စလို နောက်ထပ် လုံးဝမဖြစ်ရအောင် ထိန်းဖို့လိုအပ်တယ်။ ကုန်သည်တွေအပါဝင် ဒေသခံတွေအတွက်လည်း လုံခြုံရေး စိုးရိမ်စရာဖြစ်ရတယ်” ဟု ကျောက်တော်မြို့နယ်မှ ကုန်သည်တစ်ဦး ကပြောသည်။

သတ်ဖြတ်ခံရသူများမှာ ပလက်ဝဒေသမှ ခူမီးလူမျိုးများဖြစ်ပြီး ငွေကျပ် သိန်း ၃၀၀ တန်ဖိုးရှိ ကုန်ပစ္စည်းများလည်း ဆုံးရှုံးလိုက်ရပြီး မိသားစုဝင်များက အာရက္ခတပ်တော် အုပ်ချုပ်ရေးတာဝန်ရှိသူများထံတွင် တိုင်ကြားထားကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်ပြီး AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်သည်။