- ရခိုင်တွင် ဇန်နဝါရီလအတွင်း အရပ်သားထိခိုက်သေဆုံးမှု ၃ ဆခန့် မြင့်တက်
- ထောင်တွင်းက နိုင်/ကျဉ်းများ ကျန်းမာရေးစောင့်ရှောက်ခွင့် ချိုးဖောက်ခံနေရ
- အေအေထိန်းသိမ်းထားသည့် တတိယမြောက် ကုန်သင်္ဘော ၁၆ ရက်အကြာ ပြန်လွတ်လာ
- အာဏာသိမ်း ၄ နှစ်ပြည့်နှင့် စစ်ရေး၊ နိုင်ငံရေး အလားအလာ
- ရခိုင့်နိုင်ငံရေး အပြောင်းအလဲနဲ့ ကျောက်ဖြူအထူးစီးပွားရေးဇုံရဲ့ အနာဂတ်
စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
တိုင်းရင်းသားဒေသများတွင် စစ်ရေးအရရှုံးနိမ့်နေမှုကြောင့် စစ်ကောင်စီထိန်းချုပ်ထားဆဲ ဒေသများသို့ ရောက်ရှိနေသည့် တိုင်းရင်းသားအမျိုးသမီးများအား စစ်ကောင်စီက ပို၍ဖိနှိပ်လာနိုင်ကြောင်း အမျိုးသမီးအဖွဲ့အစည်းများက ပြောဆိုကြသည်။
03 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၃
စစ်ကောင်စီသည် နိုင်ငံတဝန်းက အမျိုးသမီးများအား စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းရန် အကျုံးဝင်သည့် အသက် ၁၈ နှစ်မှ ၂၇ နှစ်အရွယ်များကို အတင်းအဓမ္မခေါ်ယူနေမှုကြောင့် အမျိုးသမီးအခွင့်အရေးများ ဆုံးရှုံးလာနေသည်ဟု အမျိုးသမီးအရေးလှုပ်ရှားသူများက ပြောဆိုကြသည်။
ဇန်နဝါရီလ ဒုတိယအပတ်မှ စတင်ကာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်၊ သာကေတ၊ လှိုင်သာယာ၊ ဒေါပုံ၊ ရွှေပြည်သာ၊ ပုစွန်တောင်စသည့်မြို့နယ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသမီးများထဲမှ စစ်မှုထမ်းစာရင်းများကို အတင်းအဓမ္မ ကောက်ယူလျက်ရှိကြောင်း မြို့ခံများပြောပြချက်အရ သိရသည်။
"အုပ်ချုပ်ရေးမှူးက စာရင်းစာရွက်ကိုကိုင်ပြီး လာကောက်တာ။ ဘေးအိမ်က ညီမတစ်ယောက် စစ်မှုထမ်းရမယ့် စာရင်းထဲပါတယ်။ အဲဒီညီမရဲ့ မိဘတွေက အုပ်ချုပ်ရေးမှူးနဲ့ငွေပေးပြီး ညှိနှိုင်းပေမယ့် ငွေပေးလို့ မရဘူးလို့ပြောတယ်။ အခုကျမတို့လည်း ဘယ်လိုဖြစ်လာမလဲ မသိရသေးဘူး" ဟု ရန်ကုန်၊ ရွှေပြည်သာမြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းအတွင်း စစ်မှုထမ်းစာရင်းတွင်ပါဝင်သည့် အမျိုးသမီးစာရင်းအား ရပ်ကွက်၊ မြို့နယ်အလိုက် စစ်ကောင်စီက အိမ်တိုင်လာရောက်ကာ စာရင်းကောက်ယူနေမှုကြောင့် အမျိုးသမီးများမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ စိုးရိမ်စိတ်များဖြင့် ဖြတ်သန်းနေရသည်ဟု ပြောဆိုကြသည်။
ထို့အတူ စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အမျိုးသမီးအားလုံးအနေဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍သော်လည်းကောင်း နစ်နာမှုများရှိသည်ဟု အမျိုးသမီးအဖွဲ့အစည်းများက ပြောဆိုကြသည်။
တိုင်းရင်းသားဒေသများတွင် စစ်ရေးအရရှုံးနိမ့်နေမှုကြောင့် စစ်ကောင်စီထိန်းချုပ်ထားဆဲ ဒေသများသို့ ရောက်ရှိနေသည့် တိုင်းရင်းသားအမျိုးသမီးများအား စစ်ကောင်စီက ပို၍ဖိနှိပ်လာနိုင်ကြောင်း အမျိုးသမီးအဖွဲ့အစည်းများက ပြောဆိုကြသည်။
"စစ်ပွဲမှာမနိုင်တဲ့အခါ တခြားအမျိုးသမီးတွေကို ဖိနှိပ်တာတွေ ပိုမြင်လာရနိုင်တယ်ဆိုတာကို ကျမတို့မြင်ရတယ်" ဟု အမျိုးသမီးအဖွဲ့အစည်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် အမျိုးသမီးများအား စစ်မှုထမ်းသင်တန်းအပတ်စဉ်(၅)မှ စတင်ကာ ခေါ်သွားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် စစ်ကောင်စီက ပြောဆိုထားသည်။
တစ်ဖက်တွင်လည်း အမျိုးသမီးများအားစစ်မှုထမ်းရန် စာရင်းကောက်ယူနေခြင်း မရှိသေးကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ငြင်းဆိုခဲ့သည်။
စစ်မှုထမ်းဥပဒေတွင် အမျိုးသမီးစစ်မှုထမ်းရန်အတွက် အိမ်ထောင်သည်များကို မခေါ်ဟု ပါရှိမှုကြောင့် အမျိုးသမီးများမှာ ငယ်ငယ်ရွယ်ရွယ်ဖြင့် အိမ်ထောင်မဖြစ်မနေပြုရမည့် အနေအထားတစ်ရပ် ဖြစ်လာစေကြောင်းလည်း သုံးသပ်နေကြသည်။
"အမျိုးသမီးတွေကို အိမ်ထောင်ရှိရင် စစ်မှုမထမ်းစေဘူးဆိုတာမျိုး ဥပဒေမှာ ပြဌာန်းထားတဲ့အခါ အမျိုးသမီးတွေဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်မဖြစ်မနေ ပြုရမယ့်အနေအထားတွေ ကြုံလာရနိုင်တယ်။ အတင်းအကျပ် ယောက်ျားပေးစားတာတွေ ဖြစ်လာမယ်။အတင်းအဓမ္မ စစ်မှုထမ်းခေါ်လို့ ထွက်ပြေးတိမ်းရှောင်တဲ့ အခါမှာလည်း လိင်ကျွန်ပြုခံရတဲ့ အနေအထားအထိ ကြုံရနိုင်တယ်" ဟု အမည်မဖော်လိုသည့် အမျိုးသမီးအဖွဲ့အစည်းမှ တာဝန်ရှိသူက ပြောသည်။
စစ်မှုထမ်းဥပဒေအရ အပတ်စဉ်တစ်ခုတွင် နိုင်ငံတဝန်းက စစ်မှုထမ်းဦးရေ ၅,၀၀၀ စီကို သင်တန်းပေးနေပြီး ယခုအခါ အပတ်စဉ်(၉)အထိ ရောက်ရှိလာပြီဖြစ်သည်။
ထို့အတူ စစ်မှုထမ်းရန်ပျက်ကွက်သူ၊ တိမ်းရှောင်ရန် ကြိုးပမ်းသူများအား စစ်မှုထမ်းဥပဒေအရ ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ချမှတ်နိုင်ကြောင်းလည်း ဥပဒေပြဌာန်းသိရသည်။