ရန်ကုန်ကနေ ရခိုင်သို့ပြန်ရာတွင် ခရီးစရိတ် ငွေကျပ် သိန်း ၂၀ ‌ကျော်ထိ ကုန်ကျမှုရှိနေ

အကြောင်းအမျိုးမျိုးဖြင့် ပြည်မနှင့် နိုင်ငံခြား စသည့် ဒေသရောက် ရခိုင်များမှာ ယခုအခါ ရခိုင်ပြည်သို့ပြန်လာရာတွင် ရန်ကုန်မှတစ်ဆင့် ကျောက်ဖြူသို့ လေယာဉ်လမ်းကြောင်းအသုံးပြု၍ လာနေကြခြင်းဖြစ်သည်။

By Admin 30 Apr 2025

 ကျောက်ဖြူလေဆိပ်ကို ပြီးခဲ့သည့် ၂၀၂၂ ၊ ဧပြီလက တွေ့ရစဉ်
ကျောက်ဖြူလေဆိပ်ကို ပြီးခဲ့သည့် ၂၀၂၂ ၊ ဧပြီလက တွေ့ရစဉ်

DMG ၊ ဧပြီ ၃၀ 

အကြောင်းအမျိုးမျိုးဖြင့် ပြည်မနှင့် နိုင်ငံခြား စသည့် ဒေသရောက် ရခိုင်များမှာ ယခုအခါ ရခိုင်ပြည်သို့ပြန်လာရာတွင် ရန်ကုန်မှတစ်ဆင့် ကျောက်ဖြူသို့ လေယာဉ်လမ်းကြောင်းအသုံးပြု၍ လာနေကြခြင်းဖြစ်သည်။

ယင်းသို့ ခရီးသွားရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများအပြင် ပွဲစားများကိုပါ ငွေကြေးပေးဆောင်ရသဖြင့် ငွေကုန်ကျ များပြားခြင်းဖြစ်ကြောင်း သိရသည်။ ယခုအချိန်တွင် ရန်ကုန်- ကျောက်ဖြူကို ခရီးစရိတ် အနည်းဆုံး လူတစ်ဦးကို ငွေကျပ် သိန်းနှစ်ဆယ် ဝန်းကျင်ရှိနေကြောင်း စုံစမ်းသိရသည်။ 

“ရန်ကုန်က ကျောက်ဖြူမြို့အပြင်ကို ရောက်ဖို့အတွက် တစ်ယောက်ကို သိန်း ၂၀ ဝန်းကျင်ကုန်တယ်။ ရန်ကုန်ကနေ နိုင်ငံခြားကို သွားတောင် ဒီလောက်မကုန်ဘူး။ တော်တော် ဆိုးဆိုးဝါးဝါး တောင်းစားနေကြတာဖြစ်တယ်” ဟု ရန်ကုန်ကနေ ရခိုင်သို့ပြန်လာသူ ပေါက်တော ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

ပြည်မရောက် ရခိုင်လူမျိုးများမှာ နေရပ်သို့ပြန်မည့် အကြောင်းအရင်းနှင့်ပတ်သက်၍ ၎င်းတို့နေထိုင်ရာ ရပ်ကျေး/ အုပ်ချုပ် ရေးမှူးရုံးနှင့်  ရဲစခန်းတို့တွင် ထောက်ခံစာများ တောင်းယူရသည်။ ထောက်ခံစာမပါသူများမှာ လမ်းခရီးတွင် ဖမ်းဆီးခံရမှုများရှိကြောင်း သိရသည်။

ယင်းထောက်ခံစာ ရရေးအတွက် ရဲစခန်းနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများထံ ငွေကြေးပေးရသည့်အပြင် ပွဲစားများမှတစ်ဆင့် ချဉ်းကပ်ရခြင်းဖြစ်သောကြောင်း ငွေကြေးအပို ကုန်ကျမှုများရှိနေခြင်း ဖြစ်သည်။

“အကြမ်းဖြင့် ပြောရရင် လေယာဉ်လက်မှတ်ဖိုးက ၆ သိန်း၊ စားစရိတ်၊ တည်းခိုခန်းခ ဘာညာနဲ့ပေါင်းမှ တကယ် ကုန်သင့်တာက ‌ငွေ ၈ သိန်း၊ ၉ သိန်းဝန်းကျင်ပေါ့။ အခုက ရန်ကုန်ကနေ ကျေက်ဖြူမြို့ကိုသွးတဲ့ ခရီးတလျှောက် လမ်းမှာအဆင့်ဆင့် ပေးသွားရတဲ့ငွေက မနည်းဘူး” ဟု မြောက်ဦးမြို့မှ နောက်ထပ် ခရီးသည် အမျိုးသားတစ်ဦးက ပြောသည်။ 

DMG ၏ စုံစမ်းချက်အရ နေရပ်ပြည်မည့် ရခိုင်လူမျိုးများမှာ ရန်ကုန်ကနေ ခရီးသွားထောက်ခံစာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် ပွဲစားများကို ငွေကျပ်နှစ်သိန်းခန့်၊ လေယာဉ်လက်မှတ် ခြောက်သိန်းခန့် ရှိသည်။

အလားတူ ကျောက်ဖြူကို ရောက်သည့်အခါ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးရုံးတွင် ငွေကျပ် တစ်သိန်း ကျောက်တစ်လုံးဂိတ်နှင့် မလကျွန်း စစ်ဆေးရေးဂိတ်တွင် ငွေကျပ် လေးသိန်း၊ မြို့ ပြင်ပသို့ထွက်ရန် အကျိုးဆောင်ပွဲစားခနှင့် ကယ်ရီးငှားရမ်းခ ငါးသိန်းကျော်၊ တည်းခိုစရိတ်နှင့် စားစရိတ်အတွက် နှစ်သိန်း၊ စသဖြင့် ကုန်ကျနေခြင်း ဖြစ်သည်။ 

ရခိုင်မြို့သိမ်းတိုက်ပွဲဖြစ်ပွားသည့် ၂၀၂၃ နိုဝင်ဘာမှ ၂၀၂၅ မတ်လ ကုန်ပိုင်းထိ ရန်ကုန်- ကျောက်ဖြူ လေယာဉ် ခရီးစဉ်အတွက် အမြင့်ဆုံး ကုန်ကျငွေကျပ် တစ်ဆယ့်လေးသိန်းခန့် ရှိခဲ့ရာကနေ ပြီးခဲ့သည့် ဧပြီလ အစောပိုင်းကစ၍ ငွေကျပ် သိန်းနှစ်ဆယ်ထိ ရှိလာခြင်းဖြစ်သည်။

“ကျောက်ဖြူကနေတစ်ဆင့် နေရပ်အသီးသီးသို့ ပြန်ထွက်ခွာမယ့် သူတွေဟာ ထွေ/အုပ်ရုံးမှာ စာတင်ရပါတယ်။ စာအမြန်ကျဖို့အတွက်ရော စစ်ဆေးရေးဂိတ်တွေမှာ အဖမ်းမခံရဖို့အတွက်ရော အကုန်လုံးကို ပွဲစားဆိုတဲ့ လူတွေက တာဝန်ယူပြီး လုပ်ပေးကြတယ်။ တချို့က ရန်ကုန်မှာကတည်းက ပွဲစားနဲ့ ချိတ်ဆက်ပြီးလာတာမျိုးလည်း ရှိတယ်” ဟု ကျောက်ဖြူမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ရန်ကုန် - ကျောက်ဖြူ ခရီးစဉ်မှာ ယခင်က လေယာဉ်လက်မှတ်ခ ငွေကျပ် သုံးသိန်းဝန်းကျင်ခန့်သာရှိခဲ့သော်လည်း တိုက်ပွဲဖြစ်ပြီးနောက် လေယာဉ်လက်မှတ်ခများ မြင့်တက်လာမှုနှင့်အတူ စစ်ကောင်စီ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများကိုပါ ငွေကြေးပေးနေရခြင်းဖြစ်သည်။

ရခိုင်ပြည်သိမ်းတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီသည် ပြည်မနှင့် ဆက်သွယ်ထားသော ကုန်လမ်း၊ ရေလမ်း များကို ပိတ်ဆို့ထားသောကြောင့် နေရပ်ပြန် ရခိုင်လူမျိုးများမှာ ရန်ကုန်- ကျောက်ဖြူကို လေယာဉ်စီး၍ ကျောက်ဖြူမှ တစ်ဆင့် ၎င်းတို့မြို့နယ်များကို သွားရောက်နေကြရခြင်းလည်းဖြစ်သည်။