ရခိုင်ဒေသတွင် ကုန်ဈေးနှုန်းမြင့်တက်မှု ကြပ်မတ်ရန် လိုအပ်နေ

"ကုန်ဈေးနှုန်းက အရင်ထက် ဆယ်ဆလောက်အထိ မြင့်တက်နေတာပါ။ ဒေါ်လာဈေးကို အကြောင်းပြပြီး မြင့်တက်နေတဲ့ကုန်ဈေးနှုန်းဟာ ဒေါ်လာဈေးကျရင်လည်း မကျတော့ဘူး။ အတက်ပဲရှိတဲ့ ကုန်ဈေးနှုန်းကြောင့် လူတွေလည်းငတ်ပြီး သေကြတော့မယ်" ဟု မြောက်ဦးဒေသခံ အိမ်ရှင်မ ဒေါ်ခိုင်နှင်းဦးက ပြောသည်။

By Admin 16 Oct 2024

 ရခိုင်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ အကျမရှိဘဲ ဆက်တိုက်မြင့်တက်နေဆဲဖြစ်သည်။
ရခိုင်တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ အကျမရှိဘဲ ဆက်တိုက်မြင့်တက်နေဆဲဖြစ်သည်။

DMG ၊ အောက်တိုဘာ ၁၆

ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တောနှင့် ရသေ့တောင်စသည့်မြို့နယ်တို့တွင် အခြေခံစားသောက်ကုန် ဈေးနှုန်းများမှာ အကျမရှိဘဲ ဆက်တိုက်မြင့်တက်နေသည်။

ယခင်က ကြက်သွန်ဖြူ တစ်ပိဿာကို ငွေကျပ် ၄,၀၀၀ ကျပ်မှ လက်ရှိ ၃၀,၀၀၀ ကျပ်၊ ကော်ဖီမစ်တစ်ထုတ်ကို ငွေကျပ် ၆,၀၀၀ မှ ၂၃,၀၀၀ ကျပ်၊ ဝက်သားတစ်ပိဿာကို ၁၈,၀၀၀ ကျပ်မှ ၃၂,၀၀၀ နှင့် စက်သုံးဆီတစ်လီတာကို ၃,၂၀၀ ကျပ်မှ ၁၆,၀၀၀ ကျပ် စသဖြင့် မြင့်တက်နေသည်။

ယင်းအပြင် ငရုတ်သီး၊ ဆေးပေါ့လိပ်၊ ခေါက်ဆွဲထုတ်၊ ဆပ်ပြာမုန့်၊ သကြား၊ မုန့်‌ခြောက်ထုတ် စသည့် ကုန်ပစ္စည်းများမှာလည်း ယခင်ထက် ၁၀ ဆ ခန့်အထိ မြင့်တက်နေကြောင်း သိရသည်။

"ကုန်ဈေးနှုန်းက အရင်ထက် ဆယ်ဆလောက်အထိ မြင့်တက်နေတာပါ။ ဒေါ်လာဈေးကို အကြောင်းပြပြီး မြင့်တက်နေတဲ့ကုန်ဈေးနှုန်းဟာ ဒေါ်လာဈေးကျရင်လည်း မကျတော့ဘူး။ အတက်ပဲရှိတဲ့ ကုန်ဈေးနှုန်းကြောင့် လူတွေလည်းငတ်ပြီး သေကြတော့မယ်" ဟု မြောက်ဦးဒေသခံ အိမ်ရှင်မ ဒေါ်ခိုင်နှင်းဦးက ပြောသည်။

ရခိုင်ပြည်သည် အခြေခံစားသောက်ကုန်အပါအဝင် လူသုံးကုန်ပစ္စည်းအားလုံး ပြည်မဘက်ကို အားကိုးနေရချိန် စစ်ကောင်စီမှ လမ်းခရီးကန့်သတ်ထားသည့်အတွက် အိန္ဒိယဘက်မှ စားကုန်နှင့် လူသုံးကုန်ပစ္စည်းများအား ရခိုင် ဒေသသို့ သယ်ယူခဲ့ခြင်းဖြစ်သည်။

ယင်းလမ်းကြောင်းမှ ကုန်ပစ္စည်းများ ရခိုင်ဒေသသို့ ကုန်ပစ္စည်းများကို လိုသလောက် ရယူနိုင်ပြီဖြစ်သော်လည်း အောက်ခြေ၌ ကုန်ဈေးနှုန်း မြင့်တက်နေဆဲဖြစ်သည်ဟု စားသုံးသူများက ဆိုကြသည်။

" ဒေသ မငြိမ်မသက်တဲ့ အခြေနေမှာ စီးပွားရေး သမားတွေရဲ့ အကျိုးစီးပွားရှာလို့ကောင်းတဲ့ အချိန်ပေါ့နော်။ ကျနော်တို့ အမြင်အရဆိုရင် လမ်းခရီးအခက်အခဲ၊ သယ်ယူစရိတ်မြင့်မားတယ်ဆိုပါအုံး။ ပစ္စည်းတစ်ခုက ၃ ဆလောက် တက်လို့ရတယ်။ ဒါပေမယ့် အခုဟာက ၁၀ ဆလောက်မြင့်တက်နေတာကတော့ မဟုတ်သေးဘူးပေါ့နော်။ ဒါ တွေကိုလည်း သက်ဆိုင်ရာ အာဏာပိုင်တွေက ကိုင်တွယ်ဖို့ လိုအပ်ပါတယ် " ဟု မြေပုံမြို့မှ လူငယ် မဖြိုးဆန်းသွယ်က ပြောသည်။

စစ်ရေးအကျိုးဆက်ကြောင့် ဒေသခံများမှာ အလုပ်အကိုင် အဆင်မပြေခြင်း၊ ဝင်ငွေပုံမှန်မရှိခြင်း စသည့် အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်နေရချိန် တစ်ဖက်မှာလည်း ခေါင်ခိုက်အောင်မြင့်တက်နေသည့် ကုန်ဈေးနှုန်းကြောင့် ဒေသခံများမှာ အငတ်ဘေးနှင့် ကြုံတွေ့ရသည်ဟု ဆိုကြသည်။

ကျောက်တော်မြို့ခံ မဒါလီက " တစ်ရက်ဝင်ငွေ ၂,၀၀၀ တောင်မရှိဘူး။ အငတ်မခံနိုင်တဲ့ လူတွေမှာ တောင်းရမ်းစားသောက်ကြတယ်။ ငတ်နေတဲ့ သူတွေလည်းအများကြီးရှိသလို ကလေးလူကြီးမရွေး တောင်းစားတဲ့သူတွေ အများကြီးတွေ့ရပါတယ် " ဟု ပြောသည်။

ထိုသို့ ကုန်ဈေးနှုန်းမြင့်မားမှုကြောင့် အခြေခံလက်လုပ်လက်စားများ၊ စစ်ဘေးရှောင်များနှင့် အလွှာအသီးသီးမှ ဒေသခံများမှာ အခက်အမျိုးမျိုးနှင့် ကြုံတွေ့နေရသဖြင့် သက်ဆိုင်ရာအာဏာပိုင်များ အနေဖြင့် အခြေခံကုန်ဈေးနှုန်းများကို အတိုင်းအတာတစ်ခုထိ လျှော့ချနိုင်ရေး အထူးကြပ်မတ်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။

" ဒီအတိုင်းဆိုရင် အခြေခံလူတန်းစားတွေအတွက်တော့ မတွေးရဲစရာပေါ့နော်။ ငတ်တဲ့သူတွေ၊ တောင်းရမ်းစား သောက်သူတွေ ဒီထက်ပိုပြီးတော့ များလာမယ်။ အဲဒါကြောင့် ULA/AA ဘက်ကလည်း မြေပြင်မှာ ထိန်းလို့ရတဲ့ ဈေးကွက်ကို ထိန်းစေချင်တယ်။ သတ်မှတ်ဈေးတွေ လုပ်ပေးဖို့လိုတယ်။ ထိန်းလို့မရတဲ့ ပစ္စည်းကိုလည်း မထိန်း၊ ထိန်းလို့ရတဲ့ ဈေးကွက်ကိုလည်း မထိန်းဆိုရင်တော့ အခြေခံ လူတန်းစားတွေကတော့ ဒီထက် ပိုဆိုးလာဖို့ပဲ ရှိတော့တယ် " ဟု မြောက်ဦးမြို့ခံ မကျော့ကျော့က ပြောသည်။

၂၀၂၃ တကျော့ပြန်တိုက်ပွဲ စတင်ချိန်မှစ၍ စစ်ကောင်စီက ရခိုင်ဒေသကို လမ်းခရီးပိတ်ဆို့ထားမှုကြောင့် ဒေသခံ များ၏ နေ့စဉ်လူမှုဘဝ ရပ်တည်ရေးမှာ အကျပ်အတည်းများစွာ ဖြစ်ပေါ်နေရသည်။

ရခိုင်ဒေသတွင်းမှ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ရမ်းဗြဲ၊ မြေပုံ၊ ပေါက်တော၊ သံတွဲနှင့် ချင်းပြည်၊ ပလက်ဝမြို့နယ်တို့ကို အာရက္ခတပ်တော်(AA) မှ သိမ်းပိုက်ထိန်းချုပ်ထားပြီး ကျန်မြို့နယ်များတွင်လည်း တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။