- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီလက်ချက်ကြောင့် ရခိုင်အမျိုးသမီး ၈၃ ဦးသေဆုံး
ရခိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုအပါအဝင် မြေမြှုပ်မိုင်းတို့ကြောင့် အမျိုးသမီး သေဆုံးဒဏ်ရာရရှိမှုများမှာ နေ့စဉ်နှင့်အမျှတိုးလာပြီး စိတ်မလုံခြုံမှုများနှင့်နေထိုင်နေကြရသည်။
20 Jan 2025
DMG ၊ ဇန်နဝါရီ ၂၀
ရခိုင်တွင် စစ်ကောင်စီ၏ အမျိုးမျိုးသော တိုက်ခိုက်မှုများကြောင့် ၂၀၂၄ ခုနှစ်အတွင်း အမျိုးသမီး ၈၃ ဦး သေဆုံးခဲ့ရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ယနေ့ (ဇန်နဝါရီ ၂၀) တွင် ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်များအပေါ် ကျူးလွန်သောရာဇဝတ်မှုများအပါအဝင် အမျိုးမျိုးသော လူ့အခွင့်အရေးချိုးဖောက်မှုများကို နည်းမျိုးစုံဖြင့် ဆက်လက် ကျုးလွန်နေခြင်းကြောင်း အမျိုးသမီးများသည်လည်း နေ့စဉ်နှင့်အမျှ အသက်ဆုံးရှုံးနေရကြောင်း BWU ကဆိုထားသည်။
ရခိုင်တွင် စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုအပါအဝင် မြေမြှုပ်မိုင်းတို့ကြောင့် အမျိုးသမီး သေဆုံးဒဏ်ရာရရှိမှုများမှာ နေ့စဉ်နှင့်အမျှတိုးလာပြီး စိတ်မလုံခြုံမှုများနှင့်နေထိုင်နေကြရသည်။
“အဓိကတော့ စစ်ကောင်စီ လေကြောင်းအန္တရာယ်နဲ့ မြေမြှုပ်မိုင်းတွေကြောင့် အမျိုးသမီးတွေ အသက်ဆုံးရှုံးတာ တွေများတယ်။ အမျိုးသမီးတွေရဲ့လုံခြုံမှုက အရမ်းအားနည်းလာတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော လုံခြုံမှုကလုံးဝမရှိဘူး” ဟု မြောက်ဦးဒေသခံအမျိုးသမီးက ပြောသည်။
ဇန်နဝါရီ ၁၆ ကလည်း မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာမှ အမျိုးသမီးတစ်ဦးမှာ မြေမြှုပ်မိုင်းနင်းမိ၍ ခြေထောက်တစ်ဖက်ပြတ်ထွက်သွားပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့သည်။
ဇန်နဝါရီ ၁၈ ကလည်း မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့် နေရာ ကို စစ်ကောင်စီမှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အမျိုးသမီးနှင့် ကလေးငယ် အပါအဝင်၂၈ ဦး သေဆုံး ခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်။
အမျိုးသမီးများမှာ စစ်ကောင်စီ၏ လူ့အခွင့်အရေးချိုးဖောက်မှုကိုခံနေရပြီး လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍအသီးသီးတွင် အခက်အခဲများစွာနှင့် ဖြတ်ကျော်နေရကြောင်း အမျိုးသမီးအရေးလှုပ်ရှားသူများ ကပြောသည်။
တိုက်ပွဲပဋိပက္ခကြောင့် အမျိုးသမီးများမှာ အလုပ်အကိုင်ရှားပါး မှု စားဝတ်နေရေးကျပ်တည်းမှုများ အပြင် စစ်ကောင်စီ၏ လေကြောင်းအန္တရာယ်ကြောင့် စိတ်ထိခိုက်ခံစားမှုများနှင့် ရင်ဆိုင်ကြုံတွေ့နေကြသည်။
“ ဒီပဋိပက္ခကာလအတွင်းမှာတော့ ကျမတို့ အမျိုးသမီတွေပိုပြီးတော့ ထိခိုက်နစ်နာတာကိုတွေ့ရတယ်။ အထူး သဖြင့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာတွေ၊ စစ်ကောင်စီဆီမှာ နည်းမျိုးစုံနဲ့ သတ်ဖြတ်ခံတာတွေ ရှိတယ်။ ရခိုင်မှာဆိုရင် ပြီးခဲ့တဲ့နှစ်က စစ်ကောင်စီ မုဒိမ်းကျင့်ခဲ့တာကြောင့် စစ်တွေ ဗျိုင်းဖြူရွာက အမျိုးသမီး တစ်ချို့ သေဆုံးခဲ့တာရှိတယ်။ ဆိုတော့ ဒီလိုအဖြစ်အပျက်ဟာ ဒီကာလမှာဒီထက်လည်း ပိုဆိုးလာအုံးမှာ ဖြစ်တယ်။ ဒီ ကာလကို ကျော်ဖြတ်နိုင်ဖို့ ကိုယ့်ကိုကိုယ် ပိုပြီး ဂရုစိုက်ဖို့လိုအပ်တယ် ” ဟု အမျိုးသမီးတက်ကြွ လှုပ်ရှားသူ တစ် ဦးက ပြောသည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ခုနှစ်အတွင်း MNDAA မှသေဒဏ်ပေးမှုကြောင့် သေဆုံးခဲ့ရသည့် အမျိုးသမီးတစ်ဦး အပါ အဝင် စစ်ကောင်စီ၏ လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှု၊ မတရားသတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ အကြမ်း ဖက်မှု တို့ကြောင့် အမျိုးသမီး ၄၁၂ ဦးဒဏ်ရာရရှိခဲ့ပြီး ၄၇၈ ဦးအသက်သေဆုံးခဲ့ရကာ ရခိုင်မှ သေဆုံးသူ ၈၃ ဦး နှင့် တတိယအများဆုံးကြောင်း BWU ထုတ်ပြန်ချက် တွင်ပါရှိသည်။