စိုက်ပျိုးရေးနှင့်မွေးမြူရေးဇုန်များ တည်ဆောက်ခြင်းဖြင့် ရခိုင်ပြည်နယ်၏ စီးပွားရေးကိုထူထောင်

မကြာမီတစ်ချိန်တွင် စစ်တွေ ပင်လယ်ကူးဆိပ်ကမ်းသို့ နိုင်ငံခြားကုန်တင်သင်္ဘောများ ဝင်ရောက်လာတော့မည် ဖြစ်သည်။ အဆိုပါ သင်္ဘောများအတွက် စားနပ်ရိက္ခာ ဖြည့်တင်းရာတွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ လုံလောက်စွာ ဖြည့်တင်းနိုင်ရေး ထုတ်လုပ်သွားရန် လိုအပ်မည်ဖြစ်သည်။၂၀၀၀ ပြည့်လွန်နှစ်များက  ရခိုင်ကမ်းရိုးတန်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေသည့်လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ အဆိုပါလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအတွက်

By ကျွန်းသားငမန်း 17 Jan 2019

Written by - ကျွန်းသားငမန်း / DMG

ဒီဇင်ဘာလအတွင်း တစ်နေ့က စစ်တွေမှ ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာသို့ ခရီးသွားဖြစ်ခဲ့သည်။ နံနက်ခင်းသည် ဆောင်းအငွေ့အသက်တို့ဖြင့် ဖုံးလွှမ်းနေသည်။ စစ်တွေမှအထွက် တပ်မြေကို ဖြတ်ကျော်တော့ လမ်းတစ်လျှောက်တွင် နှင်းမြူတို့ဖြင့် ဖုံးလွှမ်းနေသည်။ မြင်ကွင်းများက မသဲကွဲလှ။ ေ၀ဝါးဝါး။ သို့ရာတွင် အရှေ့ဖက်မှ နေရောင်ခြည် လင်းလက်စပြုလာသည်နှင့် နှင်းမြူတို့မှာ တဖြည်းဖြည်း ကွယ်ပျောက်လာသည်။ နေလာတော့ နှင်းပျောက်ရသည် မဟုတ်ပါလား။

စစ်တွေမြို့ နာရီကန်တံတားကို ဆင်းတော့ လမ်းဘေးတွင် ကြက်မွေးမြူရေးခြံများကို မြင်လိုက်ရသည်။ ရှေ့ဆက်လာတော့ လယ်ကွင်းပြင်များမှာ အဆောက်အဦများကို မြင်တွေ့လိုက်ရသည်။ စီးပွားရေးစက်ရုံ အလုပ်ရုံများ ဖြစ်သည်။ လယ်ယာမြေများ တရားမဝင် ပျောက်ကွယ်သွားနေမှုများ ဘယ်လောက် အတိုင်းအတာထိ ရှိနေပြီလဲ။ လယ်ယာစိုက်ပျိုးရေးကို အခြေခံသော ပြည်နယ်တစ်ခုအတွက် အလေးထား စဉ်းစားစရာများဖြစ်သည်။

စစ်တွေမြို့နယ်ကအထွက် အမြင့်ကျွန်းကျေးရွာအလွန် မင်းချောင်းတံတားကျော်တော့ ပုစွန်မွေးမြူရေးကန်များ၊ ကဏန်းသိုလှောင်ကန်များကို တွေ့မြင်ရသည်။ ရခိုင်ပြည်နယ်၏ ရေလုပ်ငန်း စီးပွားရေးပြယုဂ်ပေ။ ပုစွန်ကန်များမှာ လယ်ယာမြေအား အခြားအသုံးချခွင့်တွေ ရှိပါလေစ။ ကောင်းမြတ်သူသည် မြင်ကွင်းများကို ငေးကြည့်ရင်း ရခိုင်ပြည်နယ်၏ စီးပွားရေး အလားအလာများကို တွေးတောနေမိသည်။

လမ်းတွင် ရန်ကုန်၊ မန္တလေးမှလာသော ကုန်ကားများကို တွေ့ရသည်။ ကြက်သွန်၊ အာလူးစသည့်ကုန်များ တင်ဆောင်လာကြသည်။ ခရီးသည်တင်ကားများတွင် ဟင်းသီးဟင်းရွက်တွေ ပါလာကြသည်။ ကောင်းမြတ်သူတို့မှာ ရိုးမအရှေ့မှ စားကုန်များကို မျှော်လင့်နေကြရပြီလား။ ကောင်းမြတ်သူတို့တတွေ စားသုံးဖို့ မီးဖိုချောင်သုံးပစ္စည်းများဖြစ်သော ချင်းတက်၊ နနွှင်းစသည်များ၊ ငရုတ်သီးစိမ်း၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ အာလူး၊ ကော်ဖီထုပ်ကအစ ရိုးမအရှေ့ဒေသများမှ ဝင်ရောက်လာသည်ကို တွေ့ရသည်။

အထူးသဖြင့် ၂၀၁၂ ခုနှစ်နောက်ပိုင်း မီးဖိုချောင်သုံး ဟင်းသီးဟင်းရွက်များမှာ ဒေသထွက်ဖြင့် မလုံလောက်တော့၍ ရိုးမအရှေ့မှ ဝင်ရောက်လာမှု များပြားလာသည်ကို တွေ့ရသည်။ ရိုးမအရှေ့မှ မှာယူစားသုံးရသဖြင့် ဟင်းသီးဟင်းရွက် တန်ဖိုးအပြင် သယ်ယူပို့ဆောင်ခ စရိတ်ကိုပါ  ထပ်ဆောင်းပေးနေရသဖြင့် စားသောက်ကုန်ဈေးနှုန်း မြင့်တက်မှုဒဏ်ကို ပြည်သူများ အလူးအလဲ ခံနေကြရသည်။

အနိမ့်ဆုံးအဆင့်ဖြစ်သည့် မီးဖိုချောင်သုံးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် တစ်ပိုင်တစ်နိုင်သာမက စိုက်ပျိုးရေးဇုန်များ ဖော်ထုတ်ဆောင်ရွက်စေခြင်းဖြင့် အောက်ခြေလူတန်းစားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများကို ပိုမိုရရှိလာနိုင်ပြီး၊ ဒေသခံပြည်သူများ၏ စားသောက်ရေးအတွက် အတိုင်းအတာ တစ်ရပ်ထိ အဆင်ပြေချောမွေ့သွားနိုင်မည်ဟု ကောင်းမြတ်သူ တွေးတောမိခြင်း ဖြစ်ပါ၏။

တကယ်တော့ ကောင်းမြတ်သူတို့တတွေမှာ ဟင်းသီးဟင်းရွက်များသာမက အသား၊ ငါးများပါ ရိုးမအရှေ့မှ ဝင်ရောက်လာသည်များကို စားသုံးနေကြရသည်။ ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုးတန်း ဒေသတစ်ခုဖြစ်ကာ ပင်လယ်ထွက် သားငါးပုစွန်များကို ပေါများစွာ စားသုံးနိုင်ရမည်ဖြစ်သော်လည်း ယခုအချိန်မှာ ရိုးမအရှေ့မှ ငါးမြစ်ချင်း၊ ငါးတန် စသည့် မွေးမြူရေးငါးများကို စားသုံးနေကြရသည်။  ကြက်သားစားသုံးမှုအတွက်လည်း ရိုးမအရှေ့မွေးမြူရေးခြံများမှ ဥတုံးကြက်များကိုသာ မှာယူစားသုံး နေကြရသည်။ တစ်ခြားတစ်ဒေသမှ  ဝင်လာသည့်အတွက် ကျန်းမာရေးအတွက်ကော မည်မျှ စိတ်ချရပါမည်လဲ။ သို့ရာတွင် ကောင်းမြတ်သူကော အခြားစားသုံးသူများပါ ထိုအရေးကို ထည့်မတွက်ဖြစ်ကြ။

မကြာမီတစ်ချိန်တွင် စစ်တွေ ပင်လယ်ကူးဆိပ်ကမ်းသို့ နိုင်ငံခြားကုန်တင်သင်္ဘောများ ဝင်ရောက်လာတော့မည် ဖြစ်သည်။ အဆိုပါ သင်္ဘောများအတွက် စားနပ်ရိက္ခာ ဖြည့်တင်းရာတွင် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ လုံလောက်စွာ ဖြည့်တင်းနိုင်ရေး ထုတ်လုပ်သွားရန် လိုအပ်မည်ဖြစ်သည်။၂၀၀၀ ပြည့်လွန်နှစ်များက  ရခိုင်ကမ်းရိုးတန်းတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့များ ရှာဖွေသည့်လုပ်ငန်းများ လုပ်ကိုင်ခဲ့ရာ အဆိုပါလုပ်ငန်းခွင်များတွင် လုပ်ကိုင်နေသည့် ဝန်ထမ်းများအတွက် လိုအပ်သည့် ရိက္ခာများအား ဒေသထွက်ကုန်များဖြင့် လုံလောက်အောင် ဝယ်ယူရရှိခြင်းမရှိသဖြင့် လောက်ငှအောင် ဖြည့်တင်းမပေးနိုင်ခဲ့ကြောင်း လေ့လာသိခဲ့ရသည်။

ကောင်းမြတ်သူတို့ ရခိုင်ပြည်နယ်တွင် စိုက်ပျိုးဖြစ်ထွန်းနိုင်သော မြေလွတ်မြေလပ်များ ရှိနေသေးသည်။ အခြားတစ်ဖက်တွင်လည်း လယ်ယာမြေများတွင် သီးထပ်စိုက်ပျိုးခြင်းဖြင့် တောင်သူများ ဝင်ငွေတိုးတက် ရရှိလာနိုင်သေးသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်များ ထူထောင်ခြင်းဖြင့် ဒေသခံပြည်သူများ၊ ထုတ်လုပ်သူများအတွက်  ကောင်းမွန်သော ကုန်လုပ်ဆက်ဆံမှုများ ရရှိလာနိုင်မည်ဖြစ်သလို ထုတ်လုပ်မှု နည်းပညာပိုင်းတွင်လည်း တိုးတက်မှုများ ရှိလာမည်ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်နေသူများမှာ တစ်ပိုင်တစ်နိုင်မျှသာ စိုက်ပျိုး၊ မွေးမြူ လုပ်ကိုင်နေကြသူများ ဖြစ်ကြသည်။ တစ်ဆက်တစ်စပ်တည်း စိုက်ခင်းများ၊ တစ်အုပ်တစ်မ မွေးမြူရေးလုပ်ငန်းတို့ လုပ်ကိုင်သူ နည်းပါးလှသေးသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ကိုင်ရာတွင် စွန့်စား၊ စွန့်ဦး လုပ်ကိုင်ရန် မဝံ့မရဲ ဖြစ်နေကြသေးသည်။ ငွေကြေးအရင်းအနှီး ရှိသူများမှာလည်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှုထက် ကုန်သွယ်မှုလုပ်ငန်းတွင်သာ ရင်းနှီးမြှုပ်နှံလုပ် ကိုင်ကြသည်။ အားရစရာမရှိပေ။

စိုက်ပျိုးရေးဇုန်

ရခိုင်ပြည်နယ်မြောက်ပိုင်း  ကျောက်တော်၊ မင်းပြား၊ မြောက်ဦးမြို့နယ်များသည် ရေချိုအရင်းအမြစ်ရှိသော နေရာများဖြစ်သည်။ မြစ်ရေတင်စီမံကိန်းဖြင့် သီးထပ်၊ သီးညှပ်စိုက်ပျိုးနိုင်သော နေရာများလည်း ဖြစ်ကြသည်။ မြောက်ဦး၊ မင်းပြားနယ်များသည် ဆောင်းသီးနှံများကို အများအပြားစိုက်ပျိုးခဲ့ရာ ဒေသများဖြစ်ပြီး၊ စစ်တွေအပါအဝင် အခြားဒေသများ၏ မီးဖိုချောင်သုံးသီးနှံများ ဖြန့်ဖြူးရာနေရာများဖြစ်သည်။ အဆိုပါ ဒေသများတွင် စိုက်ပျိုးရေးဇုန်များကို ဖော်ထုတ်နိုင်မည်ဖြစ်သည်။ စိုက်ပျိုးရေး ထုတ်ကုန်များအနက် ရခိုင်ပြည်နယ်တွင် စိုက်ပျိုးဖြစ်ထွန်းသော ငရုတ်သီးခြောက်၊ ချင်း တက်၊ နနွှင်းတက်၊ ကွမ်းသီး၊ ဂမုန်းစသည်များမှာ နိုင်ငံခြားဈေးကွက်အတွက် အားထားရသည့် သီးနှံများဖြစ်ကြသည်။ စိုက်ပျိုးရေးဇုန်များတွင် တစ်စုတည်းတစ်စပ်တည်း စိုက်ပျိုးနိုင်ခြင်းဖြင့် ထုတ်လုပ်မှု တိုးတက်ရရှိလာနိုင်မည်ဖြစ်ပြီး နိုင်ငံအတွက် အကျိုးစီးပွားများ ဖြစ်ထွန်းစေမည်မှာ မလွဲမသွေပင်ဖြစ်သည်။

စိုက်ပျိုးရေးဇုန် ထူထောင်ခြင်းအားဖြင့် အော်ဂဲနစ်သီးနှံများကို စိုက်ပျိုးနိုင်မည်ဖြစ်ပြီး၊ မျိုးကောင်းမျိုးသန့် သီးနှံများ စိုက်ပျိုးရာတွင်လည်း အထောက်အကူ ပြုလာမည်ဖြစ်သည်။ အထွက်ကောင်းမျိုးများ၊ ပြည်ပဈေးကွက်ဝင် သီးနှံများ စိုက်ပျိုးခြင်းဖြင့် ဒေသနေပြည်သူများ၏ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အကူ ပြုလာနိုင်မည်ဖြစ်သည်။

မွေးမြူရေးဇုန

ကျွဲများ၊ နွားများမှာ လယ်ယာစိုက်ပျိုးရေးတွင် အသုံးဝင်သည် သာမက ပြည်သူများ စားသုံးနိုင်ရေး အသားထုတ်လုပ်မှု အတွက်ပါ လိုအပ်သော တိရစ္ဆာန်များလည်းဖြစ်သည်။ မွေးမြူရေးဇုန်များ ထူထောင်ပြီး ကျွဲ၊ နွားများသာမက အခြား ကြက်၊ ဘဲ၊ ဆိတ်၊ ဝက်များ မွေးမြူရေးကိုလည်း ဆောင်ရွက်သင့်သည်။ ဝက်ဆိုလျှင် ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွင် မကြာမီ ဖြစ်ပေါ်လာမည့် မြန်မာ-အိန္ဒိယနယ်စပ် ကုန်သွယ်ရေးစခန်းမှ တင်ပို့ရောင်းချနိုင်သည့် ပို့ကုန်လည်းဖြစ်သည်။ ထို့အတူ နွားများ၊ ကျွဲများမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ အမြဲပင် ဝယ်လိုအားရှိနေခြင်းဖြစ်သည်။

တိရစ္ဆာမွေးမြူရေးဇုန်များကို ဒေသနှင့် လိုက်လျောညီသည့် နေရာများတွင် တိရစ္ဆာန်အမျိုးအစားအလိုက် မွေးမြူရေးလုပ်ငန်းများကို  ဆောင်ရွက်စေသင့်သည်။ ရခိုင်ပြည်နယ်တွင် နိုင်ငံတော်၏ ထောက်ပံ့ငွေဖြင့် မြစိမ်းရောင်(အသားကဏ္ဍ) ကျေးရွာထူထောင်မှု ပြုလုပ်လျက်ရှိရာ ၂၀၁၆-၂၀၁၇ ခုနှစ်က ပေါက်တောမြို့နယ် လက်ပံပြားကျေးရွာသို့ ဝက်ကောင်ရေ ၅၇၀ ကောင်နှင့် ဆိတ်ကောင်ရေ ၃၀ ကို မွေးမြူစေခဲ့ကြောင်း သိရသည်။ ဤသည်မှာ စုပေါင်းမွေးမြူရေးဇုန်အသွင်ကို ဆောင်လျက်ရှိကြောင်း တွေ့ရနိုင်သည်။ နိုင်ငံတော်၏ ထောက်ပံ့ငွေဖြင့် တောင်သူတစ်ဦးချင်းသို့ ထောက်ပံ့ငွေပေးပြီး မွေးမြူစေသည်များကိုလည်း တွေ့ရသည်။

ဤသို့ ဆောင်ရွက်မည့်အစား အစုအဖွဲ့ဖြင့် တစ်ဆက်တစ်စပ်တည်း ကျေးရွာများတွင် မွေးမြူရေး ဆောင်ရွက်စေခြင်းဖြင့် စုပေါင်းမွေးမြူရေးစနစ်များ ဖြစ်ထွန်းလာအောင်  ကူညီပံ့ပိုး ဆောင်ရွက်ပေးသင့်ပေသည်။ ရခိုင်ပြည်နယ်အတွင်း ကျောက်ဖြူခရိုင်တွင် ရောင်းတမ်းဝင် ကျွဲ၊နွားများကို မွေးမြူသည့် အတွေ့အကြုံများ ရှိနှင့်ပြီးဖြစ်သည်။

မာန်အောင်ကျွန်း၊ ရမ်းဗြဲမြို့နယ်၊ ကျောက်ဖြူမြို့နယ်များတွင် မွေးမြူကြသည်။ ထို့အတူ တောင်ကုတ်မြို့နယ်တွင်လည်း မွေးမြူကြပြီး ရိုးမအရှေ့ဒေသများသို့ တင်ပို့ခဲ့ရသည့်အပြင်၊၂၀၀၀ ပြည့်လွန် နှစ်များက ရမ်းဗြဲ၊ ကျောက်ဖြူမြို့နယ်များမှ နွားများကို မလေးရှားနိုင်ငံသို့ တင်ပို့ရောင်းချခဲ့ရသည်။ ၂၀၁၃ ခု နှစ်ကလည်း နိုင်ငံတော်မှ မာန်အောင်ကျွန်းတွင် နွားမွေးမြူရေးအတွက် ချေးငွေများ ပံ့ပိုးထုတ်ချေးခဲ့သည်ကို တွေ့ရသည်။

ဇုန်များ၏အားသာချက်

ဇုန်များ ဖွဲ့စည်းထူထောင်ခြင်းအတွက် လုပ်ငန်းရှင်များ လုပ်ငန်းလုပ်ကိုင် ဆောင်ရွက်ရာတွင် အားသာချက်များရှိကြောင်း ဆိုသည်။ ရခိုင်ပြည်နယ်တွင် အစုအဝေးဖြင့် လုပ်ကိုင်ကြသည့် အကျင့်မရှိသေး။ အစုအဝေးဖြင့် လုပ်ကိုင်ဆောင်ရွက်တတ်သည့် အကျင့်ကို မွေးမြူကြရန် လိုအပ်နေသေးသည်။

“စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်တွေ ထူထောင်ခြင်းအားဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းတွေ တိုးတက်လာမှာ ဖြစ်ပါတယ်။ မွေးမြူရေးလုပ်ငန်းဆိုရင် တစ်စုတစ်စည်းတည်း ရှိနေခြင်းဖြင့် ရောဂါထိန်းချုပ်ရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ လိုအပ်တဲ့ ဓာတ်မြေသြဇာတို့၊ ပိုးသတ်ဆေးတို့၊ တိရစ္ဆာန်အစားအစာတို့၊ ဆေးဝါးတို့ ဝယ်ယူအသုံးပြုတာတို့ လွယ်ကူသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေကို ရောင်းချရာမှာလည်း ဈေးကွက်ရှာဖွေမှုကအစ ပိုမိုကောင်းမွန်လာမှာလည်း ဖြစ်ပါတယ်။ ဆိုရရင်  တစ်ဦးတည်း ထုတ်ကုန်ဆိုရင် နည်းနည်းလေးပဲ ရှိမှာဖြစ်ပြီး ဈေးကွက်ရှာဖွေရေးလည်း အခက်အခဲဖြစ်မှာ ဖြစ်ပါတယ်။ အများနဲ့ဆိုတော့ တင်ပို့ရတဲ့ ပစ္စည်းကလည်း များတော့  သယ်ယူပို့ဆောင်ခြင်းရော၊ ရောင်းချရာမှာပါ လွယ်ကူသွားနိုင်မှာ ဖြစ်ပါတယ်။ ပြီးတော့ ပစ္စည်းတွေအတွက် ဈေးကွက်ရှာဖွေတာရော၊ ဈေးနှုန်းတွေရော ဈေးနှိမ်မခံရဘဲ မှန်မှန်ကန်ကန် ရလာနိုင်ပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း တောင်သူတွေအနေနဲ့ စည်းစည်းလုံးလုံးရှိလာပြီး စုပေါင်းဆောင်ရွက်မှု စိတ်ဓာတ်တွေ ရရှိလာနိုင်မှာလည်းဖြစ်ပါတယ်” ဟု ကောင်းမြတ်သူ ဆွေးနွေးဖြစ်ခဲ့သည့် လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။

၎င်းအပြင် လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ရေးအတွက် ချေးငွေရယူနိုင်ရေး အတွက်လည်း အစုအဖွဲ့နှင့် ဆောင်ရွက်ခြင်းဖြင့် ပိုမိုမြန်ဆန်သွက်လက် လွယ်ကူလာနိုင်မည်ဖြစ်ရာ ဒေသ၏ စီးပွားဖွံ့ ဖြိုးတိုးတက်ရေးတွင် အထောက်အကူ ဖြစ်လာနိုင်မည် ဖြစ်ကြောင်းလည်း ဆိုကြသည်။

လုပ်ငန်းရှင်များကတောင်းဆို

၂၀၁၈ ခုနှစ် နိုဝင်ဘာလ (၆)ရက်နေ့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ တွေ့ဆုံပွဲအစည်းအဝေးကို ပြုလုပ်ခဲ့သည်။ အဆိုပါတွေ့ဆုံပွဲတွင် စွန့်ဦးထီထွင် စီးပွားရေးလုပ်ငန်းရှင်အချို့က ရခိုင်ပြည်နယ်အတွင်း စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန်များ ထူထောင်ပေးရန် အစိုးရအဖွဲ့အား တင်ပြတောင်းဆိုသွားခဲ့ကြကြောင်း ကြားသိလိုက်ရသည်။

တကယ်တော့လည်း ကောင်းမြတ်သူတို့ ရခိုင်ပြည်နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေကြသူများမှာ အများအားဖြင့် တစ်ပိုင်တစ်နိုင် လုပ်ကိုင်နေကြသူများသာ ဖြစ်ကြသည်။ လုပ်ငန်းများအနေဖြင့်လည်း တစ်စုတစ်ဝေးတည်း မရှိ။ ဟိုတစ်ကွက်၊ သည်တစ်ကွက်ဖြင့် ပြန့်ကြဲနေကြသည်။ အထူးသဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်ရေး လုပ်ငန်းများ၊ ကြက်မွေးမြူရေးလုပ်ငန်းများ၊ နွားမွေးမြူရေးလုပ်ငန်းများအား တစ်စုတစ်ပေါင်းတည်း ဆောင်ရွက်နိုင်ရန် လုပ်ငန်းရှင်များက လိုလားလျက် ရှိနေကြသည်။ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေး၊ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်ဖွံ့ဖြိုးစေရေး လုပ်ငန်းများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တိုးတက်အောင် ကူညီဆောင်ရွက်ပေးသင့်သည်။

ပထမအကြိမ် ရခိုင်ပြည်နယ် အစိုးရအဖွဲ့သက်တမ်းတွင် ကုလသမဂ္ဂလက်အောက် အဖွဲ့အစည်းများ၏ အစီအစဉ်ဖြင့် စစ်တွေခရိုင်  ရသေ့တောင်မြို့နယ်တွင် စိုက်ပျိုးရေးနှင့် မွေးမြူရေးဇုန် ထူထောင်ရန် ဆွေးနွေးမှုများရှိခဲ့ကြောင်း ကောင်းမြတ်သူတို့ ကြားသိခဲ့ရသည်။ သို့ရာတွင် ဦးထိပ်ပေါက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့ကြောင်း တွေ့ရပြီး၊ လက်ရှိအစိုးရ သက်တမ်းတွင်လည်း ဆက်လက်ဆောင်ရွက်တော့ခြင်း မရှိသေးသည်ကို တွေ့ရသည်။

ထောက်ပံ့ကူညီမှုအရေးကြီး

ပြည်နယ်အစိုးရအဖွဲ့သည် ဒေသ၏ စီးပွားဖွံ့ဖြိုးတိုးတက်စေရေး၊ တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက် ရှိနေသည်ဟု ဆိုသည်။ ဤသို့ ဆောင်ရွက်ရာတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုသည့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဖြစ်ထွန်းအောင်မြင်လာစေရန်အတွက်  စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်များကို သင့်တော်သည့်နေရာများတွင် ရွေးချယ်ဖော်ထုတ်ပေးရန် လိုအပ်မည်ဖြစ်သည်။ တစ်ဆက်တည်းမှာပင် လုပ်ငန်းရှင်များ လိုအပ်နေသော ငွေကြေးရရှိရေးအတွက် ချေးငွေများ ထုတ်ချေးပေးရန် လိုအပ်ပေသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်များအတွက် လိုအပ်သော ချေးငွေများမှာ ကာလတိုချေးငွေများ မဖြစ်သင့်ဘဲ နှစ်ရှည်ချေးငွေများလည်း ဖြစ်သင့်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများသည် နိုင်ငံတော်မှ အားပေးကူညီ ဆောင်ရွက်နေသည့် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ(SMEs)များနှင့် အကျုံးဝင်ပတ်သက်လျက် ရှိသည့်အတွက် ချေးငွေများရရှိရေးကို ကူညီဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်သည်။

စိုက်ပျိုးရေးလုပ်ငန်းမှာ ရာသီသီးနှံများ ဖြစ်သော်လည်း ဖြစ်ထွန်းအောင်မြင်မှုကို မှန်းဆ၍မရပေ။ တစ်ခါတစ်ရံ ရာသီဥတုဖောက်ပြန်မှုကြောင့် သီးထွက်မမှန်သည်များ၊ သီးခင်းများ ပျက်စီးသွားသည်များ ရှိတတ်သည်။ ထိုအခါမျိုးတွင် ချေးငွေများ ပြန်လည်ပေးဆပ်နိုင်ရန် အခက်အခဲများ ရှိလာသည်သာမက ပြန်လည်ထူထောင်ရန် အတွက်ပင် အခက်အခဲများလည်း ရှိတတ်သည်။

ထိုအခက်အခဲများ ပြေလည်စေရန်အတွက် ထပ်မံငွေချေးပေးခြင်း၊ ဆပ်ရန်ငွေများကို ဆိုင်းငံ့ပေးခြင်းများဖြင့် ကူညီဆောင်ရွက်ပေးရန် လိုသည်။ အထူးသဖြင့် သီးနှံသစ်များစိုက်ပျိုးရာတွင် တစ်ရာသီကာလတွင် အောင်မြင်ဖြစ်ထွန်းမှု နည်းပါးလေ့ရှိကြောင်းလည်း အတွေ့အကြုံများသော တောင်သူများက ပြောကြသည်ကို မှတ်သားရသည်။ ချေးငွေပြန်ဆပ်ရေးတွင် စဉ်းစားသင့်သော အချက်လည်းဖြစ်သည်။

၂၀၁၆ - ၂၀၁၇ ခုနှစ်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် အကျိုးတူပူးပေါင်း၍ ကုမ္ပဏီတစ်ခုက ပဲတီစိမ်းစိုက်ပျိုးရန် ဆောင်ရွက်ခဲ့သည်။ ရာသီဥတုဖျက်သဖြင့် ထိုက်သင့်သလောက် အောင်မြင်ခြင်းမရှိခဲ့။ ဆက်လက်စိုက်ပျိုးရန် အစိုးရဖက်မှ ဆောင်ရွက်လိုခြင်းဆန္ဒ မရှိတော့သည့်အပြင် ထောက်ပံ့ချေးငွေများကို တောင်းဆိုခဲ့ရာ အဆိုပါကုမ္ပဏီနှင့် တောင်သူများမှာ အခက်အခဲနှင့် ရင်ဆိုင်နေရသည်ကို ကြားသိရသည်။ စိုက်ပျိုးရေးလုပ်ကိုင်ရာတွင် လုပ်ကွက်သေးငယ်သူများအတွက် မထောင်းတာလှသော်လည်း လုပ်ကွက်ကြီး ဆောင်ရွက်သူများ(အထူးသဖြင့်) အထောက်အပံ့ဖြင့် ဆောင်ရွက်သူများမှာ တစ်နှစ်အရှုံးကို နောက်တစ်နှစ် ကာမိစေအောင် ဆောင်ရွက်ရန် လိုအပ်သည်ဖြစ်ရာ ငွေကြေးထောက်ပံ့မှုအပိုင်းကို စဉ်းစားရန် လိုအပ်နေပြီဖြစ်ကြောင်း တောင်သူကြီးတစ်ဦးက ပြောသည်။

ရခိုင်ပြည်နယ်သည် လယ်ယာစိုက်ပျိုးရေးကို အခြေခံသော ပြည်နယ်တစ်ခုဖြစ်သည်။ မွေးမြူရေးလုပ်ငန်းများကိုလည်း တစ်ပိုင်တစ်နိုင် လုပ်ကိုင်ဆောင် ရွက်နေကြခြင်းဖြစ်သည်။ သမားရိုးကျ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးမှ ပြောင်းလဲစေပြီး ဈေးကွက်အတွင်း ပြည်ပတင်ပို့နိုင်သည် အထိပါ မျှော်မှန်းဆောင်ရွက်ရန် လိုအပ်နေပြီဖြစ်သည်။ ပြောင်းလဲတိုးတက်လာသည့် စီးပွားရေးအခြေခံများနှင့်အညီ ဒေသ၏ဖွံ့ဖြိုးရေးကို မျှော်မှန်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးထုတ်ကုန်များကို တိုးတက်ထုတ်လုပ်နိုင်စေရန်မှာ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်များ ဖော်ထုတ်ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ ဤလုပ်ငန်းများ အောင်မြင်စေရန်မှာ အစိုးရ၊ ပြည်သူ တွဲလက်ညီညီဖြင့် ဆောင်ရွက်သွားကြရန် မလွဲမသွေ လိုအပ်မည်ဖြစ်သည်။   

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၀) တွင်လည်း ဖတ်ရှုနိုင်သည်။