KIA ဖမ်းထားသည့် သတင်းထောက် ၂ ဦးကို ပြန်လွှတ်ပေးရန် မီဒီယာအသိုင်းဝိုင်း တောင်းဆို

"သတင်းမီဒီယာ အလုပ်ဟာ ပြစ်မှုကျူးလွန်တာ၊ ရာဇဝတ်မှု ကျူးလွန်နေတာ မဟုတ်ဘူး။ အမှန်တရားကို ဖော်ပြနေတာပဲဖြစ်တယ်။ ဒီကာလမှာ အခုလို သတင်းသမားတွေကို ဖမ်းဆီးချုပ်နှောင်တာတွေ လုပ်နေတာကတော့ စစ်ကောင်စီနဲ့ ဘာမှ ထူးခြားတာမရှိဘူး” ဟု ရခိုင်မှ သတင်းထောက်တစ်ဦးက‌ ပြောသည်။ 

By Admin 23 Oct 2024

KIA ဖမ်းဆီးထားသည့် သတင်းထောက် တာလင်းမောင် (လက်ဝဲ)နှင့် နောင်ရိုး (လက်ယာ)။ ဓာတ်ပုံ - CPJ
KIA ဖမ်းဆီးထားသည့် သတင်းထောက် တာလင်းမောင် (လက်ဝဲ)နှင့် နောင်ရိုး (လက်ယာ)။ ဓာတ်ပုံ - CPJ

DMG ၊ အောက်တိုဘာ ၂၃ 

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ဖမ်းဆီးထားသည့် ဖားကန့်အခြေစိုက် သတင်းသမား ၂ ဦးအား ပြန်လည်လွှတ်ပေးရန် သတင်းမီဒီယာအသိုင်းဝိုင်းက တောင်းဆိုလိုက်သည်။

ယနေ့ အောက်တိုဘာ ၂၃ ရက်တွင် လွတ်လပ်သော မြန်မာသတင်းစာဆရာများအစည်းအရုံး (IMJA)နှင့် Red News Agency သတင်းဌာနအပါဝင် အခြားသတင်းမီဒီယာသမားများက တောင်းဆိုနေကြခြင်းဖြစ်သည်။

သတင်းထောက် ၂ ဦးမှာ ကချင်ပြည်နယ်၊ ဖားကန့်အခြေစိုက် သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်း သတင်းထောက် ကိုနောင်ရိုးတို့ဖြစ်ကြပြီး ၎င်းတို့နှင့် အဆက်အသွယ်မရရှိ၍ အထူးစိုးရိမ်နေသည်ဟု IMJA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။ 

“ ဖမ်းဆီးပြီးနောက် KIA အနေဖြင့် သတင်းထောက် (၂) ဦးကို မည်သည့်နေရာတွင် ဖမ်းဆီးထားကြောင်း မိသားစုဝင်များကို အကြောင်း မကြားခဲ့သလို ယနေ့ အချိန်အထိ အဆက်အသွယ် ပြတ်တောက်လျက်ရှိသည်။ အဆက်အသွယ် ဖြတ်တောက်ထားခြင်းနှင့်ပတ်သက်ပြီး လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး IMJA က အထူးစိုးရိမ်လျက်ရှိသည်” ဟု ရေးသားထားခြင်းဖြစ်သည်။ 

အဆိုပါ သတင်းထောက် ၂ ဦးအား စက်တင်ဘာ ၂၉ နှင့် ၃၀ ရက်နေ့တွင် KIA က ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးပေ။ 

ကိုတာလင်းမောင်မှာ CDM လုပ်ထားသူဖြစ်ပြီး ကိုနောင်ရိုးသည် ဖမ်းဆီးထောင်ချမှုမှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သည်။ ၎င်းတို့နှစ်ဦးကို KIA အနေဖြင့် အမြန်ဆုံးပြန်လွှတ်ပေးရန် Red News Agency သတင်းဌာန၏  ထုတ်ပြန်ချက်တွင်‌ ရေးသားထားသည်။ 

လွတ်လပ်သော သတင်းသမားများအား ဖမ်းဆီး၊ သတ်ဖြတ်ခြင်းသည် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီကို သတ်လိုက်ခြင်းနှင့် တူကြောင်း သတင်းသမားများက ပြောသည်။ 

“ တော်လှန်ရေးမှာ ဦးဆောင်ပြီး လွတ်လပ်ရေးအတွက်တိုက်နေတဲ့ အဖွဲ့တွေကတောင် ကျမတို့ သတင်းသမားတွေကို ဖမ်းဆီးတာက ဘောပင်ကိုင်ထားတဲ့သူကို သေနတ်ကိုင်ထားတဲ့သူက ဖမ်းဆီးတာဟာ အာဏာရှင်ဆန်တဲ့ လုပ်ရပ်ပဲ ” ဟု အလွတ်တန်းသတင်းထောက် အမီးလေးက DMG သို့ ပြောသည်။ 

ယင်းသို့ သတင်းသမား ၂ ဦးကို ဖမ်းဆီးထားမှုနှင့် ပတ်သက်ပြီး KIA တာဝန်ရှိသူများထံသို့ ဆက်သွယ် မေးမြန်းရန် ကြိုးစားနေဆဲဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့အနေဖြင့် သတင်းသမားများကို ဖမ်းဆီးချုပ်နှောင်ခြင်းမှာ စစ်ကောင်စီလုပ်ရပ်နှင့် တူနေသဖြင့် ယင်းလုပ်ရပ်အပေါ် ရှုတ်ချကြောင်း  သတင်းသမားအသိုင်းအဝိုင်းက ဝေဖန်သည်။

" စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို လက်ဆင့်ကမ်းနေပြီလားလို့ မေးခွန်းထုတ်စရာဖြစ်တယ်။ သတင်းမီဒီယာ အလုပ်ဟာ ပြစ်မှုကျူးလွန်တာ၊ ရာဇဝတ်မှု ကျူးလွန်နေတာ မဟုတ်ဘူး။ အမှန်တရားကို ဖော်ပြနေတာပဲဖြစ်တယ်။ ဒီကာလမှာ အခုလို သတင်းသမားတွေကို ဖမ်းဆီးချုပ်နှောင်တာတွေ လုပ်နေတာကတော့ စစ်ကောင်စီနဲ့ ဘာမှ ထူးခြားတာမရှိဘူး” ဟု ရခိုင်မှ သတင်းထောက်တစ်ဦးက‌ ပြောသည်။ 

သတင်းထောက်နှစ်ဦးကို KIA က ဖမ်းဆီးခြင်းအပေါ် တာဝန်ခံမှုရှိရမည်ဟု သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က အောက်တိုဘာ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် သတင်းထောက် ၄၃ ဦးထက်မနည်း အကျဉ်းချခံထားရပြီး မြန်မာနိုင်ငံသည် သတင်းသမားများအား အကျဉ်းချရာတွင် ကမ္ဘာပေါ်တွင် ဒုတိယ အဆိုးရွားဆုံးနိုင်ငံဖြစ်သည်ဟု CPJ က ထုတ်ပြန်ထားသည်။