ရခိုင်တွင် နွေရာသီ ရေမရှားအောင် AA က ကြိုတင်လုပ်ဆောင်နေ 

နွေရာသီရောက်တိုင်း ရေရှားပါးမှုဒဏ်ကို ခံစားနေရသော ရခိုင်ပြည်တွင် ယခုနှစ်နွေရာသီ ရေမရှားရအောင် အာရက္ခတပ်တော်က ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။

By Admin 17 Dec 2024

ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ 
ပုဏ္ဏားကျွန်းမြို့နယ်မှ စစ်ဘေးရှောင်များအား တွေ့ရစဉ်။ 

DMG ၊ ဒီဇင်ဘာ ၁၇

နွေရာသီရောက်တိုင်း ရေရှားပါးမှုဒဏ်ကို ခံစားနေရသော ရခိုင်ပြည်တွင် ယခုနှစ်နွေရာသီ ရေမရှားရအောင် အာရက္ခတပ်တော်က ၎င်းတို့ ထိန်းချုပ်နယ်မြေများတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေသည်။

မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်းမြို့နယ်တို့ရှိ အများသုံးရေကန်များတွင် ရေခပ်ချိန် သတ်မှတ်ခြင်း၊ ရေစုပ်စက်ဖြင့် စုပ်ယူခြင်းကို ကန့်သတ်ခြင်းများ လုပ်ဆောင်ထားကြောင်း သိရသည်။ 

မြောက်ဦးမြို့ကို အဓိက ရေဖြန့်ဝေပေးနေသည့် လက်ဆည်ကန်တွင် ရေစုပ်စက်ဖြင့် ရေစုပ်ယူခြင်းကို AA က ကန့်သတ်လိုက်ပြီး လိုသလောက်သာ ခပ်ယူခွင့်ပြုထားကြောင်း သိရသည်။

မြောက်ဦးမြို့ခံ အမျိုးသမီးတစ်ဦးက “ဆောင်းမကုန်ခင် နွေအတက်ဆိုရင် ရေရှားတာကြုံရတယ်။ အရင်က ရေကိုတစ်ပတ်မှာ ဘယ်နှစ်ရက်ဆိုပြီး ပေးတာရှိတယ်။ အခု အေအေကလည်း ရေကို အကန့်အသတ်နဲ့ သွားတယ်။ ကုန်းမြင့်က အိမ်တွေဆိုရင် ရေမလာလို့ ရေစုပ်စက်နဲ့ စုပ်ကြတော့ မလုပ်ရဘူးဆိုပြီး တားတာမျိုး။ လုပ်လို့ရှိရင် ဒဏ်ငွေဆောင်ရမယ်လို့ စည်းကမ်းထုတ်ထားတာရှိတယ်” ဟု ပြောသည်။ 

ပုဏ္ဏားကျွန်းမြို့နယ်ရှိ လူနေထူထပ်သည့် စစ်ဘေးရှောင်စခန်းများရှိရာ ပန်းနီလာ၊ အောင်ဖြူပြင်၊ သရက်ချို၊ ဂဏန်းတောင် စသည့် ကျေးရွာများတွင်လည်း နာရီအပိုင်းအခြားဖြင့် ရေခပ်ယူကြရန် ညွှန်ကြားထားသည်။ 

လက်ရှိတွင် ပုဏ္ဏားကျွန်းရှိ ကျေးရွာအချို့တွင် ရေရှားပါးမှုကို စတင်ကြုံတွေ့နေရပြီး စစ်ဘေးရှောင်များနှင့် ဒေသခံများ ရေရရှိရေးအတွက် AA က ကူညီပေးမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

“ဒီမှာတော့ အာရက္ခတပ်တော်ကနေ စစ်ရှောင်စခန်းတွေကို သောက်သုံးရေလှူပေးနေတာတွေ ရှိတယ်။ စစ်ဘေးရှောင်များတဲ့ ကျေးရွာတွေမှာ ကျေးရွာလူကြီးတွေကို သောက်သုံးရေ ပြတ်လပ်မသွားအောင် မြစ်ချောင်းတွေမှာ ရေချိုရနေတုန်း ရေကန်တွေမှာ ရေဖြည့်ထားဖို့ လုပ်ခိုင်းတာတွေ ရှိတယ်” ဟု ပုဏ္ဏားကျွန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

အလားတူ မင်းပြားမြို့တွင်လည်း အဓိကရေကန်များတွင် ရေခပ်ချိန်ကို အကန့်အသတ်ဖြင့် သတ်မှတ်ထားပြီး ရသေ့တောင်မြို့နယ် ကာမေစစ်ဘေးရှောင်စခန်းတွင်လည်း နွေရာသီရေရှားပါးမှု မဖြစ်စေရေးအတွက် တောင်ကျချောင်းထဲတွင် ရေကို ကန်အဖြစ် ထိန်းသိမ်းပြီး ရေသိုလှောင်မှုများ ရှိနေကြောင်း သိရသည်။

“နွေရာသီရောက်လာရင် ရေရှားလာတော့မှာ။ ဒီလိုလုပ်တာကို ကျနော်တို့ အနေနဲ့တော့ ကောင်းတယ်လို့ မြင်တယ်။ ရေရှားပါးမှု မဖြစ်စေဖို့က လူထုအနေနဲ့လည်း ရေကို စည်းကမ်းတကျနဲ့ သုံးစွဲဖို့ လိုအပ်တယ် ” ဟု ပုဏ္ဏားကျွန်းလူငယ်များအစည်းအရုံး ဥက္ကဌ ကိုပြည့်ဖြိုးနိုင်က ပြောသည်။

ရခိုင်ပြည်တွင် နှစ်စဉ် မိုးရေချိန်လက်မ ၂၀၀ ကျော်ခန့်အထိ မိုးရွာသွန်းမှုရှိသော်လည်း နွေရာသီရောက်ပါက ရေရှားပါးမှုပြဿနာနှင့် ကြုံတွေ့နေရခြင်းမှာ ရေအရင်းအမြစ်များကို ထိန်းသိမ်းမှု အားနည်းခြင်းကြောင့်ဟု ပြောဆိုကြသည်။

ထို့ကြောင့် နွေရာသီရောက်တိုင်း ရေရှားပါးမှုပြဿနာ မကြုံရစေရန် မိုးရာသီတွင် သောက်သုံးရေကန်များ၌ လုံလောက်အောင် သိုလှောင်သင့်ပြီး သစ်ပင်များ ခုတ်လှဲခြင်းကိုလည်း ဒေသန္တရအမိန့်ထုတ်ပြန်ကာ တားဆီးသင့်ကြောင်း ထောက်ပြမှုများ ရှိနေသည်။

ရခိုင်ရှိ နှစ်စဉ် ရေရှားပါးမှုပြဿနာကြုံရသည့် မြို့နယ်များတွင် စစ်ဘေးရှောင်အရေအတွက် တိုးလာသည်နှင့်အမျှ သောက်သုံးရေလိုအပ်ချက်မှာလည်း မြင့်မားလာနေသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်က မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင် စသည့်မြို့နယ်များတွင် ရေရှားပါးမှု လျော့ကျစေရန် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် ကိုယ်ထူကိုယ်ထစနစ်ဖြင့် ရေကန်တူးဖော်မှုများ ရှိခဲ့သည်။