- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဖမ်းဆီးရမိထားသည့် သစ်များကို ဒေသထူထောင်ရေးတွင် အသုံးပြုသွားမည်ဟု AA ပြော
" စစ်ကောင်စီနဲ့ ပေါင်းပြီး ခိုးခုတ်ထားတဲ့ သစ်တွေထဲက တချို့ကိုတော့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေနဲ့ သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်။ ဒီသစ်တွေကို ဒေသပြန်လည်ထူထောင်ရေးတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ် " ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ပြောသည်။
03 Mar 2025

DMG ၊ မတ် ၃
ရခိုင်ရိုးမတကြောတွင် တရားမဝင်ခိုးထုတ်သည့် သစ်များကို ဖမ်းဆီးရမိထားပြီး ရခိုင်ဒေသ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် အသုံးပြုသွားမည်ဖြစ်ကြောင်း အာရက္ခတပ်တော် (AA) က ပြောသည်။
ရခိုင်တွင် စစ်ကောင်စီထိန်းချုပ်ထားစဉ်က နည်းလမ်းအမျိုးမျိုးနှင့် ခိုးထုတ်ထားသည့် သစ်တန်ချိန်ပေါင်း များစွာရှိပြီး ဂွမြို့နယ်သို့ ဧရာဝတီတိုင်းမှ ဖောက်ဝင်ပြီး ခိုးထုတ်ထားသည့် သစ်အများအပြားရှိကြောင်း သိရသည်။
" စစ်ကောင်စီနဲ့ ပေါင်းပြီး ခိုးခုတ်ထားတဲ့ သစ်တွေထဲက တချို့ကိုတော့ အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရအနေနဲ့ သိမ်းဆည်းသွားမှာ ဖြစ်ပါတယ်။ ဒီသစ်တွေကို ဒေသပြန်လည်ထူထောင်ရေးတွေမှာ အသုံးပြုသွားမှာဖြစ်ပါတယ် " ဟု AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ က ပြောသည်။
တစ်ပိုင်တစ်နိုင်လုပ်ကိုင်နေသည့် အချို့ဒေသခံများကို ခုတ်ထားပြီး သစ်များအား ရွှေ့ပြောင်းသယ်ယူခွင့်နှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ကို ကန့်သတ်မထားဘဲ သတ်မှတ်ထားသည့် အခွန်နှုန်းအတိုင်းကောက်ခံကာ ဆက်လက်လုပ်ကိုင်ခွင့် ပေးထားကြောင်း AA က ပြောသည်။
ယင်းအပြင် ရခိုင်ဒေသအတွင်း သစ်ခိုးထုတ်မှုများကို တားဆီးရန် AA က မြို့သိမ်းတိုက်ပွဲများနောက်ပိုင်း ဒေသန္တရ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။
လက်ရှိ AA သိမ်းပိုက်ထားသည့် မြို့နယ်များတွင် တိုက်ပွဲအတွင်း အိမ်မီးလောင်ပျက်စီးသွားသည့် ဒေသခံများ၏ ပြန်လည်ထူထောင်ရေးအတွက် သစ်၊ ဝါးနှင့် အုန်းများထောက်ပံ့ကာ နေအိမ်များ ဆောက်လုပ်ပေးနေကြောင်း ဒေသခံများက ပြောသည်။
ရခိုင်စစ်ရေးပဋိပက္ခများကို အခွင့်ကောင်းယူကာ စီးပွားရေးလုပ်ငန်းရှင်များက သစ်ခိုးထုတ်ယူမှုများကြောင့် သစ်တောပြုန်းတီးမှု ဖြစ်ပေါ်နေပြီး ထိထိရောက်ရောက် ကိုင်တွယ်ဆောင်ရွက်သင့်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လုပ်ဆောင်သူများက ထောက်ပြသည်။
" ရခိုင်မှာဆိုရင် ULA/AA အစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုယ်တွယ်ရမယ့် အစိတ်အပိုင်းဖြစ်တယ်။ သစ်တောပြုန်းတီးမှုက လူသားတွေ လောဘတက်ပြီးတော့ မတော်မတရား မှောင်ခို ခိုးသွင်းတာတွေ၊ နိုင်ငံခြားကို ခိုးပို့တာတွေ၊ တကယ့် ကြီးကြီးမားမား စီးပွားဖြစ်လုပ်တာတွေကို ULA/ AA အစိုးရအနေနဲ့ ဉပဒေ မူဝါဒတွေ ချပြီးတော့ ထိထိရောက်ရောက် လုပ်ဖို့လိုအပ်တယ် " ဟု ရခိုင်ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးအသင်း ဥက္ကဌ ကိုရန်နောင်စိုးက DMG နှင့် အင်တာဗျူးတွင် ပြောကြားထားသည်။
ရခိုင်ရိုးမတောင်တန်းမှ ကျွန်း၊ ပျဉ်းကတိုး၊ စကားဝါ၊ ကညင်၊ ကညောင်းများထွက်ရှိပြီး ရိုးမတောင်တန်း တလျှောက်ရှိ တောင်ကုတ်၊ သံတွဲ ၊ အမ်း၊ ဂွ စသည့်ဒေသများတွင် သစ်ခိုးထုတ်မှု အများဆုံးဖြစ်သည်။
သစ်တောသယံဇာတများမှာ ထုတ်ယူမှုများပြားလာမှုများကြောင့် တဖြည်းဖြည်း ဆုတ်ယုတ်လာနေပြီး အချိန်မီ မထိန်းသိမ်းနိုင်ပါက ဂေဟစနစ်ယိုယွင်းမှုများ ဖြစ်ပွားလာကာ အဆိုးဘက်သို့ အကျိုးများလာနိုင်ကြောင်း ပြောဆိုကြသည်။
စစ်ကောင်စီလက်ထက်က ရခိုင်တွင် သစ်ခိုးထုတ်မှုကို ငွေပေးကာ နည်းလမ်းအမျိုးမျိုးနှင့် လုပ်ဆောင်ခဲ့ကြပြီး ယခုအခါ သစ်တောပြုန်းတီးလာမှု နောက်ဆက်တွဲ နှစ်စဉ်နှစ်တိုင်း ရေကြီးခြင်း၊ မြေပြိုခြင်းစသည့် သဘာဝဘေးအန္တရာယ်များကို ဒေသခံများ ရင်ဆိုင်နေကြရသည်။
ရခိုင်တွင် သစ်တောဧရိယာစုစုပေါင်း ၂,၇၆၀,၀၀၀ ကျော်ရှိကြောင်း ပြည်နယ်သစ်တောဦးစီးဌာန၏ ၂၀၂၀ ခုနှစ် စာရင်းများအရ သိရသည်။