နပခတွင် နေရာအနည်းငယ်သာ ကျန်ရှိတော့ပြီဟု AA ပြော 

လက်ရှိတွင် နပခဌာနချုပ်တစ်ခုသာ ကျန်ရှိတော့ပြီး အာရက္ခတပ်တော်က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ၍ နပခဌာနချုပ်မှာလည်း မကြာခင် AA လက်ထဲကျရှုံးတော့မည့် အခြေအနေဖြစ်သည်။

By Admin 19 Dec 2024

နပခဌာနချုပ် မြေပြင်ပကတိအခြေအနေကို AA ထုတ်ပြန်သည့် ဒီဇင်ဘာ ၁၈ ရက်နေ့ ဗီဒီယိုဖိုင်တွင် တွေ့ရစဉ်။
နပခဌာနချုပ် မြေပြင်ပကတိအခြေအနေကို AA ထုတ်ပြန်သည့် ဒီဇင်ဘာ ၁၈ ရက်နေ့ ဗီဒီယိုဖိုင်တွင် တွေ့ရစဉ်။

DMG ၊ ဒီဇင်ဘာ ၁၉

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာ အနည်းငယ်သောနေရာအချို့သာ ကျန်ရှိတော့ပြီဖြစ်‌ပြီး တိုင်းစစ်ရုံးထဲရှိ အင်အားရာနှင့်ချီသော စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အာရက္ခတပ်တော်(AA)၏ ထိုးစစ်ကို အသည်းအသန် ခုခံကာကွယ်နေကြောင်း ဒီဇင်ဘာ ၁၈ ရက်တွင် ထုတ်ပြန်သည်။  

တိုက်ပွဲဖြစ်ပွားရာနေရာသို့ ရခိုင်ရိုးမတောင်တန်းဘက်မှလည်း လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေပြီး ထိုလက်နက်ကြီးပစ်ကူများကြောင့် တိုင်းစစ်ရုံးတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံး၊ ဒဏ်ရာရရှိမှုများ ရှိသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။  

ယင်းအပြင် လေကြောင်းပစ်ကူများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသဖြင့် မြေပြင်တိုက်ပွဲထက် လက်နက်ကြီး၊ လေကြောင်း ပစ်ခတ်တိုက်ခိုက်မှုများကြောင့် တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ 

တစ်ဖက်တွင်လည်း AA ၏ ပြင်းထန်သော ထိုးစစ်များကြောင့် စစ်ကောင်စီတပ်သား အများအပြား လက်နက်ချမှုများ ရှိနေသည်ကို AA က ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်တွင် တွေ့မြင်ရသည်။ 

“စောစော အလံဖြူထောင်လျှင် စောစော အသက်ရှင်ကျန်ရစ်စေမယ်။ မိသားစု၊ ဆွေမျိုးတို့နဲ့ စောစော တွေ့ဆုံရလိမ့်မယ်” ဟု AA က သတိပေးထားသည်။ လက်နက်ချသူတိုင်း၏ အသက်အန္တရာယ်အတွက်လည်း အာမခံကြောင်း ကတိပေးထားသည်။  

အာရက္ခတပ်တော်သည် မောင်တောနှင့် တောင်ကုတ်မြို့နယ်တကို အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ပြီးနောက် အမ်းနှင့် ဂွမြို့တို့ကို အလုံးစုံသိမ်းပိုက်နိုင်ရေး တရစပ် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိသည်။ 

စစ်ကောင်စီကလည်း စစ်ရေးအရသာမက ဂုဏ်သိက္ခာပိုင်းအရလည်း များစွာအရေးကြီးသည့် တိုင်းစစ်ဌာနချုပ် မကျရှုံးရေးအတွက် အစွမ်းကုန် ခုခံကာကွယ်နေသည်။  

“ဒီအချိန်မှာ စစ်ကောင်စီတပ်သားအနေနဲ့ လက်နက်ချတာ အကောင်းဆုံးပဲ။ မဟုတ်ရင် ဒီဘက်ကလည်း လက်လျော့မှာ မဟုတ်တဲ့အတွက် သူတို့အသက်အန္တရာယ်နဲ့ပဲ ကြုံရလိမ့်မယ်။ နပခဟာလည်း စစ်ကောင်စီက ဘယ်လောက်ပဲ ခုခံခံ ကျမှာပဲ” ဟု မြေပြင်စစ်ရေးအခြေအနေသိရှိသူ သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အမ်းမြို့ကို AA က စက်တင်ဘာလကုန်ပိုင်းမှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး တပ်ရင်း တပ်ခွဲနှင့် စခန်းငယ်၊ ကာကင်းစခန်းကြီးအပါအဝင် စခန်းပေါင်း (၃၀)ကျော်ကို ဒီဇင်ဘာ ၆ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့သည်။ 

လက်ရှိတွင် နပခဌာနချုပ်တစ်ခုသာ ကျန်ရှိတော့ပြီး အာရက္ခတပ်တော်က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေ၍ နပခဌာနချုပ်မှာလည်း မကြာခင် AA လက်ထဲကျရှုံးတော့မည့် အခြေအနေဖြစ်သည်။