ရခိုင်တွင် တိုက်ပွဲအရှိန်မြှင့်မည်ဟု AA ပြော

ရခိုင်ဒေသတွင် ကျန်ရှိနေသေးသော စစ်ကောင်စီ လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်နိုင်ရေး အတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန် မြှင့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ တွင် အာရက္ခတပ်တော်က ကြေညာလိုက်သည်။

By Admin 28 Sep 2024

ဓာတ်ပုံ - ABN
ဓာတ်ပုံ - ABN

DMG ၊ စက်တင်ဘာ ၂၈

ရခိုင်ဒေသတွင် ကျန်ရှိနေသေးသော စစ်ကောင်စီ လက်ကျန်စခန်းများအားလုံးကို တစ်ခုမကျန် သိမ်းပိုက်နိုင်ရေး အတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန် မြှင့်မည်ဖြစ်ကြောင်း စက်တင်ဘာ ၂၇ တွင် အာရက္ခတပ်တော်က ကြေညာလိုက်သည်။

AA ၏ စစ်မျက်နှာ ၁၈ ခုရှိသည့်အနက် ချင်းပြည်နယ် ပလက်အဝအပါဝင် မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထိန်း ချုပ်ထားပြီး စစ်တွေ၊ ကျောက်ဖြူ၊ အမ်း၊ တောင်ကုတ်၊ ဂွ၊ မာန်အောင်နှင့် မောင်တော နခခ ၅ တစ်ခုတည်းသာ ကျန်ရှိတော့ ခြင်းဖြစ်သည်။

လက်ရှိတွင် အမ်း၊ ဂွ နှင့် မောင်တောတို့တွင် တိုက်ပွဲများရှိနေပြီး ကျန်မြို့နယ်များကိုလည်း AA က ဝိုင်းရံ ပိတ်ဆို့ ထားသည်။

တစ်ပြိုင်နက်တည်းတွင် မောင်တောမြို့ပြင်၌ တစ်ခုတည်းကျန်ရှိနေသော စစ်ကောင်စီ၏ နခခ (၅) စခန်းအား အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် ထိုးစစ်များကို ဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဖြစ်ကြောင်း AA က ဆိုသည်။

ရခိုင်စစ်ရေး စောင့်ကြည့်နေသူတစ်ဦးက “ မိုးတွင်းမှာတောင် တိုက်ပွဲပြင်းထန်ခဲ့တော့ အခုလို ပွင့်လင်းရာသီ ရောက်လာတော့ ရခိုင်ဒေသမှာ တိုက်ပွဲတွေ နှစ်ဆ ပြင်းထန်လာမယ်လို့ ယူဆတယ်။ ဘာကြောင့်လဲဆိုရင် AA ခေါင်းဆောင်တွေရဲ့ ပြောဆိုချက်အရ ၂၀၂၅ ခုနှစ်မှာ ရခိုင်ပြည်သူတွေအတွက် အောင်မြင်မှုတစ်ကို ပေးမယ်လို့ ဆိုထားတာရှိတယ်။ ဒါကြောင့် ဒေသခံတွေအနေနဲ့ သတိဝိရိယနဲ့ နေကြရမယ် ” ဟု ပြောသည်။

စစ်ကောင်စီသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် တော်လှန်ရေးအင်အားစုများအား လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ဖိတ်ခေါ်ထားသည်။

ထိုသို့ နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကမ်းလှမ်းချက်မှာ အနှစ်သာရမရှိဘဲ ရွေးကောက်ပွဲအတွက် နိုင်ငံရေး အမြတ်ထုတ်ရန် ကြိုးစားခြင်းသာဖြစ်သည်ဟု ရခိုင်နိုင်ငံရေးသမားများနှင့် လေ့လာသူများက မှတ်ချက်ပြုကြ သည်။ 

အခြားတစ်ဖက်တွင်လည်း စစ်ကေင်စီသည် တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထိန်းချုပ်ထားသည့် နေရာများသို့ လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေမှုကို အရှိန်မြှင့်တင်နေသည်။ ယင်းကြောင့် အပြစ်မဲ့ အရပ်သားသေဆုံး ဒဏ်ရာရမှုများမှာလည်း တစ်နေ့တခြားများပြားနေသည်။

စက်တင်ဘာ ၂၆ ရက်နေ့က သံတွဲမြို့ရှိ မြို့နယ်ခန်းမနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးရုံးကို စစ်ကောင်စီ က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စစ်ဘေးရှောင် ကလေးငယ်အပါအဝင် ၁၄ ဦးသေဆုံး ပြီး ၃၀ ဦး ထက်အနည်း ဒဏ်ရာရရှိသွားခဲ့သည်။