“ဗလီ ၁၉ လုံးလောက်ကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရလက်အောက်မှာ ဆောက်ခဲ့တာ။ ငွေတစ်ပြားမှ ပေးစရာမလိုဘူး”

ဒီကနေ့ အာရက္ခပြည်သူ့အစိုးရ အုပ်ချုပ်မှုအောက်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်တွေက ဘယ်လောက်ရှိနေပါသလဲ၊ အရင်ခေတ်အဆက်ဆက်က အစိုးရတွေအုပ်ချုပ်ခဲ့တဲ့ ကာလနဲ့ ဘာတွေကွာခြားမှုရှိနေသလဲဆိုတာကို မြောက်ဦးမြို့နယ်က မွတ်ဆလင်ရေးရာ နာယက ဦးမောင်မောင်စိုးကို DMG က မေးမြန်းထားပါတယ်။

By Admin 24 Apr 2025

“ဗလီ ၁၉ လုံးလောက်ကို အာရက္ခပြည်သူ့တော်လှန်ရေး အစိုးရလက်အောက်မှာ ဆောက်ခဲ့တာ။ ငွေတစ်ပြားမှ ပေးစရာမလိုဘူး”

DMG ၊ အင်တာဗျူး

ရခိုင်ပြည်အတွင်းမှာ လူမျိုးစု၊ ကိုးကွယ်ယုံကြည်မှု၊ ဘာသာရေးဓလေ့ထုံးတမ်း ကွဲပြားသူတွေ ယဉ်တွဲနေထိုင်ကြတဲ့အတွက် အရောင်အသွေးစုံလင်လှပါတယ်။

ခေတ်အဆက်ဆက် အုပ်ချုပ်သူတွေရဲ့ သပ်ချိုသွေးခွဲ အုပ်ချုပ်မှုတွေကြောင့် ရခိုင်ပြည်အတွင်းမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ကြသူတွေကြားမှာ ယုံကြည်မှုတွေဟာလည်း တိမ်ကောသွားခဲ့ရပါတယ်။

လက်ရှိမှာတော့ ပလက်ဝနဲ့ ရခိုင်ပြည်အတွင်းက မြို့နယ် ၁၄ ခုအထိ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA)ဟာ ကိုယ်ပိုင်အုပ်ချုပ်ရေး ယန္တရားတွေနဲ့ မောင်းနှင်နေသလို အရောင်အသွေး စုံလင်သူတွေအကြားမှာ ယုံကြည်မှုတွေကိုလည်း ပြန်လည်တည်ဆောက်နေပါတယ်။

ဒီကနေ့ အာရက္ခပြည်သူ့အစိုးရ အုပ်ချုပ်မှုအောက်မှာ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးဆိုင်ရာ လွတ်လပ်ခွင့်တွေက ဘယ်လောက်ရှိနေပါသလဲ၊ အရင်ခေတ်အဆက်ဆက်က အစိုးရတွေအုပ်ချုပ်ခဲ့တဲ့ ကာလနဲ့ ဘာတွေကွာခြားမှုရှိနေသလဲဆိုတာကို မြောက်ဦးမြို့နယ်က မွတ်ဆလင်ရေးရာ နာယက ဦးမောင်မောင်စိုးကို DMG က မေးမြန်းထားပါတယ်။

DMG - ပထမဆုံးအနေနဲ့ ရခိုင်ပြည်အတွင်းမှာနေထိုင်ကြတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ ဘာသာရေးလွတ်လပ်ခွင့် အခြေအနေကို သိပါရစေ။

အရင်က သင်္ကြန်ဆိုရင် ခလဘောင်လို့ ခေါ်တယ်။ အဲဒီအချိန်မှာ “မယက”ဆီမှာ သားရေတွေလည်း ပေးရတယ်။ နွားဘယ်နှစ်ကောင် “ဟာလာ” လုပ်မှာလဲဆိုတာလည်း သတင်းပို့ရတယ်။ နောက်ပြီးတော့ နွားတစ်ကောင်ကို ပိုက်ဆံဘယ်နှစ်သောင်း ပေးရမလဲ၊ ဒါကိုလည်း တိတိကျကျ သူတို့ဆီက စာရင်းဇယားတွေနဲ့ တောင်းတယ်။ ဘင်္ဂလားဒေ့ရှ်တို့၊ အိန္ဒိယတို့က မော်လဝီဆရာတွေ တရားဝင်လာလို့ရှိရင်လည်း သူတို့ဆီကို ငွေသိန်း ၅၀ လောက် ပေးရတယ်။ တခါတလေ အဲဒီမော်လဝီဆရာတွေ ခြောက်ပေါက်ဝင်ရတာတွေလည်း ရှိတယ်။
သူတို့(မော်လဝီ)က ဗလီတိုင်းမှာနေတယ်။ သူတို့ကသွားရင် စစ်ကောင်စီထံ သတင်းပို့ရတယ်။ ဘယ်နှစ်ယောက်လဲ။ ဘယ်ဗလီမှာ နေရမလဲ။ ဘယ်နှစ်ရက်နေရမလဲ ဒီလိုပုံစံမျိုး အခက်အခဲရှိပါတယ်။ အာရက္ခပြည်သူ့အစိုးရ လက်အောက်မှာဆိုရင်တော့ ဘာတစ်ခုမှ သတင်းပေးစရာမလိုဘူး။ မွတ်ဆလင်ရေးရာ ရုံးရှိတယ်။ ရေးရာရုံးမှာ သတင်းပို့ရင် အေးအေးဆေးဆေးပါပဲ။ ကျနော်တို့ ဘာသာရေးနဲ့ပတ်သက်ပြီးတော့ လွတ်လပ်ခွင့် အများကြီးရပါတယ်။

DMG - ဘာသာရေးပွဲတွေ ကျင်းပတဲ့အခါမှာတော့ အရင်ကနဲ့ ဘာတွေကွာခြားတာရှိပါလဲ။

အရင်တုန်းက ကျနော်တို့ဆီမှာ ဆုချီးမြှင့်ပွဲဖြစ်ဖြစ်၊ ပွဲတစ်ခုခုရှိရင် မယကဦးစီးကို ဆင့်ခေါ်မယ်ဆိုရင် သူ့ကို သိန်း ၂၀၊ သိန်း ၃၀ ပေးမှ ဆင့်ခေါ်လို့ရတယ်။ အခုဆိုရင်တော့ အာရက္ခတပ်တော်က သူတို့ကို ဖိတ်တာနဲ့ လုံခြုံရေးပါ ခေါ်လာပြီး ပူးပေါင်းပါဝင်ပြီးတော့ ပွဲကို အောင်မြင်စွာလုပ်နိုင်ပါတယ်။

DMG - ဘာသာရေးအဆောက်အအုံတွေ ဆောက်တဲ့ အခြေအနေကိုလည်း သိပါရစေ။

မြောက်ဦးမြို့နယ်မှာ ဗလီ ၅၃ လုံးရှိတယ်။ ၅၃ လုံးမှာ ၃၅ လုံးက စစ်ကောင်စီလက်ထက်မှာ ဆောက်ခဲ့တာ။ အဲဒီအချိန်က ကျနော်တို့မှာ ဗလီတစ်လုံးဆောက်ဖို့ဆိုရင် သူတို့ (အာဏာပိုင်)ဆီမှာ စာတင်ပြီးလို့ အမိန့်ရမှ၊ အမိန့်ရရင်လည်း ပိုက်ဆံအများကြီး ပေးရတယ်။ သိန်း ၃၀ ပေးရမဲ့နေရာမှာ သိန်း ၅၀ ပေးရတယ်။ အခု ဗလီ ၁၉ လုံးလောက်ကို အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက်မှာ ဆောက်ခဲ့တာ။ ငွေလည်းတစ်ပြားမှ ပေးစရာမလိုဘူး။ သူတို့က အမိန့်ပေးတာနဲ့ အေးအေးဆေးဆေး လုပ်လို့ရပါတယ်။

DMG - ဗလီတွေဆောက်ဖို့ဆိုရင် ခွင့်ပြုချက်တွေကို ဘယ်လိုတောင်းရတာရှိပါလဲ။

စစ်ကောင်စီလက်ထက်ကဆိုရင် ပထမဆုံး ကျေးရွာအုပ်ချုပ်ရေးမှူးဆီကို စာတင်ပေးရတယ်။ ဒီကနေတစ်ဆင့် မြို့နယ်ကို တင်ပေးရတယ်။ မြို့နယ်ကတစ်ဆင့် အထက်ကို တင်ပေးရတယ်။ အဲဒီအချိန်မှာလည်း အမိန့်တစ်ခုတည်းနဲ့ ဆောက်လို့မရဘူး။ ပိုက်ဆံပေးပြီးမှ ဆောက်လို့ရတယ်။ အခုအချိန်မှာဆိုရင်တော့ အခွင့်အရေးတစ်ခု တောင်းတာနဲ့ရပါတယ်။ ပိုက်ဆံပေးစရာ တစ်ပြားမှ မလိုတော့ဘူး။
စစ်ကောင်စီလက်ထက်မှာဆိုရင် အချိန်တအားဆွဲတယ်။ စရဖ ရုံးကိုသွားရတာ၊ တချို့က ထောက်လှမ်းရေးရုံးကို သွားရတာ၊ တချို့က မြို့နယ်ရုံးကိုသွားရတယ်။ နောက်ပြီးတော့ အုပ်ချုပ်ရေး၊ ရဲစခန်း အမိန့်စာယူရတယ်။ ဗလီတစ်ခုဆောက်ဖို့ဆိုရင် တစ်နှစ်၊ နှစ်နှစ်တောင် ကြာသွားတယ်။ အခုတော့ ဒီလောက်အချိန်ဆွဲစရာ မလိုတော့ဘူး။

DMG - မကြာခင်က ကုရ်အာန်အာဂုံဆောင်ဘွဲ့ ဆုချီးမြှင့်ပွဲတွေ လုပ်တာတွေ့ရတယ်။ ဒီပွဲတွေနဲ့ပတ်သက်လို့ရော ဘာတွေပြောချင်လဲ။

မြောက်ဦးမြို့နယ်မှာ ဘာသာရေးကျောင်း ၁၀ ကျောင်းလောက် ရှိပါတယ်။ ၁၀ ကျောင်းမှာ ကျောင်းတစ်ခုစီမှာ ဆုချီးမြှင့်ပွဲ တစ်ခုစီရှိတယ်။ အရင်တုန်းကဆိုရင် “မယက”ဆီမှာ တရားဝင် စာတင်ပေးရတယ်။ သူတို့ဆီက အမိန့်ပေးမှ ကျနော်တို့ ဆုချီးမြှင့်ပွဲလုပ်လို့ရတယ်။ ဒီအချိန်မှာဆိုရင် အာရက္ခပြည်သူ့အစိုးရဆီ သတင်းပို့တာနဲ့ သူတို့ဆီက ပူးပေါင်းပါဝင်ပြီးတော့ လုံခြုံရေးပါ အကုန်လုံးချပေးတော့ အေးအေးဆေးဆေး လုပ်လို့ရတယ်။

DMG - အနာဂတ် ရခိုင်ပြည်တည်ဆောက်ရာမှာ ဘယ်လိုမျှော်လင့်ချက်တွေ ရှိပါလဲ။

အခုသွားနေတဲ့ လမ်းကြောင်းနဲ့ပတ်သက်ပြီးတော့ အာရက္ခတပ်တော်ကို ကျနော်တို့ အများကြီးယုံကြည်ပါတယ်။ နိုင်ငံတစ်ခုတည်ဆောက်တာနဲ့ ကျနော်တို့ အစ္စလာမ်ဘာသာဝင်တွေ ဒီထက်မက ဘာသာရေးလွတ်လပ်ခွင့် ရလာမှာလို့ ထင်ပါတယ်။
မွတ်ဆလင်ရွာတိုင်းက ရဲတပ်ဖွဲ့မှာ ဝင်တာရှိတယ်။ ပြည်သူ့စစ်မှာလည်း ဝင်တာရှိတယ်။ ထောက်လှမ်းရေးမှာလည်း ဝင်တာရှိတယ်။ ကျနော်တို့လည်း နယ်မြေရုံးမှာ ဝင်ထားတာရှိတယ်။ ကျနော်တို့က ရခိုင်ပြည်ကနေ ဘယ်ကိုမှ သွားလို့မရတော့ဘူး။ ဒီရခိုင်ပြည်မှာ မွေးဖွားတာဖြစ်လို့ လူမျိုးပေါင်းစုံနဲ့ အတူတကွ နေထိုင်နိုင်ဖို့ သံယောဇဉ်ရှိလို့ နေရာတိုင်းမှာ အတူတကွနေထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။

DMG - ဖြည့်စွက်ပြီး ဘာပြောချင်ပါလဲ။

ဒီအစိုးရကိုယုံကြည်ပြီးတော့ လမ်းကြောင်းပေါ် လျှောက်နေတဲ့အချိန်မှာ နောက်ထပ်လည်း သူတို့နဲ့ အတူတကွ နေထိုင်ပြီး ဆက်လျှောက်ဖို့ သံယောဇဉ်ရှိပါတယ်။ ဒီထက်မကလည်း တန်းတူအခွင့်အရေးပေးဖို့ မျှော်လင့်ပါတယ်။ စစ်ကောင်စီအစိုးရ ပုံစံမျိုးမဟုတ်ဘဲ အုပ်ချုပ်ရေးပိုင်းရော၊ နိုင်ငံရေးပိုင်းရော နေရာတိုင်းမှာ မွတ်ဆလင်တွေပါဝင်ပြီးတော့ ဘာသာပေါင်းစုံ အတူတကွနေထိုင်နိုင်ဖို့ မျှော်လင့်ပါတယ်။