ဂွအခြေစိုက် တပ်ရင်းနှစ်ခုထဲက တစ်ခုကို  AA သိမ်းပိုက်

သံတွဲ - ဂွလမ်းပေါ်ရှိ ၅၆၃ တပ်ရင်းမှ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သား တစ်ချို့ကို ဖမ်းဆီးရမိခဲ့ကာ ကျန်တပ်သားများမှာ ခမရ ၅၆၂ သို့ တပ်ဆုတ်ခွာ ပူးပေါင်းသွားကြောင်း သိရသည်။

By Admin 20 Dec 2024

ပုံစာ- ဂွမြို့အခြေစိုက်  ခမရ (၅၆၃) တပ်ရင်းကို Google Maps မှ တစ်ဆင့် တွေ့ရစဉ်။ 
ပုံစာ- ဂွမြို့အခြေစိုက်  ခမရ (၅၆၃) တပ်ရင်းကို Google Maps မှ တစ်ဆင့် တွေ့ရစဉ်။ 

DMG ၊ ဒီဇင်ဘာ ၂၀ 

ရခိုင်ပြည်၊ ဂွမြို့၊ မြို့မရပ်ကွက်အလယ်ရွာရှိ စစ်ကောင်စီ၏ ခမရ ၅၆၃ တပ်ရင်းကို အာရက္ခတပ်တော်(AA)က ယနေ့(ဒီဇင်ဘာ ၂၀) နံနက်ပိုင်းတွင် အလုံးစုံသိမ်းသိမ်းပိုက်လိုက်ကြောင်း AA နှင့် နီးစပ်သူများထံမှ သိရသည်။ 

သံတွဲ - ဂွလမ်းပေါ်ရှိ ၅၆၃ တပ်ရင်းမှ လက်နက်ခဲယမ်းတစ်ချို့ကို သိမ်းဆည်းရမိပြီး စစ်ကောင်စီတပ်သား တစ်ချို့ကို ဖမ်းဆီးရမိခဲ့ကာ ကျန်တပ်သားများမှာ ခမရ ၅၆၂ သို့ တပ်ဆုတ်ခွာ ပူးပေါင်းသွားကြောင်း ဆိုသည်။ 

AA နှင့် နီးစပ်သူတစ်ဦးက “ဂွ- သံတွဲလမ်းပေါ်မှာရှိတဲ့ မြို့မရပ်ကွက်က ၅၆၃ ကို သိမ်းလိုက်တာ ဟုတ်တယ်။ မနက်လောက်က သိမ်းလိုက်တာပါ။ စကစက တစ်ချို့တပ်သားတွေကတော့ ၅၆၂ ကို ပူးပေါင်းသွားကြတယ်။ အဲဒီတပ်ရင်း ၂ ခုက သိပ်မဝေးဘူး။ ခြေမြန်သွားရင်တောင် ၁၅ မိနစ်လောက် ဝေးတယ်။ ၅၆၂ လည်း သိပ်ကြာမယ် မထင်တော့ဘူး” ဟု ပြောသည်။ 

လက်ရှိမှာ ဂွ - ငသိုင်းချောင်းလမ်းရှိ ခမရ ၅၆၂ တပ်ရင်းကို AA က ဆက်လက်ထိုးစစ်ဆင်နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း မြေပြင်သတင်းရင်းမြစ် တစ်ဦးက ပြောသည်။ 

“စကစဖက်ကတော့ အထိအခိုက် အရမ်းများတယ်ထင်ရတယ်။ ကားတွေနဲ့ မနည်းဘူး ပြောင်းရွှေ့ကြတာ။ ပြီးရင် မနက်ကတော့ ရိုးတောင်ထက်က လက်နက်ကြီးလှမ်းပစ်နေတာရှိတယ်” ဟု ပြောသည်။ 

ထိုနည်းတူ ဒီဇင်ဘာ ၁၇ ရက်ကစ၍ ဂွနှင့် ငသိုင်းချောင်းကြား ဆက်သွယ်ထားသည့် ရိုးမတောင်ပေါ်လမ်း ဗောဓိကျေးရွာအနီး တောင်ကြောတစ်လျှောက်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေယာဉ်၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့တွင်းနေအိမ်များ မီးလောင် ပျက်စီးမှုများလည်း ရှိနေသည်။

ဂွမြို့တွင်း တိုက်ပွဲသည် ယခင်ရက်များနည်းတူ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်းမှ စစ်ကောင်စီ အလောင်း၊ လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု AA က ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ 

ကျိန္တလီမြို့နှင့် ဂွမြို့ကြားတွင်ရှိသော စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို ချေမှုန်းတိုက်ခိုက်ပြီးနောက် AA သည် ဂွမြိုရှိ စစ်ကောင်စီ၏ ခမရ ၅၆၃ ကို သိမ်းပိုက်ခဲ့ကာ လက်ရှိမှာ ခမရ ၅၆၂ ကို ဆက်လက် ထိုးစစ် ဆင်နေသည်။