ရခိုင် - ဘင်္ဂလားဒေ့ရှ် ကညင်ချောင်း ကုန်သွယ်မှုရပ်တန့်နေ

ပြီးခဲ့သည့် ၂ ပတ်ခန့်မှစ၍ ရပ်တန့်နေခြင်းဖြစ်ပြီး ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဖက်လုံးမှ ကုန်ပစ္စည်းများ ပိတ်မိနေကြောင်း ကုန်သည်များက ဆိုကြသည်။

By Admin 24 Apr 2025

ကုန်ကားတစ်စီးအား မောင်တောနယ်စပ်တစ်နေရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုလအတွင်းတွေ့ရစဉ်။ 
ကုန်ကားတစ်စီးအား မောင်တောနယ်စပ်တစ်နေရာတွင် ၂၀၂၄ ခုနှစ်၊ အောက်တိုလအတွင်းတွေ့ရစဉ်။ 

DMG ၊ ဧပြီ ၂၄

ရခိုင်ပြည်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့အကြား ကုန်သွယ်မှုပြုလုပ်နေသည့် မောင်တော ကညင်ချောင်း ကုန်သွယ်ရေးရပ်တန့်နေကြောင်း ကုန်သည်များထံမှ သိရသည်။

ပြီးခဲ့သည့် ၂ ပတ်ခန့်မှစ၍ ရပ်တန့်နေခြင်းဖြစ်ပြီး ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဖက်လုံးမှ ကုန်ပစ္စည်းများ ပိတ်မိနေကြောင်း ကုန်သည်များက ဆိုကြသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ရခိုင်ရေပိုင်နက်အတွင်း တရားမဝင်ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို အာရက္ခတပ်တော်က ဖမ်းဆီးပြီး ရခိုင်ဘက်မှ ကုန်ပစ္စည်းတင်ပို့သည့် လှေများကိုလည်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက ဖမ်းဆီးခြင်းကြောင့် ရပ်တန့်နေခြင်းဖြစ်ကြောင်း ကုန်သည်တစ်ဦးက ပြောသည်။

“ဘင်္ဂလားဒေ့ရှ်ဖက်က ငါးဖမ်းဘုတ်(စက်လှေ)တွေ ပိုင်နက်ကျူးကျော်လာတာကို ဒီဖက် (ရခိုင်ဘက်)က ဖမ်းတာကြောင့် ရခိုင်က ကုန်သွားပို့တဲ့ လှေတွေကို ဘင်္ဂလားဒေ့ရှ်ဖက်က ဖမ်းတယ်။ အဲဒါကြောင့် လောလောဆယ် ရပ်ထားတယ်လို့ ကြားတယ်” ဟု အခြေအနေကို သိရှိသည့် ကုန်သည်တစ်ဦးကပြောသည်။

ကညင်ချောင်းကုန်သွယ်ရေး ဆိပ်ကမ်းကနေ ရခိုင်ဘက်မှ ဆန်နှင့်၊ ကွမ်းသီး၊ ငါးခြောက်၊ ကဏန်း၊ သစ်စသည့် ကုန်များတင်ပို့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်မှ အခြေခံစားသုံးကုန်များ ရခိုင်ပြည်သို့ တင်သွင်းနေခြင်းဖြစ်သည်။

ရခိုင်ဒေသသို့ စစ်ကောင်စီက ကုန်သွယ်ရေးလမ်းများပိတ်ဆို့ခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံတို့နှင့် ကုန် သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေခြင်းဖြစ်သည်။

“ရခိုင်ပြည်အတွက် နယ်စပ်ကုန်သွယ်ရေးက ရခိုင်ပြည်သူတွေအတွက် အကျိုးအမြတ်ရမယ်။ အာရက္ခပြည်သူ့ တော်လှန်ရေးအတွက်လည်း အကောက်ခွန်ရရှိမယ်။ နှစ်ဖက်ကုန်သွယ်ရေး အဆင်ပြေမှလည်း ဆက်ဆံရေးတိုး တက်လာမယ်” ဟု ရခိုင်ဒေသခံ စီးပွားရေးသမား တစ်ဦးက သုံးသပ်သည်။

လက်ရှိတွင် ရခိုင်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်ဖက် အာဏာပိုင်များသည် ကညင်ချောင်းကုန်သွယ်ရေးနှင့်ပတ်သတ်၍ ညှိနှိုင်းမှုများ ပြုလုပ်နေကြပြီး မကြာမီပြန်ပွင့်လာမည်ဟု ကုန်သည်များက ဆိုကြသည်။

ကညင်ချောင်း စီးပွားရေးဇုန်သည် စစ်ကောင်စီလက်ထက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နယ်စပ်ကုန်သွယ်မှုများစွာပြုလုပ်ခဲ့ပြီး စစ်ကောင်စီအတွက် အကျိုးအမြတ်များစွာရရှိခဲ့သည့် ကုန်သွယ်ရေးစခန်းတစ်ခုလည်းဖြစ်သည်။

လက်ရှိ ဘင်္ဂလားဒေ့ရှ်နယ်စပ်တစ်ခုလုံးကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် AA ကို မဖြစ်မနေ ချဉ်းကပ်ရမည်ဟု စီးပွားရေးလေ့လာသူများက သုံးသပ်ကြသည်။

“ဘင်္ဂလားဒေ့ရှ်ဘက်က အေအေကို မချည်းကပ်ဘဲ ရခိုင်ကို ပို့ကုန်ရောသွင်းကုန်တွေ ရပ်လိုက်တယ်ဆိုရင် နယ်စပ်ကုန်သွယ်ရေးကရမယ့် အမြတ်နဲ့ အခွန်တွေ ဆုံးရှုံးမှာပါ။ ဒါ့အပြင် ရခိုင်က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို အခြားနေရာက ကုန်ပစ္စည်းတွေနဲ့ အစားထိုးဖို့ ဘင်္ဂလားဒေ့ရှ်က ကြိုးစားရမှာပါ” ဟု အမေရိကန် ပြည်ထောင်စု Saint Olaf College တွင် Quantitative Economics (စီးပွားရေးဘာသာရပ်) အားလေ့လာနေသည့် ရခိုင်လူငယ် ကိုမျိုးငြိမ်းနိုင်က ပြောသည်။

လက်ရှိ ရခိုင် ဘင်္ဂလားဒေ့ရှ် ကညင်ချောင်း ကုန်သွယ်မှု ရပ်တန့်နေသော်လည်း တောင်ပြို၊ ဗန္ဓုလ(ဘောင်ဒူလာ) နှင့် အခြားနေရာများကနေ ကုန်သွယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေကြောင်း သိရသည်။