- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
လက်ရှိ ရန်ကုန်တွင် စစ်ကောင်စီသည် အမျိုးသမီး၊ အမျိုးသား လူငယ်များကို ပစ်မှတ်ထား လိုက်လံဖမ်းဆီးနေသဖြင့် ပြည်သူများမှာ စိုးရိမ်စိတ်မြင့်တက်နေသည်။
05 Feb 2025
DMG ၊ ဖေဖော်ဝါရီ ၅
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ တစ်လအတွင်း ရန်ကုန်မြို့တွင် လူငယ် ၄၇၅ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း ရန်ကုန်မြို့အတွင်း ဖမ်းဆီးခံရမှုများကို စောင့်ကြည့်မှတ်တမ်းယူနေသည့် Rangoon Scout Network က ယမန်နေ့ (ဖေဖော်ဝါရီ ၄ ရက်) တွင် ထုတ်ပြန်သည်။
ဖမ်းဆီးခံရသူများမှာ တာမွေ၊ သာကေတ၊ အင်းစိန်၊ အလုံ၊ သင်္ကကျွန်း စသည့် မြို့နယ်များမှ ဖြစ်ပြီး ယင်းအထဲ တွင် လမ်းမပေါ် လိုက်ဖမ်းခံရသူ ၂၄၁ ဦး၊ ဧည့်စာရင်းကို အကြောင်းပြပြီး အဖမ်းခံရသူ ၇၇ ဦး၊ ရှောင်တခွင် စစ်ဆေးပြီး အဖမ်းခံရသူ ၅၈ ဦး၊ သတင်းအတိအကျရှာ အဖမ်းခံရသူ ၅၁ ဦးနှင့် စစ်မှုထမ်းအတွက် လိုက်ဖမ်းခံရသူ ၄၈ ဦးတို့ဖြစ်သည်။
" ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ရခိုင်လူမျိုးတွေလည်း ပါတယ်။ အသေးစိတ်အရေအတွက်ကိုတော့ ကျနော်တို့လည်း မသိရဘူး။ ခန့်မှန်းခြေ ၂၀ ကနေ ၅၀ ကြား ရှိမယ်။ စစ်တပ်နဲ့ ရဲတွေအပြင် အုပ်ကြီးတချို့နဲ့ ပျူ(ပျူစောထီး) အဖွဲ့ ဝင်တွေကပါ လိုက်ဆွဲနေတာပါ။ ပြန်လွတ်ဖို့ဆို ငွေကျပ် ၁၀ သိန်းကနေ သိန်း ၃၀ ထိ ငွေညှစ်ကြတယ်။ မပေးနိုင်ရင် စစ်မှုထမ်းထဲ တန်းထည့်တယ်" ဟု RSN မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိ ရန်ကုန်မြို့တွင် လျှပ်စစ်မီးပုံမှန်မရသဖြင့် လူငယ်များအနေဖြင့် ညအချိန် အပြင်မထွက်ရန်နှင့် လူပြတ်သည့် နေရာများသို့ မသွားကြရန် RSN က တိုက်တွန်းထားသည်။
ယခု စာရင်းများနှင့် အချက်အလက်များသည် RSN ၊ ချိတ်ဆက်အဖွဲ့အစည်းများနှင့် မီဒီယာတို့၏ သတင်းများကို ကိုးကား၍ ပြုစုထားသည့် စာရင်းများဖြစ်ပြီး လက်တွေ့မြေပြင်တွင် ယခုထက် ပိုများနိုင်ကြောင်း RSN က ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ပထမအပတ်ကလည်း လှိုင်သာယာ စက်ရုံမှ အလုပ်ဆင်းပြီး ပြန်လာသည့် အမျိုးသမီး တစ်ဦး အပါအဝင် ရခိုင်လူငယ် ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ ယင်းအထဲ အမျိုးသမီးမှာ စစ်ဆေးခံရပြီး ပြန်လွတ်လာသော်လည်း ကျန် ၆ ဦးမှာ ယနေ့ထိ မိသားစုနှင့် အဆက်အသွယ် မရသေးကြောင်း သိရသည်။
ပြန်လွတ်လာသူ အမျိုးသမီးက " ကျမတို့က စက်ရုံကနေ အလုပ်ဆင်းလို့ ပြန်လာတာ။ အဖမ်းခံရတုန်းက ကျမနဲ့ အတူ ယောက်ျား ၆ ယောက်ပါတယ်။ ကျမကို မှတ်ပုံတင်တွေ၊ ဖုန်းတွေစစ်ဆေးပြီးတော့ ပြန်လွှတ်လိုက်တယ်။ သူတို့ကတော့ အခုအချိန်ထိ မလွတ်သေးဘူး။ မိသားစုနဲ့လည်း အဆက်အသွယ်မရ သေးဘူး " ဟု ပြောသည်။
လက်ရှိ ရန်ကုန်တွင် စစ်ကောင်စီသည် အမျိုးသမီး၊ အမျိုးသား လူငယ်များကို ပစ်မှတ်ထား လိုက်လံဖမ်းဆီးနေသဖြင့် ပြည်သူများမှာ စိုးရိမ်စိတ်မြင့်တက်နေသည်။
ဇန်နဝါရီ ဒုတိယအပတ်မှ စတင်ကာ ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်၊ သာကေတ၊ လှိုင်သာယာ၊ ဒေါပုံ၊ ရွှေပြည်သာ၊ ပုစွန်တောင် စသည့်မြို့နယ်များတွင် စစ်မှုထမ်းရန် အကျုံးဝင်သည့် လူငယ်စာရင်းများကို အတင်းအဓမ္မကောက်ယူလျက်ရှိကြောင်း မြို့ခံများ ပြောပြချက်အရ သိရသည်။
" မနေ့ကလည်း ရွှေပြည်သာဖက်မှာ စစ်သားတွေ အများကြီးပဲ။ လူတွေကို လိုက်ဖမ်းနေတာ။ သူတို့(စစ်ကောင်စီ) နဲ့ တွေ့ရင်တော့ အဖမ်းခံရတယ်။ အခုအပြင်သွားရင်တောင် တစ်ယောက်တည်း မသွားရဲဘူး။ ယောက်ျားတွေဆိုရင် ပိုပြီးတော့ သတိထားပြီး သွားနေရတယ် " ဟု ရန်ကုန်ရောက် ရခိုင်လူငယ်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေမြို့တော်ဖြစ်ပြီး ဗမာအပါဝင်းတိုင်းရင်းသားမျိုးစုံ နေထိုင်ရာနေရာ ဖြစ်သည်။
စစ်ပွဲများတွင် အရေးနိမ့်နေသော စစ်ကောင်စီသည် အရွယ်ရောက်သူတိုင်း မဖြစ်မနေ စစ်တပ်ထဲဝင်ရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ၂၀၂၄၊ ဖေဖော်ဝါရီလတွင် အသက်သွင်းခဲ့ပြီး နည်းဉပဒေကို ၂၀၂၅ ဇန်နဝါရီတွင် ပြဌာန်းလိုက်သည်။