မြန်မာပြည်သူများ၏ လုံခြုံရေး စိုးရိမ်စရာ မြင့်တက်နေကြောင်း ကုလပြော

ပြည်သူများ လုံခြုံရေးစိုးရိမ်ချက် မြင့်တက်နေသည့် ဒေသများမှာ မြန်မာနိုင်ငံ အနောက်မြောက်၊ အရှေ့မြောက်၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်တို့ကို အဓိက ဖော်ပြထားသည်။

By Admin 11 Oct 2024

ရခိုင်ပြည်၊ ကျောက်တော်မြို့ကို အောက်တိုဘာ ၁၀ ရက်နေ့က စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုအပြီး မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)
ရခိုင်ပြည်၊ ကျောက်တော်မြို့ကို အောက်တိုဘာ ၁၀ ရက်နေ့က စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုအပြီး မြင်တွေ့ရစဉ်။ (ဓာတ်ပုံ - CJ)

DMG ၊ အောက်တိုဘာ ၁၁

မြန်မာနိုင်ငံတွင် လက်နက်ကိုင် ပဋိပက္ခများ မရပ်စဲခြင်းနိုင်ခြင်းကြောင့် အရပ်သားထိခိုက်သေဆုံးမှုများ ဆက်လက်မြင့်မားနေပြီး အရပ်သား ကာကွယ်စောင့်ရှောက်ရေးပိုင်းတွင်လည်း စိုးရိမ်စရာများ မြင့်တက်နေဆဲ ဖြစ်ကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA) က အောက်တိုဘာ ၁၀ နေ့တွင် ထုတ်ပြန်သည်။

ပြည်သူများ လုံခြုံရေးစိုးရိမ်ချက် မြင့်တက်နေသည့် ဒေသများမှာ မြန်မာနိုင်ငံ အနောက်မြောက်၊ အရှေ့မြောက်၊ အရှေ့တောင်ပိုင်းနှင့် ရခိုင်ပြည်တို့ကို အဓိက ဖော်ပြထားသည်။

လတ်တလော မြန်မာတစ်နိုင်ငံလုံးတွင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် စစ်ရေးနှင့်မသက်ဆိုင်သည့် အရပ်သားများ ထိခိုက်သေဆုံး၊ ဒဏ်ရာရရှိမှု နေ့စဉ်တိုးလာနေသည်။

“စစ်ကောင်စီကတော့ သူတို့တပ်စခန်းတွေ ဆုံးရှုံးရလေလေ အပြစ်မဲ့ ပြည်သူတွေကို လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်လေလေပဲ” ဟု စစ်ရေးပဋိပက္ခ စောင့်ကြည့်လေ့လာသူ ကိုမြတ်အောင်က ပြောသည်။

မြန်မာတစ်နိုင်ငံတွင် စက်တင်ဘာလအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးအပါအဝင် စစ်ရေးပဋိပက္ခကြောင့် အရပ်သားသေဆုံးသူ ၂၄၇ ဦး နှင့် ဒဏ်ရာရရှိသူ ၂၉၉ ဦး ထိရှိခဲ့ပြီး ရခိုင်တွင် ထိခိုက်သေဆုံးသူ အများဆုံးဖြစ်ကြောင်း BNI – Myanmar Peace Monitor ၏ အောက်တိုဘာ ၉ ရက်နေ့ထုတ် အစီရင်ခံစာက ဖော်ပြသည်။

အောက်တိုဘာ ၁၀ ရက်ကလည်း ကျောက်တော်မြို့လယ်ခေါင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် အရပ်သား ၄ ဦးသေဆုံးပြီး ၂၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားသည်။ 

စစ်ကောင်စီ၏ မဆင်မခြင် လေကြောင်းပစ်ခတ်မှုများကို နိုင်ငံတကာအနေဖြင့် ထိထိရောက်ရောက် အရေးယူပိတ်ဆို့မှုများ ပြုလုပ်ရန်လိုအပ်ကြောင်းနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက တောင်းဆိုကြသည်။

“စစ်တပ်ရဲ့ လုပ်ရပ်တွေကို နိုင်ငံတကာအနေနဲ့ လက်ပိုက်ကြည့်မနေဘဲ အရေးယူနိုင်တဲ့၊ ဖိအားပေးနိုင်တဲ့ အစီအစဉ်တွေလုပ်ဖို့ တောင်းဆိုပါတယ်။ လေကြောင်းကနေ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေက နိုင်ငံတကာ ဥပဒေအရ တော်တော်လေးကြီးလေးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်။ အဲဒါကြောင့် ပြည်သူတွေရဲ့ လူ့ဂုဏ် သိက္ခာကို ထောက်ထားပြီး ပိတ်ဆို့အရေးယူမှုတွေ လုပ်ပေးစေချင်ပါတယ် ” ဟု လူ့အခွင့်အရေးလှုပ်ရှားသူ ရခိုင်ဒေသခံတစ်ဦးက ပြောသည်။

မြန်မာနိုင်ငံတဝန်း ပဋိပက္ခနယ်မြေများ ကျယ်ပြန့်လာသည်နှင့်အမျှ နေရပ်စွန့်ခွာတိမ်းရှောင်သူများမှာလည်း တိုးလာနေပြီး ခန့်မှန်းခြေ ၃ သန်းကျော်ထိရှိနေကြောင်း UNOCHA က ဆိုသည်။