- ထရမ့်-မိုဒီ ရင်းနှီးချစ်ကြည် ဆက်ဆံရေးကို လေ့လာဆန်းစစ်ခြင်း
- တောင်ကုတ် စကခ ၅ အနီး မိုင်းနင်းမိ၍ ဒေသခံတစ်ဦး ခြေတစ်ဖက်ပြတ်
- ထောက်ခံစာအခက်အခဲကြောင့် မြန်မာအလုပ်သမားများ နယ်စပ်ဖြတ်ကျော်ခွင့် အခက်ကြုံ
- စစ်ကောင်စီ ခံစစ်ပြင်ရန် နှင်ထုတ်ခံရသည့် စစ်တွေဒေသခံများ အခက်အခဲများစွာ ကြုံနေကြ
- သွင်းအားစုစရိတ် မတတ်နိုင်၍ ယခုနှစ် ရခိုင်တွင် နွေစပါး မစိုက်နိုင်
ဗုံးကြဲခံရ၍ နေအိမ်မီးလောင်သွားသည့် ကျောက်နီမော်ရွာသားများ ပြန်လည်ထူထောင်ရန် ခက်ခဲနေ
ဗုံးကြဲခံရမှုကြောင့် ကျောက်နီမော်ကျေးရွာသားများမှာ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် ပြန်လည်တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများရှိနေကြသည်။
18 Jan 2025

DMG ၊ ဇန်နဝါရီ ၁၈
ရခိုင်ပြည်၊ ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ကျေးရွာတွင် လေကြောင်းဗုံးကြဲခံရမှုကြောင့် နေအိမ်များမီးလောင် ပျက်စီးသွားသည့်ဒေသခံများမှာ ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေကြောင်း သိရသည်။
မီးလောင်မှုကြောင့် နေအိမ်ဆုံးရှုံးသွားသူများမှာ ဆွေမျိုးနေအိမ်နှင့် အခြားနေရာများတွင် စုပေါင်းနေထိုင်နေကြရပြီး စားနပ်ရိက္ခာနှင့် အမိုးအကာများလည်း လိုအပ်နေကြောင်း ပြောဆိုကြသည်။
“နေစရာအိမ်လဲ မရှိတော့ဘူး။ ပြန်ဆောက်ဖို့ဆိုတာလဲ ဒီကာလအခြေအနေနဲ့ ဘယ်လိုမှမတတ်နိုင်ပါဘူး။ တပ်တော် (AA)က ထောက်ပံ့နေတာရှိပေမယ့် ကျနော်တို့မှာ စားဝတ်နေရေးအတွက် အကူအညီတွေ အများကြီး လိုအပ်နေပါတယ်” ဟု နေအိမ် မီးလောင်ပျက်စီးသွားသည့် ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၈ ရက်က ကျောက်နီမော်ကျေးရွာကို စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂၆ ဦး သေဆုံးပြီး ၂၇ ဦးဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၄၀၀ နီးပါး မီးလောင်ပျက်စီးခဲ့သည်။
ဗုံးကြဲခံရမှုကြောင့် ကျောက်နီမော်ကျေးရွာသားများမှာ ရုပ်ပိုင်းဆိုင်ရာအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအပြင် ပြန်လည်တည်ဆောက်ရေးအတွက် စိန်ခေါ်မှုများရှိနေကြသည်။
“နီးစပ်ရာ အိမ်တွေမှာ နေကြတာလည်းရှိပေမယ့် လူစုတာတွေများရင်လည်း လေကြောင်းကို စိုးရိမ်ကြတော့ နေရတာနည်းနည်းအဆင်မပြေဘူး။ အနားက ရွာခံတွေကတော့ ထမင်းထုပ်တို့ဘာတို့ ပေးကြတာရှိတယ်။ ရေရှည်အတွက်ကတော့ အိမ်ဆောက်ဖို့လည်း အဆင်မပြေနိုင်သေးတော့ အခက်အခဲများပါတယ်” ဟု နောက်ထပ် နေအိမ်မီးလောင်ပျက်စီးသွားသူ ကျောက်နီမော်ကျေးရွာသားတစ်ဦးက ပြောသည်။
လက်ရှိတွင် ကျောက်နီမော်ကျေးရွာသားများကို စိတ်ပိုင်းဆိုင်ရာ ကုစားမှုအပြင် ရုပ်ပိုင်းဆိုင်ရာ ကူညီ ထောက်ပံ့မှုများပေးရန်လိုအပ်ကြောင်း နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ရက်မှ ဦးဆောင် ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
“ဒီဖြစ်ရပ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေအတွက်က မူလနေရာမှာပဲ ဖယ်ရှားရှင်းလင်းစရာ ရှိတာတွေကို ရှင်းလင်းပြီးတော့ အမြန်ဆုံးပြန်လည်ထူထောင်ရေးလုပ်ပေးဖို့လိုတယ်။ ဒါ့အပြင် အာရက္ခတပ်တော်အနေနဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကိုလည်း ကူညီကုစားပေးဖို့လိုသလို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်သူတွေအတွက်လည်း လူးသားချင်းစာနာ ထောက်ထားမှုအကူအညီတွေ ပေးဖို့ လိုပါတယ်” ဟု ၎င်းက ဆိုသည်။
ဗုံးကြဲခံရမှုကြောင့် ဒဏ်ရာရရှိသွားသည့် ကျောက်နီမော်ဒေသခံများကို ULA/AA နှင့် ဒေသတွင်း အရပ်ဖက်အဖွဲ့အစည်းများက ဆေးဝါးကုသမှုအပြင် မီးလောင်မှုကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသည့် ဒေသခံများကို အရေးပေါ်စားနပ်ရိက္ခာများ ထောက်ပံ့ပေးထားကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၁၄ ရက်က ကျောက်နီမော်ကျေးရွာမှ နေအိမ်မီးလောင်ဆုံးရှုံးသွားသည့် အိမ်ထောင်စု (၃၇၉)စုမှ လူဦးရေ ၁,၆၈၂ ဦးအား အရေးပေါ်ဆန်ရိက္ခာများ ကူညီထောက်ပံ့ပေးခဲ့ကြောင်း အာရက္ခတပ်တော်၏ လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး (HDCO)က ထုတ်ပြန်ခဲ့သည်။
ရခိုင်ဒေသတွင် ယခုနှစ် ဇန်နဝါရီလ အစောပိုင်းမှစ၍ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများကြောင့် ကလေးငယ်အပါအဝင် အရပ်သားထိခိုက်သေဆုံးသူ ၉၄ ဦးအပြင် မီးလောင်ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံရာနှင့်ချီ ရှိလာနေသည်။