စစ်တွေ၊ ကျောက်ဖြူ တိုက်ပွဲများတွင် စစ်ကောင်စီက ဒရုန်း အသုံးပြုမှုပိုများလာ
စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ ရေတပ်ဌာနချုပ် စခန်းအနီးတွင် တိုက်ပွဲများနေ့စဉ် ပြင်းထန်စွာဖြစ်ပွားနေပြီး ထိုတိုက်ပွဲများတွင် စစ်ကောင်စီက ဒရုန်းနှင့် မြေပြင်စစ်ဆင်ရေးကိုတွဲကာ နည်းဗျူဟာစမ်းသပ်အသုံးပြုလာနေသည်။
13 Mar 2025

DMG ၊ မတ် ၁၃
ရခိုင်ပြည် မြို့တော်စစ်တွေနှင့် တရုတ်စီမံကိန်းများရှိရာ ကျောက်ဖြူမြို့နယ်တွင် လတ်တလော ဖြစ်ပွားနေသည့် တိုက်ပွဲများအတွင်း စစ်ကောင်စီက ဒရုန်းအသုံးပြုတိုက်ခိုက်မှု ပိုပြီးလုပ်ဆောင်လာခြင်းကို တွေ့ရကြောင်း စစ်ရေးစောင့်ကြည့်သူများက ပြောသည်။
စစ်တွေမြို့နယ်နှင့် ကျောက်ဖြူမြို့နယ်ရှိ ဓညဝတီ ရေတပ်ဌာနချုပ် စခန်းအနီးတွင် တိုက်ပွဲများနေ့စဉ် ပြင်းထန်စွာဖြစ်ပွားနေပြီး ထိုတိုက်ပွဲများတွင် စစ်ကောင်စီက ဒရုန်းနှင့် မြေပြင်စစ်ဆင်ရေးကိုတွဲကာ နည်းဗျူဟာစမ်းသပ်အသုံးပြုလာနေသည်။
“ဒရုန်းရဲ့ သဘောသဘာဝက လက်နက်ကြီးထက် ပိုပြီးတိကျတယ်။ ပြီးတော့ မျက်မြင်ပစ်ခတ်နိုင်တယ်။ ပြီးတော့ သူတို့ (စစ်ကောင်စီ) က ဒရုန်းတွေကို ကပစ ၁၀ မှာ မိတ္ထီလာမှာ ဖော့ဖော့သီသီ ထုတ်နေတာဆိုတော့ ဒရုန်းနဲ့ မြေပြင်နဲ့ တွဲဖက်တဲ့ နည်းဗျူဟာကိုစပြီး စမ်းသပ်အသုံးပြုလာတာတွေ့ရတယ်။ ဒါကြောင့် စစ်တွေနဲ့ ကျောက်ဖြူမှာဆိုရင်လည်း ဒရုန်အဖွဲ့တွေ သုံးပြီးတော့ တိုက်ခိုက်ဖျက်စီးလာတာတွေ့ရပါတယ်” ဟု CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။
DMG ၏ စာရင်းအရ ကျောက်ဖြူမြို့နယ်တွင် မတ်လအတွင်း စစ်ကောင်စီသည် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ရေ ၆ ကြိမ်ထက် မနည်းရှိခဲ့သည်ကို တွေ့ရသည်။
မတ် ၁၀ ရက်က ကျောက်ဖြူမြို့နယ်၊ စနဲမြို့တိုက်နယ်ဆေးရုံကို Suicide Drone (မောင်းသူမဲ့ အသေခံ ဒရုန်း) နှင့်တိုက်ခိုက်ခဲ့ပြီး ပျက်စီးမှုများရှိခဲ့သည်။
ယင်းနေ့တွင် ကျောက်ဖြူမြို့နယ်၊ ကပ်သပြေကျေးရွာကိုလည်း ဒရုန်းနှင့် နှစ်ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၂၀ ကျော်မီးလောင်သွားခဲ့သည်။ မတ် ၆ ရက်ကလည်း ဦးကင်းရွာကို ဒရုန်းဖြင့် ၂ ကြိမ် တိုက်ခိုက်ခဲ့သဖြင့် နေအိမ် ၁၀၀ ကျော်မီးလောင် ပျက်စီးသွားခဲ့ရသည်။
အလားတူ စစ်တွေမြို့နယ်၊ ဝါဘိုကျေးရွာကိုလည်း စစ်ကောင်စီက မတ် ၆ ရက်တွင် ဒရုန်း ၁၀ စီးဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး နေအိမ် ၃၅ ဆောင်ထက်မနည်း မီးလောင်ပျက်စီးသွားသည်။
စစ်ကောင်စီသည် ရှေ့တန်းစစ်မျက်နှာပြင်များတွင် ဒရုန်းများနှင့် ထောက်လှမ်းပြီး မြေပြင်စစ်ကြောင်းထိုးခြင်း၊ တန်ပြန်ကင်းထောက်ခြင်းများ အသုံးပြုလာသည်ကိုတွေ့ရကြောင်း တော်လှန်ရေးအင်အားစုများက ပြောသည်။
အာရက္ခတပ်တော်ကလည်း ၂၀၂၄ ခု နှစ်ကုန်ပိုင်းကစပြီး စစ်ကောင်စီသည် ရခိုင်စစ်မျက်နှာပြင်တွင် မောင်းသူမဲ့ အသေခံဒရုန်း Suicide Drone များကို အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
“အခုတိုက်ပွဲတွေမှာက တည့်တည့်တိုး ထိုးစစ်ဆင်တာထက် စနိုက်ပါနဲ့ ပစ်ကြတယ်။ ပြီးတော့ လက်နက်ကြီး ဒရုန်းတွေနဲ့ အဝေးက လှမ်းပစ်နေကြတာ။ စစ်ကောင်စီ ဘက်ကလည်း ဒရုန်းတွေကို အရင်ထက် သုံးလာတာတွေ့ရတယ်” ဟု စစ်တွေမြို့နယ်က စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
နိုင်ငံတဝန်း ဖြစ်နေသည့် တိုက်ပွဲများ၌ တော်လှန်ရေး အင်အားစုများကလည်း စိုက်ပျိုးရေးသုံး ဒရုန်းများတွင် ဗုံးသီးချိတ်ဆွဲပြီး သုံးရာကနေ fixed Wings၊ ကာမီကာဇေ ဒရုန်းများနှင့် နာရီနှင့်ချီကင်း ထောက်နေသည့် UAV အမျိုးအစား စသည့် ဒရုန်းများကို သုံးပြီးတိုက်ခိုက်လျက်ရှိကြောင်း ပြောသည်။
လက်ရှိ စစ်မြေပြင်များမှာ စစ်ကောင်စီသည် တရုတ်ထုတ် Sky-02၊ CH-3၊ CH-3A နဲ့ CH-4 ဒရုန်း အမျိုးအစားများကို အသုံးပြုနေသည်ကိုတွေ့ရကြောာင်း စစ်ရေးလေ့လာစောင့်ကြည့်သူများနှင့် နည်းပညာကျွမ်းကျင်သူများက ပြောဆိုကြသည်။
ထိုသို့ စစ်ကောင်စီ ဒရုန်းအသုံးပြုလာမှုများလာခြင်းအားဖြင့် မြေပြင်စစ်ဆင်ရေးကို အသုံးပြုရာ၌ တိုက်ခိုက်မှုအားသာချက်များရှိလာနိုင်သည့်အတွက် တော်လှန်ရေးအင်အားစုများအနေဖြင့် သတိထားသင့်ကြောင်းလည်း စစ်ရေးလေ့လာသူများက ထောက်ပြကြသည်။
Justice For Myanmar ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီသည် အစ္စရေးနိုင်ငံအခြေစိုက် Elbit Systems ကုမ္ပဏီထုတ် ညဘက်ကင်မရာ ကောင်းကောင်းနှင့် ကင်းထောက်နိုင်သည့် Skylark UAV ဒရုန်းများကို စစ်ကောင်စီတပ်က ပိုင်ဆိုင်ထားကြောင်း ဆိုထားသည်။