- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း မီလောင်မှု လူ ၂ ဦးသေဆုံး၊ ၁၉ ဦး ဒဏ်ရာရ
မီးလောင်မှုအတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများကို စခန်းရှိဆေးခန်းတွင် ကုသနေကြောင်း ဒုက္ခသည်များက ပြောသည်။
25 Dec 2024

DMG ၊ ဒီဇင်ဘာ ၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကုတုပါလောင် မွတ်ဆလင်ဒုက္ခသည်စခန်းတွင် ယမန်နေ့ (ဒီဇင်ဘာ ၂၄) မွန်းတည့်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဒုက္ခသည် ၂ ဦး၊ သေဆုံးကာ ၁၉ ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်၊ ဘာသာရေးအဆောက်အအုံနှင့် ဆေးခန်း အားလုံးစုစုပေါင်း ၆၆၀ ခန့် ပျက်စီးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အတွင်း အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၆၄ နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူများကို စခန်းရှိဆေးခန်းတွင် ကုသနေကြောင်း ဒုက္ခသည်များက ပြောသည်။
“မီးက ရုံးတစ်ခုကနေ ဝါယာကြိုး ရှော့ဖြစ်ပြီးတော့ မီးလောင်သွားတာ။ စခန်းက ဗလီတွေရော၊ နေအိမ်အကုန်လုံး ၆၀၀ ကျော် မီးထဲမှာပါသွားတယ်။ ၂ ဦးသေတယ်။ ဒဏ်ရာရသူတွေထဲမှာ ဒဏ်ရာများတဲ့ သူတွေလည်းပါတယ် ” ဟု ဒုက္ခသည် အမျိုးသားတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်မှုမှာ မတော်တဆမီးလောင်ကျွမ်းခြင်းဖြစ်ပြီး ဒုက္ခသည်များနှင့်အတူ ဘင်္ဂဒေ့ရှ်အစိုးရ မီးသတ်ဌာနမှ ကား(၂) စီးဖြင့် လာရောက်မီးသတ်မှုကြောင့် မွန်းလွှဲ ၂ နာရီခန့်တွင် မီးငြိမ်းသွားကြောင်း သိရသည်။
လက်ရှိတွင် မီးဘေးသင့်ဒုက္ခသည်များမှာ စားဝတ်နေရေးနှင့် နေထိုင်ရေးများ အရေးပေါ်လိုအပ်နေကြောင်း ကူတုပါလောင်ဒုက္ခသည်စခန်းမှ မွတ်ဆလင်အမျိုးသမီးတစ်ဦးက ပြောသည်။
“အခုဆိုရင် သူတို့ နေထိုင်ဖို့အတွက် အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ် လိုအပ်နေတယ်။ အခုကတော့ မီးမလောင်သွားတဲ့ နေအိမ်တွေမှာ နေနေရတယ် ” ဟု ပြောသည်။
အဆိုပါ မွတ်ဆလင်ဒုက္ခသည်များမှာ ၂၀၁၇ မောင်တောဒေသ အရေးအခင်းတွင် မြန်မာစစ်တပ်က နယ်မြေရှင်း လင်း မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ထွက်ပြေးခိုလှုံနေသူများဖြစ်သည်။