ရခိုင်ဒေသသို့ ယစ်မျိုးကုန် တင်သွင်းခွင့် AA ပိတ်ပင်တာ ဘာကြောင့်လဲ 

တင်သွင်းပြီးဖြစ်သည့် လက်ကျန် အရက်၊ ဘီယာများကိုလည်း သုံးလအတွင်း အပြီးသတ် ရောင်းချရမည်ဖြစ်ပြီး အဆိုပါယစ်မျိုးကုန်များကို ထပ်မံတင်သွင်းပါက ထိရောက်စွာ အရေးယူသွားမည်ဟု AA ဆိုထားသည်။ 

By Admin 24 Sep 2024

ရခိုင်ဒေသသို့ ယစ်မျိုးကုန် တင်သွင်းခွင့် AA ပိတ်ပင်တာ ဘာကြောင့်လဲ 

DMG ၊ စက်တင်ဘာ ၂၄ 

ရခိုင်ပြည်သို့ ပြည်ပနှင့် ပြည်မဒေသထုတ် အရက်၊ ဘီယာ၊ ဝိုင် အပါအဝင် ယစ်မျိုးကုန်မှန်သမျှ တင်သွင်းခွင့်ကို စက်တင်ဘာ ၁၉ ရက်မှစ၍ ပိတ်ပင်လိုက်ကြောင်း အာရက္ခတပ်တော်(AA)က သက်ဆိုင်ရာ စစ်ဒေသအလိုက် အမိန့်ထုတ်ပြန်ထားသည်။ 

တင်သွင်းပြီးဖြစ်သည့် လက်ကျန် အရက်၊ ဘီယာများကိုလည်း သုံးလအတွင်း အပြီးသတ် ရောင်းချရမည်ဖြစ်ပြီး အဆိုပါယစ်မျိုးကုန်များကို ထပ်မံတင်သွင်းပါက ထိရောက်စွာ အရေးယူသွားမည်ဟု ဆိုထားသည်။ 

အရက်ဘီယာများ ရောင်းချနေသည့် မြောက်ဦးမြို့နယ်မှ ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီးတစ်ဦးက “တပ်တော်က အခုလို ပိတ်ပင်တားမြစ်တာကို လက်မခံနိုင်စရာတော့ မရှိပါဘူး။ အခုတင်ထားတာတွေကိုလည်း ရောင်းဖို့အချိန် သုံးလတောင်ရတာဆိုတော့ ဆိုင်သည်တွေဘက်ကလည်း မနစ်နာဘူးလေ” ဟု ပြောသည်။
 
ရခိုင်ဒေသသို့ ပြည်မဘက်မှ တင်သွင်းသည့် အရက်၊ ဘီယာများထဲတွင် စစ်ကောင်စီပိုင် ကုမ္ပဏီများမှ ထုတ်လုပ်သည့် ယစ်မျိုးကုန် အများအပြား ပါဝင်နေသည်။ 

ပြည်မ၊ ပြည်ပထုတ် အရက်၊ ဘီယာ တင်သွင်းခွင့်ကို ပိတ်ပင်လိုက်ခြင်းသည် ထွက်ငွေများကို လျော့ချရန်နှင့် တခြားဒေသကို အားမကိုးစေရန် လုပ်ဆောင်ခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ကြသည်။  

ရခိုင်က စီးပွားရေးသမားတစ်ဦးက “အရက်၊ ဘီယာ ဆိုတာက ရောင်းမစွန်လို့ လွှင့်ပစ်ရတာ မရှိသလောက်ပဲ။ အခု ဈေးတအားကြီးနေတာတောင် သောက်နေကြတာပဲ။ အဲငွေတွေက ရခိုင်ပြည်အပြင်ဘက်ကို ရောက်သွားတာလေ။ အဲဒါကြောင့် ထွက်ငွေလျော့ချတာ ဖြစ်မယ်” ဟု ပြောသည်။ 

အဆိုပါကိစ္စနှင့်ပတ်သက်၍ အသေးစိတ်သိရှိနိုင်ရန် AA ပြောခွင့်ရသူ ဦးခိုင်သုခကို DMG က ဆက်သွယ် မေးမြန်းထားဆဲဖြစ်သည်။ 

လက်ရှိတွင် ပြည်မဘက်မှ တင်သွင်းထားသည့် အရက်၊ ဘီယာများထဲမှ ANDAMAN တစ်ဗူးလျှင် ငွေကျပ် ၁၀,၀၀၀ ကျော်၊ Grand Royal တစ်ပုလင်းလျှင် ငွေကျပ် ၃၀,၀၀၀ ကျပ်အထိ ဈေးမြင့်တက်နေသည်။ 

AA အနေဖြင့် ပြည်မ၊ ပြည်ပထုတ် အရက်၊ ဘီယာများကို တင်သွင်းရောင်းချခွင့် ပိတ်ပင်လိုက်ခြင်းမှာ ကောင်းမွန်ပြီး ဒေသတွင်းထုတ်လုပ်သည့် အရက်များကိုလည်း ကြပ်မတ်ပေးရန် လိုအပ်ကြောင်း ပြောဆိုမှုများ ရှိနေသည်။ 

 “စက်ရုံထုတ်အရက်တွေ ပိတ်လိုက်တာက ကောင်းပါတယ်။ ဒါပေမယ့် အဲဒီအရက်တွေ မရှိရင် ဒေသထွက်အရက်တွေကို သောက်ကြမှာပဲ။ အခုဆို ဒေသထွက် တောအရက် (ဆန်အရက်) ကလည်း ဆေးတွေ၊ မစပ်သင့်တာတွေနဲ့ ရောစပ်ပြီး ရောင်းနေကြတော့ ကျန်းမာရေးအရ အများကြီးထိခိုက်မှု ရှိနိုင်တယ်” ဟု ရခိုင်ဒေသခံတစ်ဦးက ပြောသည်။