- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ကိုဂန်ဘာရီအမှုတွင် ကျန်ရှိနေသည့် လိုပြသက်သေမရောက်၍ အမှုကြန့်ကြာနေ
ကိုဂန်ဘာရီကို အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်ဆက်နွယ်ပြီး ငွေကြေးချိတ်ဆက်မှုရှိသည်ဟုဆိုကာ စစ်ကောင်စီက အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။
30 Oct 2024
.jpg)
DMG ၊ အောက်တိုဘာ ၃၀
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)ဖြင့် တရားစွဲဆိုခံထားရသော ရခိုင်အမျိုးသားပါတီ (ANP) မှ လူငယ်ခေါင်းဆောင်ဟောင်း ကိုဂန်ဘာရီ (ခ) ကိုခင်ဝင်းမောင်အမှုတွင် ကျန်ရှိနေသေးသည့် လိုပြသက်သေ တစ်ဦးမရောက်ရှိ၍ အမှုကြန့်ကြာနေကြောင်း သိရသည်။
ယမန်နေ့ အောက်တိုဘာ ၂၉ ရက်က ရန်ကုန်တိုင်း၊ မရမ်းကုန်းခရိုင်တရားရုံးတွင် ရုံးထုတ်ခဲ့သော်လည်း အဆိုပါ သက်သေမရောက်၍ လာမည့် နိုဝင်ဘာ ၆ ရက်ကို ထပ်မံရုံးချိန်းလိုက်သည်။
"သက်သေ ၇ ဦးမှာ ၆ ဦးကို စစ်ဆေးပြီးပြီ။ တစ်ဦးပဲကျန်တော့တယ်။ အဲဒီတစ်ဦးကလည်း ရုံးချိန်းမရောက်တာ သုံးကြိမ်တောင်ရှိပြီ။ သူမရောက်တော့ အမှုကိုက ဆက်သွားလို့မရဖြစ်နေတယ်" ဟု နီးစပ်သူတစ်ဦးက ပြောသည်။
ကိုဂန်ဘာရီမှာ လှိုင်မြို့နယ်ရှိ နေအိမ်၌ရှိနေစဉ် ပြီးခဲ့သည့် မေလအတွင်း စစ်ကောင်စီက လာရောက်ဖမ်းဆီးသွားပြီးနောက် အဖွဲ့အစည်းတစ်ခုနှင့် ပတ်သက်ဆက်နွယ်ပြီး ငွေကြေးချိတ်ဆက်မှုရှိသည်ဟုဆိုကာ အကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ရခိုင်ပြည်၊ ပေါက်တောမြို့နယ် ဇာတိဖြစ်သူ ကိုဂန်ဘာရီမှာ ရခိုင်အမျိုးသားပါတီ၊ ဗဟိုကော်မတီဝင် Youth Wing ခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်ပြီး စစ်ဘေးရှောင်အရေးတွင် ကူညီရေးလုပ်ငန်းများ လုပ်ဆောင်နေသူဖြစ်သည်။
အာဏာသိမ်းပြီးအချိန်မှစ၍ နိုင်ငံတစ်ဝန်းတွင် စစ်ကောင်စီက ပြည်သူများအပေါ် အကြောင်းပြချက်အမျိုးမျိုးဖြင့် ဖမ်းဆီးထောင်ဒဏ်ချမှတ်နေသဖြင့် လုံခြုံမှုကင်းမဲ့နေကြရသည်။
ယခုနောက်ပိုင်း ရန်ကုန်ရောက် ရခိုင်လူငယ်များအပြင် ရခိုင်တေးသံရှင်များကိုပါ ဖမ်းဆီးမှုများလုပ်ဆောင်နေပြီး အောက်တိုဘာ ၇ ရက်တွင် ရခိုင်တေးသံရှင် ဆုမြတ်ထက်ကို စစ်တပ်ကဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုဖြင့် အရေးယူထားသည်။
"စစ်တပ်က လူငယ်တွေ၊ လူမှုရေးတက်ကြွလှုပ်ရှားသူတွေ၊ နိုင်ငံရေးနဲ့ဆက်နွယ်သူတွေကို အဓိကပစ်မှတ်ထား ဖမ်းဆီးတယ်။ စစ်ရှုံးစစ်ကောင်စီက အားလုံးကို သံသယမျက်လုံးတွေနဲ့ကြည့်ပြီး ရူးကြောင်ကြောင်လုပ်နေတယ်လို့ ပြောချင်တယ်" ဟု လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။
AAPP ၏ အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းချိန်မှစ၍ နိုင်ငံတစ်ဝန်းဖမ်းဆီးခံရသူ စုစုပေါင်း (၂၇,၅၉၂) ဦးရှိပြီး ယင်းထဲမှ (၂၁,၀၄၈) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံထားရသူများအနက် (၉,၄၈၁) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။