ဂွတိုက်ပွဲ ပြင်းထန် (ကုလားပြင်ရွာမှ စစ်ကောင်စီတပ်သားများ တပ်ဆုတ်ထွက်ပြေး)

ကုလားပြင်ကျေးရွာသည် ကျိန္တလီမြို့နှင့် ၇ မိုင်ခန့်၊ ဂွမြို့နှင့် မိုင် ၂၀ ခန့် ကွာဝေးသည်။ ဂွမြို့နယ်တွင် ဩဂုတ်လ ၈ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး AA က ကျိန္တလီမြို့ကို ဩဂုတ် ၁၃ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

By Admin 05 Oct 2024

စစ်ကောင်စီ၏ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတစ်ခု။ (ဓာတ်ပုံ - CINCDS)
စစ်ကောင်စီ၏ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်ခန်းတစ်ခု။ (ဓာတ်ပုံ - CINCDS)

DMG ၊ အောက်တိုဘာ ၅ 

ရခိုင်ပြည်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့အနီးရှိ ကုလားပြင်(ရတနာမြိုင်)ကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများမှာ တပ်ဆုတ်ထွက်ပြေးသွားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ 

အောက်တိုဘာ ၄ ရက်က ကုလားပြင်ရွာအနီးရှိ ဂန့်ဂေါ်တောင်တန်းတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားများမှာ ကျဆုံးမှုများ၍ ထွက်ပြေးသွားခြင်းဖြစ်သည်။ 

ဓာတ်ပုံ - OpenStreetMaps

“မနေ့က တိုက်ပွဲကတော့ တအားပြင်းတယ်။ AA က အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးများတယ်။ ဒါကြောင့် ကုလားပြင်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ကြွေချိုင်ကမ်းခြေဖက်ကို ခုတ်ခွာသွားကြတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

ကုလားပြင်ရွာအနီးတွင် အောက်တိုဘာ ၂ ရက်မှစ၍ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားသည့် နေရာများကို စစ်ကောင်စီက လေကြောင်းအပြင် ဂွမြို့အခြေစိုက် ခမရ ၅၆၂ တပ်ရင်းမှ လက်နက်ကြီးများဖြင့် ပစ်ကူပေးခဲ့ကြောင်း သိရသည်။

ကုလားပြင်ကျေးရွာသည် ကျိန္တလီမြို့နှင့် ၇ မိုင်ခန့်၊ ဂွမြို့နှင့် မိုင် ၂၀ ခန့် ကွာဝေးသည်။ ဂွမြို့နယ်တွင် ဩဂုတ်လ ၈ ရက်မှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး AA က ကျိန္တလီမြို့ကို ဩဂုတ် ၁၃ ရက်တွင် သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

တိုက်ပွဲနှင့်အတူ စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဂွမြို့နယ်အတွင်းရှိ ကုလားပြင်၊ ကိုင်ခုံ၊ သပြု ချောင်း၊ ဂန့်ဂေါ်တောင်၊ ရေကျော် စသည့် ကျေးရွာများမှ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

 “ဂန့်ဂေါ်တောင်တန်းတလျှောက် ကျေးရွာတွေက စစ်ဘေးရှောင်လာတဲ့ဒေသခံတွေ စားဝတ်နေရေးတွေ တော်တော့်ကို အခက်အခဲရှိနေတယ်။ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆိုရင်လည်း သွားလို့မရတဲ့ အနေအထားမှာ ရှိတယ်။ အဲဒီဖက်ကို ဖုန်းအဆက်သွယ်လည်း မရဘူး” ဟု ဂွဒေသခံတစ်ဦးက ပြောသည်။

ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားချိန်မှစ၍ စစ်ကောင်စီက လမ်းခရီးသွားလာခွင့် ကန့်သတ်ပိတ်ပင်ထားသဖြင့် ကုန်စည်ပြတ်လပ်ကာ ဒေသခံများမှာ စားဝတ်နေရေးအပြင် ဆေးဝါးအခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။  

စစ်ကောင်စီနှင့် AA တို့ကြား ၁၁ လနီးပါးကြာ တိုက်ပွဲကာလအတွင်း AA သည် ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၀ ခုအထိ သိမ်းပိုက် ထိန်းချုပ်ထားပြီး ဂွ၊ မောင်တော၊ အမ်းမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်နေသည်။