- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
- ALP က စစ်သင်တန်းပေးထားသူများကို စစ်ကောင်စီ တပ်ရင်းများသို့ ပို့နေ
- စစ်တွေတွင် လက်နက်ကြီး တိုက်ပွဲပြင်းထန်
- AA ကို သတင်းပေးသည်ဟုဆိုကာ ဧရာဝတီရောက် ရခိုင်စစ်ရှောင် ၂၀ ဦးကို စစ်ကောင်စီ ဖမ်းဆီး
ရန်ကုန်တွင် တစ်လအတွင်း ဒေသခံ ၂၀၀ ကျော်ကို စစ်သားစုဆောင်းရန် စစ်ကောင်စီ ဖမ်းဆီးခဲ့
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန်တွင် ဒေသခံ ၂၃၃ ဦးကို စစ်သားစုဆောင်းရန် စစ်ကောင်စီက ကနဦး ဖမ်းဆီးခဲ့ကြောင်း Rangoon Scout Network (RSN) ၏ မတ်လ ၅ ရက်နေ့ထုတ် အစီရင်ခံစာတွင် ထုတ်ပြန်သည်။
06 Mar 2025

DMG ၊ မတ် ၆
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ရန်ကုန်တွင် ဒေသခံ ၂၃၃ ဦးကို စစ်သားစုဆောင်းရန် စစ်ကောင်စီက ကနဦး ဖမ်းဆီးခဲ့ကြောင်း Rangoon Scout Network (RSN) ၏ မတ်လ ၅ ရက်နေ့ထုတ် အစီရင်ခံစာတွင် ထုတ်ပြန်သည်။
ကနဦး ဒေသခံ ၂၃၃ ဦးကို ဖမ်းဆီးခဲ့ပြီး ယင်းအထဲ ၅၄ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်း RSN က ထုတ်ပြန်ထားသည်။
လမ်းမပေါ်၌ သွားလာနေသူ ၁၀၆ ဦးကို လိုက်ဆွဲကာ ဖမ်းဆီးသွားခြင်းဖြစ်ပြီး ဧည့်စာရင်း စစ်ကာ ဖမ်းဆီးခေါ်ဆောင်ခံရသူ ၆၃ ဦးရှိကြောင်း RSN က ဖော်ပြသည်။
ထို့အတူ စစ်ရေးလှုပ်ရှားသူနှင့် သပိတ်လှုပ်ရှားသူများဟု စွပ်စွဲ၍ ဖမ်းဆီးခံရသူ လူငယ် ၃ ဦး ပါဝင်ကာ အဆိုတော် လင်းလင်း၏ "ရောင်နီ" သီချင်းအား လမ်းဘေးတွင် တီးခတ်နေခြင်းကို အားပေးအားမြောက်လုပ်၍ ဟုဆိုကာ ဖမ်းဆီးခံရသူ ၅ ဦး ပါဝင်ကြောင်း သိရသည်။
အဆိုပါ အချက်အလက်များမှာ RSN သို့ ပေးပို့လာသည့် သတင်းများ၊ ချိတ်ဆက်အဖွဲ့အစည်းများထံမှ သိရှိရသည့် သတင်းများနှင့် မီဒီယာသတင်းများကို ကိုးကား၍ ပြုစုတွက်ချက်ထားခြင်းဖြစ်ပြီး လက်တွေ့မြေပြင်တွင် ယခုထက် ပို၍ဆိုးရွားနေကြောင်း RSN က ဆိုသည်။
စစ်ကောင်စီသည် ဖေဖော်ဝါရီလအတွင်း ရန်ကုန်တိုင်း၌ ပြည်သူများကို နေ့၊ည အချိန်မရွေး ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း ရန်ကုန်မြို့ခံများ ပြောပြချက်အရ သိရသည်။
ဖေဖော်ဝါရီလ ၁၇ ရက်နေ့က စစ်မှုထမ်းသင်တန်း အမှတ်စဉ် (၁၀) စတင်ခဲ့ပြီးနောက် အဓမ္မစစ်သားစု ဆောင်းထားသူ ၅၀၀ ကျော်ကို ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်နှင့် လှည်းကူးမြို့နယ်ရှိ စစ်သင်တန်းကျောင်းများသို့ ပို့ဆောင်ခဲ့ကြောင်း RSN ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
လက်ရှိတွင် စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များထံ စစ်ရေးအရ ရှုံးနိမ့်နေပြီး တိုင်းနှင့်ပြည်နယ် အများအပြားမှ ပြည်သူများအား ဖမ်းဆီးကာ အဓမ္မစစ်မှုထမ်းစေခိုင်းနေ၍ မလုံခြုံမှုများနှင့် ကြုံတွေ့ နေရသည်ဟု ပြောဆိုကြသည်။