ဖမ်းဆီးခံ ရခိုင်တေးသံရှင် ဆုမြတ်ထက်နှင့် မိသားစု အဆက်သွယ်မရ

အသက် ၄၀ အရွယ် တေးသံရှင် ဆုမြတ်ထက်ကို အောက်တိုဘာ ၇ ရက်၊ နေ့လည် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်မှ တူမဖြစ်သူနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

By Admin 10 Oct 2024

ဓာတ်ပုံ - Hsu Myat Htet’facebook
ဓာတ်ပုံ - Hsu Myat Htet’facebook

DMG ၊ အောက်တိုဘာ ၁၀

စစ်ကောင်စီက ဖမ်းဆီးသွားသည့် ရခိုင်ပြည်၊ မာန်အောင်မြို့ ဇာတိဖြစ်သူ ရခိုင်၊ မြန်မာ တေးသံရှင် ဆုမြတ်ထက် နှင့် လေးရက်ကြာသည်အထိ အဆက်အသွယ်မရရှိသေးကြောင်း မိသားစုနှင့် နီးစပ်သူများထံမှ သိရသည်။ 

အသက် ၄၀ အရွယ် တေးသံရှင် ဆုမြတ်ထက်ကို အောက်တိုဘာ ၇ ရက်၊ နေ့လည် ၁ နာရီခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရန်ကုန်မြို့ရှိ ၎င်း၏ နေအိမ်မှ တူမဖြစ်သူနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ 

အောက်တိုဘာ ၈ ရက်တွင် အသက် ၂၀ ကျော်အရွယ် တူမဖြစ်သူမှာ ပြန်လည် လွတ်မြောက်လာသော်လည်း ဆုမြတ်ထက်မှာ လွတ်မြောက်လာခြင်း မရှိသည့်အပြင် ယခုအချိန်ထိ အဆက်အသွယ်မရသေးကြောင်း နီးစပ်သူတစ်ဦးက ပြောသည်။ 

“သူ(ဆုမြတ်ထက်)က တာမွေမြို့နယ်မှာ ဆိုင်ဖွင့်ထားတယ်။ အဲဒီအိမ်ကနေ ဖမ်းသွားတာ။ သူနဲ့တော့ မိသားစုတွေ အခုအချိန်အထိ အဆက်အသွယ်မရသေးဘူး။ တူမကတော့ ပြန်လွတ်လာပြီလို့ သိရတယ်”   ဟု သူက ဆိုသည်။

ဆုမြတ်ထက်ကို လာရောက်ဖမ်းဆီးချိန်က စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နေအိမ်ကိုမွှေနှောက်ကာ ဘဏ်စာအုပ်များကိုလည်း သိမ်းဆည်းသွားကြောင်း သိရသည်။ 

ဆုမြတ်ထက်ကို စစ်ကောင်စီက မည်သည့်အတွက်ကြောင့် ဖမ်းဆီးပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရ၍ မိသားစုဝင်များက စိုးရိမ်နေကြသည်။  

ဆုမြတ်ထက်သည် ရန်ကုန်မြို့၏ အရှေ့အလယ်ပိုင်းတွင်ရှိသည့် တာမွေမြို့နယ်တွင် ရခိုင်ရိုးရာပိုးထည်များ ရောင်းဝယ်ရေး ဆိုင်ဖွင့်လှစ်ကာ အခြေချနေထိုင်နေသူ ဖြစ်သည်။ 

“စစ်ကောင်စီက အဆိုတော်တွေကို မတရားဖမ်းဆီးတာလို့ပဲ မြင်တယ်။ မဆုမြတ်ထက်က ဘာနိုင်ငံရေးနဲ့မှ ပတ်သက်ဆက်နွယ်နေတာလည်း မရှိဘူး။ ရခိုင်က ရေးဘေးသင့်ပြည်သူတွေအတွက် အလှူကောက်ခံပြီး ကူညီပေးနေတဲ့သူ ဖြစ်တယ်။ စစ်ကောင်စီရဲ့ အခုလိုလုပ်ရပ်တွေကြောင့်ပဲ အနုပညာကို ဆက်မလုပ်ပဲ ရပ်ထားတဲ့ အဆိုတော်တွေရှိတယ်”ဟု အမည်မဖော်လိုသည့် ရခိုင်အဆိုတော်တစ်ဦးက ပြောသည်။

ရခိုင်တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီသည် ရခိုင်က အသံသွင်းစတိုဒီယိုများကို လိုက်လံရှာဖွေခြင်း၊ အဆိုတော်များကို ဖမ်းဆီးမှုများရှိနေ၍ ရခိုင်က အနုပညာရှင်များမှာ ထွက်ပြေးတိမ်းရှောင်နေကြရသည်။