ဂွ ရိုးမတောင်ကြားလမ်းကို ထိန်းချုပ်ရန် စစ်ကောင်စီနှင့် AA အပြိုင်ကြိုးပမ်းနေ
အဆိုပါလမ်းကြောင်မှာ တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့သို့ စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေသည့် စစ်ကောင်စီ၏ အဓိက လမ်းကြောင်းတစ်ခုဖြစ်၍ ယင်းလမ်းကြောင်းကို AA ထိန်းချုပ်လိုက်ပါက စစ်ကောင်စီအတွက် ဆုံးရှုံးမှု ကြီးမားသွားမည် ဖြစ်သည်။
19 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၉
ဂွမြို့နယ်နှင့် ဧရာဝတီတိုင်း နယ်နိမိတ်ထိစပ်နေသည့် ဂွ - ငသိုင်းချောင်းလမ်းပိုင်း ရခိုင်ရိုးမပေါ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး တိုက်ပွဲဧရိယာ တဖြည်းဖြည်း ကျယ်ပြန့်လာနေသည်။
ဒီဇင်ဘာ ၁၇ ရက်မှစ၍ ဂွနှင့် ငသိုင်းချောင်းကြား ဆက်သွယ်ထားသည့် ရိုးမတောင်ပေါ်လမ်း ဗောဓိကျေးရွာ အနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်ပြီး အဆိုပါလမ်းကြောင်းကို ထိန်းချုပ်ရန် နှစ်ဖက်စလုံးက အပြိုင်အဆိုင် ကြိုးပမ်းနေသည်ဟု သိရသည်။
AA နှင့် နီးစပ်သူ သတင်းရင်းမြစ်တစ်ဦးက “ ဧရာဝတီနဲ့ဆိုရင် မိုင် ၂၀ လောက်ရှိမယ်။ ဂွဘက်က ဆိုရင်တော့ ၂၅ မိုင်လောက်ရှိတဲ့ ကြားကရိုးလမ်းမှာ တိုက်ပွဲဖြစ်နေကြတာ။ အဲဒီလမ်းကြောင်းကို AA က ထိန်းချုပ်ဖို့ ကြိုးပမ်းနေတာ။ စကစလည်း အပြိုင်ပေါ့နော်။ ဒီလမ်းကြောင်း မပေးရရေးဆိုပြီး လေကြောင်း၊ လက်နက်ကြီး တွေနဲ့အပြိုင်ခုခံနေတယ်။ အဲဒီနေရာမှာ တိုက်ပွဲဖြစ်တာ ဒီနေ့နဲ့ဆိုရင် ၃ ရက်မြောက်ပေါ့နော်။ ထောက်ပို့လမ်းဖြစ်တာကြောင့် AA ဖက်က ဖြတ်တောက်ဖို့ ကြိုးစားနေတာဖြစ်တယ်” ဟု ပြောသည်။
အဆိုပါလမ်းကြောင်မှာ တိုက်ပွဲပြင်းထန်နေသည့် ဂွမြို့သို့ စစ်အင်အားအလုံးအရင်း ဖြည့်တင်းနေသည့် စစ်ကောင်စီ၏ အဓိက လမ်းကြောင်းတစ်ခု ဖြစ်သည့်အတွက် ယင်းလမ်းကြောင်းကို AA ထိန်းချုပ်လိုက်ပါက စစ်ကောင်စီအတွက် ဆုံးရှုံးမှု ကြီးမားသွားမည်ဟုလည်း ဆက်ပြောသည်။
တိုက်ပွဲပြင်းထန်နေသဖြင့် ယင်းလမ်းကြောင်းကို AA က သွားလာခွင့်ကန့်သတ်ထားပြီး တိုက်ပွဲဖြစ်ပွားသည့်နေရာကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ပစ်ခတ်နေကြောင်း သိရသည်။
ယင်းအပြင် ငသိုင်းချောင်းမြို့အဝင် ရိုးမအဆင်းလမ်း၊ ဧရာဝတီဘက်နှင့် မိုင် ၂၀ ခန့်ဝေးသည့် ရိုးပေါ်တစ်နေရာမှာ စစ်ကောင်စီက အမြောက်တပ် တပ်ဆင်ထားပြီး ယင်းတောင်ပေါ်၌ တောင်ယာလုပ်ကိုင်၍ နေထိုင်သည့် ဒေသခံများကို ဖယ်ရှားခိုင်းထားသည်ဟု DMG သတင်းရင်းမြစ်က ပြောသည်။
“လက်နက်ကြီး တပ်ဆင်ဖို့အတွက် မြေဖို့နေကြပြီ။ ပြီးတော့ ရိုးပေါ်မှာနေတဲ့ တဲအိမ်တွေကိုလည်း အကုန်လုံး ဖယ်ရှားခိုင်းထားတယ်” ဟု ပြောသည်။
အဆိုပါ တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းဒေသ၊ ငသိုင်းချောင်း၊ ရေကြည်၊ သာပေါင်း၊ ချောင်းသာ၊ ကြံခင်း၊ မြန်အောင် မြို့နယ်များ၌ စစ်ကောင်စီက လုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်း သိရသည်။
ယင်းအပြင် တိုက်ပွဲနောက်ဆက်တွဲအဖြစ် ဧရာဝတီရောက် ရခိုင်စစ်ဘေးများကို လူအင်အားအလုံးအရင်းဖြင့် ဧည့်စာရင်း၊ အိမ်ထောင်စုစာရင်း စစ်ဆေးမှုလည်း ယခင်ထက် ပိုမိုလုပ်ဆောင်လာကြောင်း ဧရာဝတီရောက် ဂွစစ်ဘေးရှောင် အမျိုသားတစ်ဦးက ပြောသည်။
“ရခိုင်ရိုးမနဲ့ နီးစပ်တဲ့ ရာဝတီတိုင်း မြို့နယ်တွေက ဒေသခံတွေကတော့ လှုပ်လှုပ်ရွရွဖြစ်နေကြပြီ။ စစ်ဘေးရှောင်ရတော့မှာလား။ ဘယ်ကိုပြောင်းရမလဲဆိုပြီး စိုးရိမ်စိတ်တွေဖြစ်နေကြတယ် ” ဟု ပြောသည်။
ဂွမြို့တွင်းတိုက်ပွဲသည်လည်း ယခင်ရက်များနည်းတူ ဆက်လက်ပြင်းထန်နေပြီး တိုက်ပွဲအတွင်းမှ စစ်ကောင်စီ အလောင်း၊ လက်နက်ခဲယမ်း အမြောက်အမြားတို့ကို သိမ်းဆည်းရမိခဲ့သည်ဟု AA က ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ထုတ်ပြန်သည်။
တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေယာဉ်၊ လက်နက်ကြီး ပစ်ခတ်မှုကြောင့် မြို့တွင်းနေအိမ်များ မီးလောင်ပျက်စီးမှုများလည်း ရှိနေသည်။
“ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မီးလောင်တယ်။ မနေ့ညကလည်း လက်နက်ကြီးကျလို့ နေအိမ်၊ ဈေးဆိုင်ခန်းတွေ မီးလောင်သွားတယ် ” ဟု မြေပြင်သတင်းရင်းမြစ်က တစ်ဦးက ပြောသည်။
ကျိန္တလီမြို့နှင့် ဂွမြို့ကြားတွင်ရှိသော စစ်ကောင်စီတပ်ရင်း၊ တပ်စခန်းများကို ချေမှုန်းတိုက်ခိုက်ပြီးနောက် AA သည် ဂွမြိုရှိ စစ်ကောင်စီ၏ ခမရ ၅၆၂ နှင့် ၅၆၃ ပူးပေါင်းတပ်ရင်းတို့ကို ထိုးစစ်ဆင်နေပြီး ယနေ့အချိန်ထိ တိုက်ပွဲဆက်လက်ပြင်းထန်နေသည်။
ရခိုင်ဒေသအတွင်း မြို့နယ်အများအပြားကို သိမ်းပိုက်ထိန်းချုပ်ထားသော AA သည် အမ်းနှင့် ဂွမြို့နယ်ကို အလုံးစုံသိမ်းပိုက်နိုင်ရေး မရပ်မနား ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေသည်။ လက်ရှိတွင် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်နှင့် ရခိုင်က မြို့နယ် ၁၂ ခုအပြင် အမ်းမြို့ကိုလည်း သိမ်းပိုက်ထားပြီးဖြစ်၍ ဂွ၊ ကျောက်ဖြူ၊ မာန်အောင်နှင့် စစ်တွေမြို့တို့သာ ကျန်ရှိတော့ပြီဖြစ်သည်။