ရခိုင်သမိုင်းအမွေအနှစ်များအား စစ်ကောင်စီဖျက်ဆီးခြင်းကို လက်တုံ့ပြန်သွားမည်ဟု AA ဆို

ရခိုင်လူမျိုးတို့၏ တန်ဖိုးမဖြတ်နိုင်သော သမိုင်းအမွေအနှစ်များနှင့် ယဉ်ကျေးမှုလက်ရာများကို ဖျက်ဆီးခြင်းအတွက် စစ်ကောင်စီကို ထိထိရောက်ရောက် လက်တုံ့ပြန်သွားမည်ဟု ရက္ခိုင့်တပ်တော်(AA)က ပြောဆိုလိုက်သည်။ 

By Admin 26 Dec 2023

စစ်ကောင်စီ လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် မြောက်ဦးရှေးဟောင်းပြတိုက်အား ဒီဇင်ဘာ ၂၅ ရက်တွင် တွေ့ ရစဉ်။
စစ်ကောင်စီ လက်နက်ကြီးကြောင့် ပျက်စီးသွားသည့် မြောက်ဦးရှေးဟောင်းပြတိုက်အား ဒီဇင်ဘာ ၂၅ ရက်တွင် တွေ့ ရစဉ်။

ဒီဇင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီ၏ စကခ (၉)လက်အောက်ခံ မြောက်ဦးအခြေစိုက် တပ်ရင်းများဖြစ်သည့် ခမရ(၅၄၀) (၃၇၇) (၃၇၈) နှင့် အမှတ် (၃၁) ရဲတပ်ရင်းမှ မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ ဘုန်းတော်ကြီးကျောင်းများနှင့် သာသနိကအဆောက်အအုံများကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း AA က ထုတ်ပြန်သည်။ 

ယင်းပစ်ခတ်မှုကြောင့် ရှေးဟောင်းယဉ်ကျေးမှုပြတိုက်မှ အမွေအနှစ်များနှင့် ကမ္ဘာ့အမွေအနှစ်အဖြစ် တင်သွင်းထားသည့် ရှေးဟောင်းသမိုင်းဝင် ယဉ်ကျေးမှုအမွေအနှစ်များ ပျက်စီးဆုံးရှုံးသွားခဲ့သည်။ 

“မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုကို သိပါလျက် ယခုကဲ့သို့ ယုတ်မာညစ်ပတ်စွာဖြင့် တိုက်ခိုက်ခြင်းဖြစ်တယ်” ဟု AA က ဆိုသည်။ 

ဒီဇင်ဘာလ ၂၅ ရက်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် မြောက်ဦးမြို့အနှံ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် နန်းတော်ရာကုန်းတွင်ရှိသည့် ရှေးဟောင်းယဉ်ကျေးမှုပြတိုက်သို့ ကျရောက်ပေါက်ကွဲသွားခဲ့ခြင်း ဖြစ်သည်။ 

“လက်နက်ကြီးက ပြတိုက်တည့်တည့်ကိုကျသွားတာ။ ကျောက်စာချပ်တွေ ထိခိုက်ပျက်စီးမှု များတယ်။ ဘယ်လောက်ထိပျက်စီးသွားလဲ ဆိုတာတော့ အတိအကျမသိနိုင်သေးဘူး” ဟု မြောက်ဦးမြို့ခံတစ်ဦးက ပြောသည်။  

မြောက်ဦးရှေးဟောင်းပြတိုက်သည် ဓညဝတီခေတ်၊ ဝေသာလီခေတ်၊ လေးမြို့ခေတ်၊ မြောက်ဦးခေတ် သမိုင်းအမွေအနှစ်ပစ္စည်းများ၊ ကျောက်စာချပ်များ၊ အနုပညာဗိသုကာ ကျောက်ဆစ်လက်ရာများ စသည့် ရခိုင်တို့၏ ရှေးဟောင်းအမွေအနှစ်များကို စုပြုံထိန်းသိမ်းထားရာ နေရာတစ်ခုလည်း ဖြစ်သည်။ 

မြောက်ဦးဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ဝင်ရေးအတွက် အဆိုပြုလွှာမှုကြမ်းကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာတွင် ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ UNESCO World Heritage Center သို့ တင်သွင်းခဲ့သည်။ အဆိုပြုလွှာမူချောကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင်တင်သွင်းနိုင်ခဲ့ပြီး လက်ရှိမှာ မြောက်ဦးဒေသ UNESCO ဝင်ရေး နောက်ဆုံးအဆင်သို့ ရောက်ရှိနေပြီဖြစ်သည်။ 

စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အမွေအနှစ်ရုပ်ဝတ္ထုများ ထိခိုက်ပျက်စီးသွားသဖြင့် ကမ္ဘာ့အမွေအနှစ်စာရင်း UNESCO ဝင်ရေးမှာ စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။

“စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကို ရမ်းသမ်းပစ်ခတ်နေတယ်။ ရခိုင်တို့ရဲ့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေကို ပျက်စီးအောင်လုပ်နေတာ” ဟု မြောက်ဦးမြို့ဒေသခံ နောက်တစ်ဦးက ပြောသည်။ 

စစ်ရေးပြင်းထန်နေသော ရခိုင်ဒေသတွင် စစ်ကောင်စီက စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားပြည်သူများ၏ အသက်အိုးအိမ်များအပြင် ဘုရားပုထိုးစေတီများ၊ သာသနိကအဆောက်အအုံများအပြင် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နေရာများကိုပါ ရှောင်ရှားခြင်းမရှိဘဲ ပစ်ခတ်ထားတိုက်ခိုက်လာနေသည်။

ဒီဇင်ဘာလ ၁၃ ရက်ကလည်း မြောက်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီက လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်နယ်မြေထဲမှ ဘုရားပုထိုးစေတီတချို့ ထိခိုက်ပျက်စီးခဲ့သည်။  
“စစ်ကောင်စီက စစ်ရေးအရ ဘယ်လိုမှအနိုင်မတိုက်နိုင်တော့ဘူး။ ဒါကြောင့် သူတို့မှာရှိတဲ့ လက်နက်တွေနဲ့ ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်မယ်။ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဆိုတာလည်း ဂရုမစိုက်တော့ဘူး။ သူတို့နိုင်ဖို့အတွက် ဘာမဆိုလုပ်မယ့် အခြေအနေဖြစ်နေတယ်” ဟု ရခိုင်နိုင်ငံရေးသမား ဦးအောင်သောင်းရွှေက ပြောသည်။

မြောက်ဦးမြို့တွင် ဒီဇင်ဘာလ ၂၄ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီက မြို့အနှံ့ လက်နက်ကြီး၊ ဒရုန်းများဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ၃ ဦးသေဆုံးဆုံးပြီး ၆ ဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့သည်။ တိုက်ပွဲဖြစ်ပွားမှုကြောင့် မြို့ပေါ်နေပြည်သူလူထုများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။ 

ဗီဒီယိုများ