ငလျင်ဘေး တစ်လပြည့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး ဘယ်ခရီးရောက်နေပြီလဲ

လက်ရှိ ငလျင်လှုပ်ခတ်မှု တစ်လ ပြည့်မြောက်ပြီဖြစ်သော်လည်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ မပြီးပြတ်သေးခြင်းကြောင့် ဒုက္ခများနှင့် ကြုံနေရဆဲကြောင်း ငလျင်ဒဏ်သင့်ပြည်သူများထံမှ သိရသည်။

By Admin 28 Apr 2025

ငလျင်ဘေး တစ်လပြည့် ကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေး ဘယ်ခရီးရောက်နေပြီလဲ

DMG ၊ ဧပြီ ၂၈ 

မတ်လ ၂၈ ရက်က စစ်ကိုင်းတိုင်း ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အား ၇ ဒသမ ၇ မဂ္ဂနီကျူရှိ ငလျင်လှုတ်ခတ်ခဲ့သည်မှာ ယနေ့ (ဧပြီ ၂၈) တွင် တစ်လ ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

ငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေး၊ မကွေး၊ နေပြည်တော်အပါအဝင် နေရာအများအပြား ထိခိုက်ပျက်စီးမှုများပြားခဲ့ပြီး သေဆုံးသူ ၃,၇၆၉ ဦး ၊ ဒဏ်ရာရရှိသူ ၅,၁၀၇ ဦး ၊ ပျောက်ဆုံးသူ ၁၁၀ ရှိကြောင်း စစ်ကောင်စီ၏ ဧပြီ ၂၆ ရက် စာရင်းအရ သိရသည်။

လက်ရှိ ငလျင်လှုပ်ခတ်မှု တစ်လ ပြည့်မြောက်ပြီဖြစ်သော်လည်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများ မပြီးပြတ်သေးခြင်းကြောင့် ဒုက္ခများနှင့် ကြုံနေရဆဲကြောင်း ငလျင်ဒဏ်သင့်ပြည်သူများထံမှ သိရသည်။

“တိုက်ပြိုကျတဲ့ နေရာတွေမှာက ကယ်ဆယ်ရေးလုပ်လို့တောင် မပြီးနိုင်သေးဘူး။ လူတွေ ပိနေတာလည်း ရှိဦး မယ်။ အလောင်းတွေလည်း အကုန်လုံး ယူလို့ရသေးတာ မဟုတ်ဘူး။ အိမ်မရှိတော့တဲ့ လူတွေဆီလည်း ကယ်ဆယ်ရေးက ရောက်တာရောက် မရောက်တာမရောက်နဲ့ အတော်ဒုက္ခများနေကြတာ တချို့ ပြိုကျ လုနီးပါးဟာတွေတော့ ဖြိုချဖို့လုပ်နေကြတယ်” ဟု မန္တလေးမြို့ခံ အမျိုးသားတစ်ဦးက ဆိုသည်။

လက်ရှိ ပြိုလုနီးပါး အဆောက်အဦးများကို ဖြိုချရမည့် ဒေသခံများမှာ ဖြိုချစရိတ်အတွက်လည်း ငွေကြေးအမြောက်အများ လိုအပ်နေသေးကြောင်း သိရသည်။

ငလျင်ကြောင့် ပျက်စီးသွားသည့် အဆောက်အဦးများ အသစ်ပြန်လည် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြေစမ်းသပ်မှု (Soil Test) များ ဆောင်ရွက်ပြီးမှသာ တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဒု-စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဧပြီ ၂၅ ရက်တွင် ကျင်းပသည့် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးတွင် ပြောကြားခဲ့သည်။

၎င်းအပြင် ငလျင်ဘေးဒဏ်သင့်ဒေသများတွင် အရေးပေါ်ထောက်ပံ့ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရန်နှင့် နိုင်ငံတကာ အကူအညီများအား လိုအပ်သည့်နေရာများကို အမြန်ဆုံးဖြန့်ဝေပေးရန် မှာကြားထားကြောင်း ဒု-စစ်ခေါင်းဆောင်က ဆိုထားသည်။

သို့သော် မြေပြင်တွင် စစ်ကောင်စီ၏ လုပ်ရပ်များနှင့်ပတ်သတ်၍ ဝေဖန်မှုများရှိနေပြီး အားရကျေနပ်မှုမရှိကြောင်း နိုင်ငံတကာအဖွဲ့အစည်းတွင် အလုပ်လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ ဒီလိုဘေးအန္တရာယ်ကြီးကြပ်မှုတွေမှာ အစိုးရ (လက်ရှိ) ရှိနေတဲ့ အာဏာအရ တာဝန်ယူမှုနဲ့ တုန့်ပြန်မှုတွေက ပြည်သူတွေရဲ့အသက်အိုးအိမ်တွေကို ဘယ်လိုမှတန်ဖိုးမထားကြောင်း လက်ခံလို့ရပါတယ်။ တစ်ဖက်မှာလည်း စကစက ဗုံးကြဲတာကိုဆက်တိုက်လုပ်ဆောင်ခဲ့တယ်လေ။ ဒါ့အပြင် လူမှုအဖွဲ့အစည်းတွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေရဲ့ အကူအညီကို ခွင့်မပြုခြင်း သို့မဟုတ် တားမြစ်ခြင်းတွေကလည်း အရေးပေါ်ကူညီရေးကို ထိခိုက်စေပါတယ်။ အားရကျေနပ်စရာရှိလားဆိုရင် မရှိပါဘူး” ဟု နိုင်ငံတကာအဖွဲ့အစည်းတစ်မှ ငလျင်ကူညီကယ်ဆယ် ရေးလုပ်ငန်းများတွင် ပါဝင်နေသူတစ်ဦးက ပြောသည်။

နေအိမ်များပျက်စီးပြီး ပြန်လည်ထူထောင်ရေး မစတင်နိုင်သည့် ပြည်သူများအတွက် စီစဉ်ဆောင်ရွက်ခြင်းမရှိဘဲ စစ်ကောင်စီ ဝန်ထမ်းများနေထိုင်ရန်အတွက် အမြဲတမ်းအိမ်ရာများ ဆောက်လုပ်နေဆဲကာလဖြစ်ခြင်းကြောင့် ယာယီနေထိုင်ရန် နေရာများစီစဉ်ထားကြောင်းလည်း ဒု - စစ်ခေါင်းဆောင်က ပြောကြားထားသည်။

လက်ရှိ စစ်ကောင်စီဘက်မှ မန္တလေးတိုင်းအတွင်း ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေပြီး စစ်ကိုင်းတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်တို့တွင် ဆောင်ရွက်ပြီးဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ငလျင်ဘေးကြောင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို စစ်ကောင်စီ ကန့်သတ်ခြင်း၊ အင်တာနက်လိုင်းများ ဖြတ်တောက်ထားခြင်းကြောင့် စစ်ကိုင်းတိုင်းအတွင် ထိခိုက်သေဆုံးမှု များပြားခဲ့ခြင်းဖြစ်ကြောင်း ငလျင်ဘေး ကူညီကယ်ဆယ်ရေး ပြုလုပ်နေသူတစ်ဦးက ပြောသည်။

“စစ်ကိုင်းက ပြည်သူတွေ သေတာလည်း အဓိက တရားခံ စစ်ကောင်စီကြောင့်ပဲ လို့ထင်တယ်။ ကူညီကယ်ဆယ် ရေးတွေ မရောက်တာက တစ်ပိုင်း၊ နောက်တစ်ခုက အင်တာနက်ဖြတ်တောက်ခံထားရလို့၊ လူမသိကြဘူးပေါ့။ ပထမဆုံးဖြစ်တဲ့ ရက်ပိုင်းတွေမှာ စစ်ကိုင်းမှာ လူတွေ အများကြီး သေတယ်ဆိုတာကို လူတွေ မသိကြဘူး။ အဓိက က‌တော့ စစ်ကောင်စီက ဖြတ်ထားလို့ အင်တာနက် အခက်ခဲကြောင့်လို့ပဲဖြစ်တယ်” ဟု ငလျင်ဘေး ကူညီကယ်ဆယ်ရေးပြုလုပ်နေသူ တစ်ဦးက ဆိုသည်။

ငလျင်ဘေးအတွက် နိုင်ငံတကာအကူအညီအနေဖြင့် နိုင်ငံပေါင်း ၂၆ နိုင်ငံမှ လေယာဉ်ပေါင်း ၁၄၇ စီး၊ သင်္ဘော ၇ စီး၊ မော်တော်ယာဉ် ၂၃ စီးတို့ဖြင့် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့ဝင်ပေါင်း ၂,၀၉၅ ဦး ရောက်ရှိခဲ့ပြီး ထောက်ပံ့ရေးပစ္စည်း တန်ချိန် ၂,၆၃၅ ဒသမ ၉၂ တန်နှင့် ကယ်ဆယ်ရေး ပစ္စည်းတန်ချိန် ၁,၁၉၇ ဒသမ ၁၂ တန်၊ စုစုပေါင်းတန်ချိန် ၃,၈၃၃ ဒသမ ၈၄ တန် ကူညီခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

ကျန်းမာရေး စောင့်ရှာက်မှုများအတွက်လည်း နိုင်ငံပေါင်း ၆ နိုင်ငံမှ ဆေးကုသရေးအဖွဲ့ဝင်အင်အား ၃၃၇ ဦးဖြင့် စစ်ကိုင်း၊ မန္တလေးနှင့် နေပြည်တော်တို့တွင် နိုင်ငံအလိုက် အဖွဲ့များခွဲ၍ ကျန်းမာရေးဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများနှင့် ပူးပေါင်း၍ ဆေးကုသမှုလုပ်ငန်းများကို ဆောင်ရွက်နေကြောင်းလည်း စစ်ကောင်စီက ဆိုသည်။

နိုင်ငံတကာနှင့် ပြည်တွင်း အလှူရှင်များမှ ကျပ်ငွေ ၁၁၆ ဘီလီယံ နီးပါး၊ အမေရိကန် ဒေါ်လာ ၂ ဒသမ ၄၃၇ သန်း၊ ကိုးရီးယားဝမ် ၅ သန်း၊ အိန္ဒိယရူပီး ၁၅ သန်း၊ ထိုင်းဘတ် ၂ သန်း နှင့် စင်ကာပူဒေါ်လာ ၃ ထောင် ကျော်ရရှိခဲ့ပြီး ပြည်လည်ထူထောင်ရေးအတွက် အသုံးပြုနေကြောင်း စစ်ကောင်စီက ထုတ်ပြောထားသည်။

ငလျင်ကြောင့် တိုင်းနှင့်ပြည်နယ် ၁၀ ခုတွင် လူနေအိမ် ၆ သောင်းကျော်၊ စာသင်ကျောင်း ၆,၇၅၂ ကျောင်း၊ ဘာသာရေး အဆောက်အအုံနှင့် စေတီပုထိုး ၁ သောင်းကျော်၊ ဆေးရုံ/ဆေးခန်း ၅၇၆ လုံး အပါအဝင် လမ်း၊ ဆည်၊ တံတား တို့ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဧပြီ ၂၄ ရက် စစ်ကောင်စီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိ ကယ်ဆယ်ရေးစခန်းတွင် ပြောင်းရွှေ့နေထိုင်သူ ၄၈,၆၅၆ ဦးနှင့် ကိုယ့်အစီစဉ်နှင့် ပြောင်းရွေ့ နေထိုင်သူ ၁၅၉,၂၃၉ ဦး၊ ငလျင်ဘေးသင့်နေအိမ်တို့တွင် ဆက်လက် နေထိုင်သူ ၄၂၁,၃၁၁ ဦးရှိကြောင်း စစ်ကောင်စီက ထုတ်ပြန်သည်။

ငလျင်ကြီးလှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်အဖြစ် ဧပြီ ၂၃ ရက် အထိ ၁၅၅ ကြိမ်လှုပ်ခတ်ခဲ့ပြီး ဧပြီ ၂၇ ရက် ယမန်နေ့ အထိ လှုပ်ခတ်မှုများရှိခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများအတွက် အများဆုံး အချိန် ၁၀ နှစ် အထိ နိုင်ငံအရင်းအမြစ်များအပေါ်မှုတည်ပြီး ကဏ္ဍခွဲခြားဆောင်ရွက်သွာမည်ဖြစ်ကြောင်း ဒု - စစ်ခေါင်းဆောင်က ပြောဆိုထားသည်။