- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
တိုက်ပွဲကြောင့် သာပေါင်းက ဆင်များကို အရေးပေါ်ရွှေ့ပြောင်း
ရွှေ့ပြောင်းနေသည့် ဆင်များတွင် ရခိုင်ပြည်၊ ဂွမြို့နယ်မှ ရွှေ့ပြောင်းသွားသည့် ဆင်များလည်း ပါဝင်ပြီး ဆင်များကို ငပုတောမြို့နယ်၊ မြစ်တရာသစ်ထုတ်လုပ်ရေး စခန်းသို့ ယခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ စ၍ တသုတ်ချင်းစီ ရွှေ့ပြောင်းနေခြင်း ဖြစ်သည်။
05 Mar 2025

DMG ၊ မတ် ၅
စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) ပူးပေါင်းတပ်များ၏ ဧရာဝတီတိုင်းအတွင်း တိုက်ပွဲများကြောင့် သာပေါင်းမြို့နယ်၊ မရမ်းချိုကျေးရွာရှိ သစ်ထုတ်လုပ်ရေးစခန်းမှ ဆင်များကို ငပုတောမြို့နယ်သို့ အရေးပေါ်ရွှေ့ပြောင်းနေကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ ရွှေ့ပြောင်းနေသည့် ဆင်များတွင် ရခိုင်ပြည်၊ ဂွမြို့နယ်မှ ရွှေ့ပြောင်းသွားသည့် ဆင်များလည်း ပါဝင်ပြီး ဆင်များကို ငပုတောမြို့နယ်၊ မြစ်တရာသစ်ထုတ်လုပ်ရေး စခန်းသို့ ယခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက်မှ စ၍ တသုတ်ချင်းစီ ရွှေ့ပြောင်းနေခြင်း ဖြစ်သည်။
သာပေါင်း ဒေသခံတစ်ဦးက " အဓိကတော့ သာပေါင်းမြို့နယ်မှာ တိုက်ပွဲတွေ ကျယ်ပြန့်လာနေတာကြောင့် ကြိုတင်ပြီး ရွှေ့ပြောင်းနေကြတာ။ ရွှေ့ပြောင်းနေတာမှာတော့ ရခိုင်၊ ဂွဖက်က ရွှေ့ပြောင်းလာတဲ့ ဆင်တွေနဲ့ မရမ်းချိုမှာ ရှိတဲ့ ဆင်တွေ အားလုံးပါတယ် " ဟု ပြောသည်။
မရမ်းချိုကျေးရွာမှ ဆင်များကို ဖေဖော်ဝါရီ ၂၈ ၊ မတ် ၁ နှင့် မတ် ၃ ရက်နေ့တို့တွင် အသုတ်လိုက်ခွဲပြီး ဆင်ကောင်ရေ ၁၀၈ ကောင်၊ ဆင်ဦးစီးများနှင့် မိသားစုဝင်များအပါဝင် လူဦးရေ ၃၀၀ ကျော်ကို ရွှေ့ပြောင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအတွင်း ဂွမြို့နယ်တိုက်ပွဲများကြောင့် ဒေါင်းချောင်းဆင်စခန်းမှ ဆင် ၄၅ ကောင်အပါအဝင် ဆင်ဦးစီးများနှင့် မိသားစုဝင်များ ဧရာဝတီတိုင်းသို့ ရွှေ့ပြောင်းခဲ့သည်။
လက်ရှိတွင် သာပေါင်းမြို့နယ်ရှိ သဲဖြူနှင့် သာပေါင်းလေးကျေးရွာအနီးတွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်နေကြောင်း သိရသည်။
" တိုက်ပွဲဖြစ်နေတဲ့ သာပေါင်းလေးနဲ့ မရမ်းချိုရွာဆိုတာက သိပ်ဝေးတော့တာ မဟုတ်ဘူး။ ရခိုင်ရိုးမကို အမှီပြုပြီး တည်ထားကြတဲ့ ရွာတွေ ဖြစ်တယ်။ ဒီရက်ပိုင်းမှာလည်း သာပေါင်းလေးရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်။ ဆင်စခန်းကို တိုက်ပွဲတွေ မရောက်ခင်မှာ ကြိုတင်ရွှေ့ပြောင်းကြတာ ဖြစ်နိုင်တယ် " ဟု သာပေါင်းဒေသခံ နောက်တစ်ဦးက ပြောသည်။
ဆင်ဖြူများကို အထွဋ်အထိပ်ထားတက်သည့် ဓလေ့များရှိကြသော အာဏာသိမ်း စစ်ဗိုလ်ချုပ်များသည် ဆင်အုပ်များကိုလည်း ဂရုတစိုက်စောင့်ရှောက်ရန် စေခိုင်းနေခြင်းဖြစ်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။
ရခိုင်ပြည်တွင် ဆင်စခန်း ၃ ခုရှိသည့်အနက် ဂွမြို့နယ်မှ ဆင်စခန်းတစ်ခုတည်းကိုသာ စစ်ကောင်စီက ဧရာဝတီတိုင်းဖက်သို့ ရွေ့ပြောင်းနိုင်ခဲ့သည်။ သံတွဲနှင့် တောင်ကုတ်မြို့နယ်ရှိ ဆင်စခန်းများမှာ အာရက္ခတပ်တော် (AA) ၏ ထိန်းချုပ်မှုအောက်တွင် ရှိကြောင်း သိရသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ဧရာဝတီတိုင်းတွင် ယခုနှစ်၊ ဇန်နဝါရီလ အစောပိုင်းမှ စကာ စစ်ကောင်စီတပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး လက်ရှိတွင် သာပေါင်း၊ ရေကြည်နှင့် ပုသိမ်မြို့နယ်တို့တွင် တိုက်ပွဲများ ရှိနေသည်။