- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
မြောက်ဦးအကြောင်း ရိုက်ကူးထားသည့် My Hidden City မှတ်တမ်းရုပ်ရှင် ပြင်သစ်တွင် အကောင်းဆုံးဆုရ
ရခိုင်တို့၏ ရှေးဟောင်းမြို့တော် မြောက်ဦးအကြောင်းကို ရိုက်ကူးထားသည့် My Hidden City (ကျွန်မရဲ့ပုန်းကွယ်နေသောမြို့) ဟု အမည်ပေးထားသည့် မှတ်တမ်းရုပ်ရှင်ဇာတ်ကားမှာ ပြင်သစ်နိုင်ငံတွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ဇာတ်ကားတိုဆု ရရှိခဲ့ကြောင်း သိရသည်။
02 May 2023

DMG ၊ မေ ၂
ရခိုင်တို့၏ ရှေးဟောင်းမြို့တော် မြောက်ဦးအကြောင်းကို ရိုက်ကူးထားသည့် My Hidden City (ကျွန်မရဲ့ပုန်းကွယ်နေသောမြို့) ဟု အမည်ပေးထားသည့် မှတ်တမ်းရုပ်ရှင်ဇာတ်ကားမှာ ပြင်သစ်နိုင်ငံတွင် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ဇာတ်ကားတိုဆု ရရှိခဲ့ကြောင်း သိရသည်။
မေလ ၁ ရက်နေ့က ပြင်သစ်နိုင်ငံ Nice မြို့တွင် ကျင်းပခဲ့သည့် Giraffe Film Festival မှာ March, April Addition အတွက် My Hidden City မှတ်တမ်းရုပ်ရှင်ဇာတ်ကားဖြင့် အကောင်းဆုံးမှတ်တမ်းရုပ်ရှင် ဇာတ်ကားတိုဆုကို ဆွတ်ခူးရရှိခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာစောမြအောင် ဖောင်ဒေးရှင်းမှ စီမံကိန်းအရာရှိ ဒေါ်ခင်သန်းက ပြောသည်။
“ကျမတို့ဆီကို ဒါရိုက်တာ Kimball ဆီက တစ်ဆင့် ဆုရတယ်ဆိုပြီး အီးမေးလ်ကနေ့ အသိပေး ပြောကြားလာတာ ဖြစ်တယ်။ ဒီမှတ်တမ်းရုပ်ရှင်ဇာတ်ကားက အရင်ကလည်း နိုင်ငံတကာပြိုင်ပွဲတွေမှာ ဆီးမီးဖိုင်နယ်အဆင့်အထိ ရောက်ခဲ့ဖူးတယ်။ အခုတော့ အကောင်းဆုံးဇာတ်ကားဆုကို ရရှိခဲ့တာ ဖြစ်တယ်” ဟု ဒေါ်ခင်သန်းက ပြောသည်။
My Hidden City မှတ်တမ်းရုပ်ရှင်ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် အမေရိကန်နိုင်ငံသား ဒါရိုက်တာ Barry Pousman နှင့် မြန်မာနိုင်ငံသား ဒါရိုက်တာ ဝဏ္ဏကျော် တို့က ၆ ရက်ကြာ ရိုက်ကူးခဲ့ခြင်းဖြစ်သည်။ ဒေါက်တာစောမြအောင်ဖောင်ဒေးရှင်းနှင့် Mr Kimball Gallagher တို့က ဦးဆောင်ပံ့ပိုးထားပြီး ရုပ်ရှင်ထဲတွင် ကိုစောမင်းဖြူနှင့် မစောနန်းဣသျှင် တို့က အဓိက ပါဝင်သရုပ်ဆောင်ထားသည်။
မှတ်တမ်းရုပ်ရှင်ထဲတွင် ရခိုင်လူမျိုးတို့၏ ခေတ်အဆက်ဆက် ထုံးတမ်းအစဉ်အလာ၊ ဓလေ့စရိုက်နှင့် ရှေးဟောင်းမြောက်ဦးမြို့ရှိ ဘုရားစေတီပုထိုးများကို ရိုက်ကူးဖော်ပြထားပြီး၊ ရှေးဟောင်းမြောက်ဦးမြို့ ယူနက်စကို စာရင်းဝင်နိုင်စေရန်နှင့် တစ်ချိန်က ရခိုင်တို့၏ ခမ်းနားထည်ဝါခဲ့မှုကို ကမ္ဘာက သိရှိစေရန်အတွက် My Hidden City မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု ဒေါ်ခင်သန်းက ပြောသည်။
“ရခိုင်မှာရှိတဲ့ မြောက်ဦးအမွေအနှစ်တွေကို ထိန်းသိမ်းချင်တဲ့ဆန္ဒနဲ့ ရိုက်ကူးခဲ့တာဖြစ်တယ်။ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖို့အတွက် လုပ်နေဆဲကာလထဲမှာ အခုလိုရိုက်ကူးပြီး ကမ္ဘာကိုချပြလိုက်တာက အထောက်အကူတစ်ခုဖြစ်ဖို့အတွက် ကျမတို့ ရိုက်ကူးခဲ့ကြတာဖြစ်တယ်” ဟု ၎င်းက ပြောသည်။
အကောင်းဆုံးမှတ်တမ်းရုပ်ရှင်ဆု ရရှိထားသည့် My Hidden City ရုပ်ရှင်ကို ပြစ်သစ်၊ အမေရိကန်၊ အိုင်ယာလန်၊ အာဂျင်တီနား၊ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်တွင် ဘာသာစကား (၈) မျိုးဖြင့် ဘာသာပြန်ကာ ပြသထားပြီးဖြစ်ကြောင်း သိရသည်။
ရှေးဟောင်းမြောက်ဦးဒေသကို ကမ္ဘာ့ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် (UNESCO) စာရင်းဝင်နိုင်ရန်အတွက် အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင် ပြင်သစ်နိုင်ငံ ပါရီမြို့တွင် တင်သွင်းခဲ့သည်။
သက်ဆိုင်ရာပညာရှင်များက ၂၀၂၃ ခုနှစ် ဇွန်၊ ဇူလိုင်လတွင် ကွင်းဆင်းစစ်ဆေးမည်ဖြစ်ပြီး နှစ်လယ်ပိုင်းတွင် ကမ္ဘာ့အမွေအနှစ်ကော်မတီက UNESCO စာရင်းဝင်/မဝင် ဆုံးဖြတ်သွားမည်ဖြစ်သည်။
ပညာရှင်များလာရောက်စစ်ဆေးရန် အချိန် ၃ လကျော်သာ ကျန်ရှိတော့သော်လည်း လာရောက်စစ်ဆေးမည့်အချိန်ကို အတိအကျ မသိရှိရသေးကြောင်း မြောက်ဦး ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ သိရသည်။
#I006