ဧရာဝတီရောက် ရခိုင်စစ်ဘေးရှောင် ၃ ဦးကို စစ်ကောင်စီ ထောင် ၆ နှစ်ချ

ထောင်ချခံရသူများမှာ ဂွတိုက်ပွဲကာလ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ဧရာဝတီတိုင်းဖက်ကို စစ်ဘေးရှောင်လာကြစဉ်မှာ ငါးသိုင်းချောင်းအနီး ရေနံသာ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

By Admin 16 Mar 2025

ပုံစာ - ဧရာဝတီတိုင်း ရေကြည်မြို့နယ်တရားရုံး။ ဓာတ်ပုံ - CJ
ပုံစာ - ဧရာဝတီတိုင်း ရေကြည်မြို့နယ်တရားရုံး။ ဓာတ်ပုံ - CJ

DMG ၊ မတ် ၁၆

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်သို့ စစ်ဘေးရှောင်လာကြသည့် ရခိုင်စစ်ဘေးရှောင် ၃ ဦးကို ပြီးခဲ့သည့် မတ်လ ၁၄ ရက်တွင် ရေကြည်မြို့နယ် တရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)ဖြင့် ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ကြောင်း သတင်းရရှိသည်။

ထောင်ချခံရသူများမှာ ဂွတိုက်ပွဲကာလ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ဧရာဝတီတိုင်းဖက်ကို စစ်ဘေးရှောင်လာကြစဉ်မှာ ငါးသိုင်းချောင်းအနီး ရေနံသာ စစ်ဆေးရေးဂိတ်တွင် စစ်ကောင်စီက ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။

ယင်းနောက် အာရက္ခတပ်တော်နှင့် ဆက်စပ်သည်ဟု စွပ်စွဲကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ) ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ်ချမှတ်ခံခြင်းဖြစ်ကြောင်း ယင်းအကြောင်းသိသူ သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

“ရခိုင်လူငယ် ၃ ဦးကို အကြမ်းဖက်မှုနဲ့ မနေ့က ထောင် ၆ နှစ်ချမှတ်လိုက်တယ်လို့သိထားရတယ်။ အဓိကတော့ သူတို့ကို AA တပ်ဖွဲ့ဝင်တွေ၊ AA နဲ့ ဆက်စပ်တယ်ဆိုပြီး ဖမ်းဆီးခံရတာဖြစ်ပြီး ၄ လခန့်အကြာမှာ ထောင်ဒဏ်ချ လိုက်တာ။ သူတို့ကို ပုသိမ်ထောင်ဘက်ကို ပြောင်းမယ်လို့လည်း သိထားရတယ်” ဟု ရေကြည်ရောက် စစ်ဘေးရှောင်တစ်ဦးက ပြောသည်။

ထောင်ချခံရသူ ၃ ဦးမှာ ဂွမြို့နယ်က နှစ်ဦးနှင့် အမ်းမြို့နယ်က တစ်ဦးဖြစ်ပြီး အသက် ၂၀ နှင့် ၃၀ ဝန်းကျင် အမျိုးသားများဖြစ်ကြပြီး ၎င်းတို့အမည်နှင့် အခြားအချက်လက်များကို DMG က စုံစမ်းနေဆဲဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၂၄ ကလည်း ဧရာဝတီတိုင်း ရေကြည်မြို့နယ် တရားရုံးက ရခိုင်ကုန်သည် ၅ ဦးကို AA နှင့် ဆက်စပ်မှုရှိသည်ဟုဆိုပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁(ဂ)ဖြင့် ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့သည်။

တိုက်ပွဲရှိနေသည့် ဧရာဝတီတိုင်းတွင် စစ်ကောင်စီက ရခိုင်က စစ်ဘေးရှောင်များကို ဧည့်စာရင်းအကြောင်းပြပြီး ဖမ်းဆီးမှုများ၊ အာ‌ရက္ခတပ်တော်၏ တပ်ဖွဲ့ဝင်များဟုလည်း စွပ်စွဲဖမ်းဆီးမှုများရှိသည်။

ထို့အတူ ဧည့်စာရင်းဖြင့် ဖမ်းဆီးခံရသူ အချို့ကို ပြန်လွတ်ပေးခဲ့သော်လည်း AA တပ်ဖွဲ့ဝင်များ၏ စွပ်စွဲခံရသူများကို အကြမ်းဖက်မှုနှင့် ဆက်တိုက်ဆိုသလို တရားစွဲဆိုထောင်ချလာခြင်းဖြစ်သည်။

သာပေါင်းမြို့နယ်မှာရောက်ရှိနေသည့် စစ်ဘေးရှောင်အမျိုးသမီးတစ်ဦးက “ ဖမ်းဆီးမှုတွေက အရမ်းကထက် ကြမ်းလာတယ်။ အထူးသဖြင့် ဧရာဝတီမှာ စစ်ရှုံးလာတဲ့အခါ စစ်ရှောင်တွေကို ပိုပြီးတော့ ဖိနှိပ်ဖို့ ကြိုးပမ်းလာနေတယ်။ စစ်ဘေးရှောင်အပြင် ဒေသခံတွေကိုလည်း စစ်မှုထမ်းနဲ့ ဖမ်းဆီးနေတာကြောင့် အထူး သတိထားနေထိုင်ကြရတယ်” ဟုပြောသည်။

မတ်လ ၉ ရက်ကလည်း ရခိုင်သို့ ပြန်လာသည့် စစ်ဘေးရှောင် ၂၀ ဦးကို သာပေါင်းမြို့နယ်တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး လက်ရှိအချိန်အထိ လွတ်မြောက်လာခြင်းမရှိသေးပေ။

၂၀၂၄ နှစ်ကုန်ပိုင်းက ဖြစ်ခဲ့သည့် သံတွဲနှင့် ဂွတိုက်ပွဲများကြောင့် သောင်းနှင့်ချီသည့် ဒေသခံများမှာ ဧရာဝတီတိုင်းဖက်ကို စစ်ဘေးတိမ်းရှောင်ခဲ့ကြခြင်းဖြစ်သည်။