ပြည်သူတွေကို ခြိမ်းခြောက်လိုက်ပြီလား
လတ်တလော ဖြစ်စဉ်တွေအပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် ပြစ်တင်ဝေဖန်နေမည့်အစား ခေါင်းချင်းဆိုင် ဖြေရှင်းတဲ့ နည်းလမ်းက ချဉ်းကပ်ရင် အဆင်မပြေနိုင်စရာ အကြောင်းမရှိပါဘူး။ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်ဆိုရင် မဖြစ်နိုင်စရာလည်း မရှိပါဘူး။ ဥပမာ အရောင်းအဝယ်တစ်ခုမှာ ရောင်းသူကလည်း အမှန်တကယ် ရောင်းချချင်ရင် ဝယ်မည့်သူကလည်း အမှန်တကယ် လိုအပ်နေတယ်ဆိုရင် ညှိနှိုင်းမှုနဲ့ ဈေးတည့်သွားနိုင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ရောင်းမည့်လူ အကျပ်အတည်း ရောက်နေချိန်မှ ဈေးနှိမ်ပြီး ဝယ်မယ်လို့ ဆုံးဖြတ်ထားရင်တော့ ကြန့်ကြာသွားနိုင်ပါတယ်။
19 Jan 2019
သင်းပုန်းတန်းကျေးရွာသို့ ရောက်ရှိလာသော စစ်ဘေးရှောင်ကလေးငယ်များ / ဓာတ်ပုံ - သက်နိုင်
Written by - ရမ္မာကျော်စော / DMG
ဇန်နဝါရီလ ၇ ရက်နေ့က နိုင်ငံတော်သမ္မတရုံးမှာ ပြုလုပ်သွားတဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရ ပြောရေးဆိုခွင့်ရှိသူ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ရက္ခိုင့်တပ်မတော်(AA)ကို ထောက်ခံနေကြတဲ့ ရခိုင်ပြည်သူတွေကို ရပ်တန်းကရပ်ကြဖို့ သတိပေးလိုက်တာကို တွေ့လိုက်ရပါတယ်။ အဲဒီစကားဟာ သတိပေးမှုသက်သက်လို့ မြင်လို့မရဘူး။ ခြိမ်းခြောက်မှုတွေ ပါနေတယ်လို့ သုံးသပ်မိပါတယ်။ AA ကို ထောက်ခံနေကြတာတွေကို ရပ်တန်းကရပ်ပါလို့ ဆိုလိုက်တာက မရပ်ရင် အရေးယူမယ်လို့ ပြောတာလည်း ဖြစ်နိုင်ပါတယ်။ နောက်တစ်ဖက်က ကြည့်ရင်တော့ မေတ္တာရပ်ခံတာလည်း ဖြစ်နိုင်လောက်ပါတယ်။ ဒါပေမဲ့ ပြောဆိုသွားတဲ့ လေယူလေသိမ်း၊ စကားသံတို့က ခြိမ်းခြောက်မှုတွေ ပါနေတယ်လို့ မြင်ပါတယ်။ မေတ္တာရပ်ခံခြင်းတော့ မဖြစ်နိုင်ပါဘူး။
၁၉၈၈ နောက်ပိုင်းတက်လာတဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးနှင့် တည်ဆောက်ရေးအဖွဲ့ (နဝတ)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ(နအဖ) အစိုးရတွေ လက်ထက်မှာတောင် မကြားဖူးခဲ့တဲ့ စကားလုံးကို ဒီနေ့ ပြည်သူ့မဲ (မဲအမှန်)နဲ့ တက်လာပါတယ်ဆိုတဲ့ အစိုးရလက်ထက်မှာ စပြီးတော့ ကြားဖူးတာပါပဲ။ ဗိုလ်ချုပ်ခင်ညွှန့်ရဲ့ အစီအမံနဲ့ ၁၉၉၄ ခုနှစ်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အားလုံးနီးပါးကို လက်နက်နှင့်ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်နဲ့ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးစေပြီး နှစ်သိမ့်ပေးခဲ့ဖူးပါတယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေကိုတော့ နောက်တက်လာမည့် ရွေးကောက်ခံ အစိုးရနဲ့မှ ဆွေးနွေးကြပါ၊ သူတို့က ရွေးကောက်ခံ အစိုးရမဟုတ်ပါဆိုတဲ့ ပျားရည်နဲ့ ဝမ်းချတဲ့ ဗျူဟာကို သုံးခဲ့ကြပါတယ်။ သို့သော် သူတို့လုပ်ခဲ့တဲ့ ရည်ရွယ်ချက်က အမှန်တကယ် ငြိမ်းချမ်းရေးလိုလားမှု မဟုတ်ဘဲ ကရင်အမျိုးသားအစည်းအရုံး (KNU)ကို အပြုတ်တိုက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့မှန်းကို နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၉၅ မှာ ရုပ်လုံးပေါ်လာတော့တာပဲ။ KNU ရဲ့ ဌာနချုပ်ဖြစ်တဲ့ မာနယ်ပလောကို အင်အားအလုံးအရင်းနဲ့ တိုက်ခိုက် သိမ်းပိုက်တဲ့အတွက် KNU ဟာ ထိုင်း-မြန်မာနယ်စပ်ကို ဆုတ်ခွာခဲ့ရပါတယ်။ ဆိုတော့ ဒီနေ့ KNU အင်အား ဆုတ်ယုတ်သွားပြီလား။ အပြုတ်တိုက်တဲ့ အစီအစဉ် အောင်မြင်ခဲ့သလား ပြန်စဉ်းစားစေချင်ပါတယ်။ KNU ဟာ အင်အားချိနဲ့မသွားရုံမက ပိုလို့သာ အမျိုးသားရေးစိတ် ကြီးထွားပြီး အင်အားကိုလည်း တောင့်တင်းအောင် တည်ဆောက်ထားနိုင်တဲ့အတွက် ဦးသိန်းစိန် အစိုးရလက်ထက်မှာ ပြုလုပ်ခဲ့တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ ဦးစားပေးအဆင့်က ပါဝင်လာတာကို မြင်တွေ့နိုင်ပါတယ်။
“KNU ရဲ့ တော်လှန်ရေးဖခင်ကြီး၊ ခေါင်းဆောင်ကြီး၊ စောဘဦးကြီးရဲ့ မှာတမ်းရှိပါတယ်။ ကရင့်ကြမ္မာ ကရင်ဖန်တီးရမယ်တဲ့၊ ရခိုင်လူမျိုးတွေလည်း သူတို့ကြမ္မာ သူတို့ ဖန်တီးပိုင်ခွင့် ရှိရမှာပဲလေ။ အဓိကက self -determination ပါပဲ။ ကိုယ်အရေးအရာမှာ သူများစွက်ဖက်တဲ့ခေတ် ကုန်သင့်ပြီ ထင်ပါတယ်။ လက်ရှိ ရခိုင်ဘက်မှာ ဖြစ်တဲ့ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့တော့ ‘ပါးကိုက်ရင် နားကိုက်မယ်’ ဆိုတာထက် နိုင်ငံရေးယဉ်ကျေးမှုအသစ်ကို အခြေခံပြီး ငြိမ်းချမ်းစွာ ပြဿနာဖြေရှင်းခြင်း ဆိုတဲ့ မူကို ကျင့်သုံးဖို့နဲ့ အဲဒီအတွက် လိုအပ်တဲ့ အတွေးအခေါ် အယူအဆတွေ ပြုပြင်ဖို့ိ သက်ဆိုင်သူတွေကို တိုက်တွန်းလိုပါတယ်။ လက်နက်ကိုင်နည်းနဲ့ တိုက်ပွဲဝင်တာက ကိုယ်ရင်ဆိုင်ရတဲ့ စိန်ခေါ်မှု အမျိုးအစားအပေါ် မူတည်ပြီး ရွေးချယ်ကြတယ်ဆိုပေမယ့် အဖြေက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ငြိမ်းချမ်းစွာ တွေ့ဆုံညှိနှိုင်း အဖြေရှာခြင်းသာလျှင် ဖြစ်ပါတယ်။ AA နဲ့ဖြစ်တဲ့ ပြဿနာဟာ နိုင်ငံရေးပြဿနာဖြစ်လို့ပါ” ဆိုပြီးတော့ KNU အထွေထွေအတွင်းရေးမှူး ဆရာ စောတာဒိုမူးက လက်ရှိ ရခိုင်ဘက်မှာ ဖြစ်ပွားနေတဲ့ ကိစ္စရပ်နဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှုထောင့်ကနေ မှတ်ချက်ပေးသွားတာရှိပါတယ်။
“ရခိုင်ပြည် ဖွတ်ဖွတ်ကျေသွားမယ်။ နောက် ၁၀ နှစ်မှာ ဘာဖြစ်သွားမယ်ပေါ့။ ဆီးရီးယားလို ဖြစ်မယ်လို့ ပြောတာလည်း ကျနော်တို့ ကြားမိပါတယ်။ ကျနော့်စိတ်ထဲမှာ ဘာတွေဖြစ်လဲဆိုတော့ ငါတို့ တိုင်းပြည်ကိုဖျက်ရင် သူတို့ တိုင်းပြည်ကိုလည်း ဖျက်ရမလားဆိုတဲ့ အတွေးလည်း ရောက်မိပါတယ်” ဆိုပြီး နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး၊ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး ပြောသွားတာတွေနဲ့ ပတ်သက်ပြီး တော့ ULA/AA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်ကလည်း ဧရာဝတီသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြန်လည် ပြောကြားထားလည်း တွေ့ရပါတယ်။
နိုင်ငံရေးပြဿနာတစ်ရပ်ကို နိုင်ငံရေးနည်းလမ်းနဲ့ မဖြေရှင်းနိုင်ကြလို့ စစ်တလင်းမှာ စစ်တိုက်ကြတာဟာ လုပ်ရိုးလုပ်စဉ် တစ်ခုသာဖြစ်ပါတယ်။ လက်နက်ကိုင်ထားကြသူချင်း နိုင်ငံရေးကစားကြတဲ့အခါ အဓိက အထိအနာဆုံးကတော့ ပြည်သူတွေပါပဲ။ အဲဒီလိုပဲ ကိုယ်ကြိုက်တဲ့ အဖွဲ့အစည်းကို ထောက်ခံ၊ ပံ့ပိုးပေးကြတာကလည်း ပြည်သူရဲ့ ရွေးချယ်မှုသာ ဖြစ်ပါလိမ့်မယ်။ အရင်တုန်းက အခုလို ခြိမ်းခြောက်မှုမျိုးကို မတွေ့ရဘဲ ဒီမိုကရေစီ ဖက်ဒရယ်လမ်းကြောင်းကို သွားနေပါတယ်၊ ငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို သွားနေပါတယ်ဆိုတဲ့ အစိုးရလက်ထက်မှာ ပြည်သူကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်လိုက်တဲ့ စကားတွေကတော့ အရုပ်ဆိုးလွန်းတယ်လို့ပဲ ပြောရပါလိမ့်မယ်။
ကျွန်တော်တို့ တွေ့ဖူး၊ ကြုံဖူးပြီးသားတွေ ရှိဖူးကြပါလိမ့်မယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပတ်သက်လို့ဆိုပြီး မတရားအသင်းဥပဒေ ၁၇(၁)၊ ၁၇(၂) လို ပုဒ်မမျိုးတွေနဲ့ အရေးယူလိုက်တယ်။ မကြာတော့တဲ့ အချိန်မှာ အဲဒီ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြ၊ အပစ်ခတ်ရပ်စဲရေး လက်မှတ်ထိုးလိုက်ကြတယ်။ ဒါပေမဲ့ အဲဒီအဖွဲ့နဲ့ အဆက်အသွယ်လုပ်လို့ ဆိုပြီး ဖမ်းဆီးခံထားရသူတွေကတော့ ထောင်ထဲမှာ ဒုက္ခကို ခံစားနေရတုန်းပါပဲ။ အသိုက် အဝန်းနှစ်ဘက်၊ အစုအဖွဲ့နှစ်ဖက် စစ်ဖြစ်ရင် နစ်နာသူတွေက အောက်ခြေရဲဘော်တွေနဲ့ သာမန်ပြည်သူတွေပဲ ဖြစ်ပါတယ်။
“စီးပွားရေးဈေးကွက်ဟာ သေနတ်ပြောင်းဝက ထွက်နေတယ်၊ ငြိမ်းချမ်းရေးအတွက် ဘယ်ကောင်မှ လက်ကြောမတင်းဘူး၊ လူ့အသက်ဆိုတာ အလွယ်ရတဲ့ အရင်းအနှီးပဲ၊ ကုန်တိုက်တွေမှာ တင်မရောင်းသေးတာ ကံကောင်းတယ်၊ ဗိုလ်ချုပ်ကြီးတွေ အလုပ် မပြုတ်ရေးအတွက်၊ အသေခံနေကြတဲ့သူတွေ စစ်ချီတေးကိုဆိုနေကြ၊ စီးပွားရေးဈေးကွက်ဟာ သေနတ်ပြောင်းဝက ထွက်တယ်” ဒီဗွီဘီ ဒီဘိတ်တစ်ခုမှာ အမျိုးသားစာပေဆုရ ဆရာညီပုလေး ရွတ်ပြသွားတဲ့ ဆရာမောင်မြတ်သူရဲ့ “စစ်ပွဲတွေမရှိတော့တာ ကြာပြီ” ဆိုတဲ့ ကဗျာထဲက နောက်ဆုံးအပိုဒ်လေးပါ။ ဒီအရာတွေက ကဗျာသက်သက်၊ စာသက်သက် မဟုတ်ပါဘူး။ တကယ့်လက်တွေ့မှာ ခံစားနေရတဲ့ ဒုက္ခတွေရဲ့ တစ်စိတ်တစ်ဒေသကို လှစ်ဟထားခြင်းပဲ ဖြစ်ပါတယ်။ စစ်ပွဲတွေကြောင့် အာဏာရှိသူတွေက ပိုရှိလာကြပြီး ဆင်းရဲမွဲတေပြီး ဒုက္ခရောက်သူတွေကတော့ ပိုပြီး ဒုက္ခရောက်ကြရတာပါပဲ။
“အကြမ်းဖက် အဖွဲ့အစည်းတွေကို အထောက်အကူပြုတဲ့ စစ်ဆင်ရေးတွေ၊ အကြမ်းဖက်အဖွဲ့ အစည်းတွေနဲ့ ပူပေါင်းတဲ့ လုပ်ရပ်တွေပေါ့၊ ဒါမျိုးတွေ မလုပ်ဖို့တော့ ကျနော်တို့က ပြောချင်တယ်၊ ရခိုင်တိုင်းရင်းသား ပြည်သူတွေ အထူးသဖြင့် လူကြီးသူမတွေ၊ ရခိုင်ကွန်မြူနတီမှာ သြဇာကြီးမားတဲ့ ရဟန်းသံဃာတွေပေါ့၊ အကုန်ပါပါတယ်။ ရခိုင်အနာဂတ် ရခိုင်တွေ ဘယ်လိုမြင်ချင်သလဲ၊ မြင်ချင်တဲ့ ပုံစံအတိုင်း ဖြစ်လာမည့် အကျိုးဆက်တွေကို တွေးကြည့်ပါ၊ တွက်ပြီးမှပဲ ထောက်ခံမှုလုပ်ပါ။ ကျနော်တို့ အဲဒါကို တိတိကျကျ တပ်မတော်နဲ့လည်း ပြောထားတယ်။ သောင်းကျန်းသူနယ်မြေ စစ်ဆင်ရေးလုပ်ဖို့ ပြောထားပြီးသား ဖြစ်ပါတယ်” ဆိုပြီးတော့ ဦးဇော်ဌေး ပြောသွားတာ တွေ့ရပါတယ်။
စစ်ပွဲကို ဖန်တီးနေကြတာက ပြည်သူတွေ မဟုတ်ပါဘူး။ လက်နက်ကိုင်ထားတဲ့ လူတွေသာ ဖြစ်ပါတယ်။ တကယ်တမ်း ငြိမ်းချမ်းရေးကို လိုချင်ငတ်မွတ်နေသူတွေက ပြည်သူတွေသာ ဖြစ်တယ်ဆိုတာကိုလည်း ထည့်တွက်ကြစေလိုပါတယ်။ နောက်တစ်ခုက ပြည်သူဆိုတာ အပ်တိုတစ်ချောင်းတောင် မရှိတဲ့အတွက် နီးရာဓါး(သေနတ်)ကို ကြောက်နေကြရတဲ့ အခြေအနေမျိုးပါ။ ငြိမ်းချမ်းရေးဆိုတာ အင်အားကြီးသူက သဘောထားကြီးနိုင်မှသာ ဖြစ်လာနိုင်တဲ့ အနေအထားပါ။ ဖြစ်လာရင် ပြည်သူတွေပဲ ဒုက္ခရောက်နေတာမှာ တစ်ခါထပ်ပြီး ခြိမ်းခြောက်ခံနေရပြီ ဆိုရင် ပြည်သူက ဘယ်သူ့ကို ယုံကြည်ရတော့မှာလဲ။
လတ်တလော ဖြစ်စဉ်တွေအပေါ်မှာ တစ်ဖက်နဲ့တစ်ဖက် ပြစ်တင်ဝေဖန်နေမည့်အစား ခေါင်းချင်းဆိုင် ဖြေရှင်းတဲ့ နည်းလမ်းက ချဉ်းကပ်ရင် အဆင်မပြေနိုင်စရာ အကြောင်းမရှိပါဘူး။ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးကို အမှန်တကယ် လိုချင်ဆိုရင် မဖြစ်နိုင်စရာလည်း မရှိပါဘူး။ ဥပမာ အရောင်းအဝယ်တစ်ခုမှာ ရောင်းသူကလည်း အမှန်တကယ် ရောင်းချချင်ရင် ဝယ်မည့်သူကလည်း အမှန်တကယ် လိုအပ်နေတယ်ဆိုရင် ညှိနှိုင်းမှုနဲ့ ဈေးတည့်သွားနိုင်ပါတယ်။ အဲဒီလို မဟုတ်ဘဲ ရောင်းမည့်လူ အကျပ်အတည်း ရောက်နေချိန်မှ ဈေးနှိမ်ပြီး ဝယ်မယ်လို့ ဆုံးဖြတ်ထားရင်တော့ ကြန့်ကြာသွားနိုင်ပါတယ်။ ပြည်တွင်းစစ်ကို နှစ် ၇၀ ခန့် တိုက်လာကြပြီးပြီ။ တိုင်းပြည်ကထွက်တဲ့ သယံဇာတကို ရောင်းပြီး ရလာတဲ့ငွေတွေကို ညီနောင်သားချင်း သတ်နေကြတဲ့ နေရာမှာ သုံးနေကြရင် တိုင်းပြည်ရဲ့ အနာဂတ်ဆိုတာလည်း ရှိလာမှာ မဟုတ်တော့ပါဘူး။
အခုဆိုရင် လူမျိုးနှစ်ခုရဲ့ အသိုက်အဝန်းနှစ်ခုကြားမှာပါ အမုန်းတရားတွေ တိုးပွားလာနေတာကို လူမှုကွန်ယက် စာမျက်နှာတွေပေါ်မှာ တွေ့မြင်လာရတာ အင်မတန် စိတ်ပျက်ဝမ်းနည်းစရာ အခြေအနေတစ်ခုပါ။ AA ကို ထောက်ခံတဲ့အုပ်စုနှင့် တပ်မတော်ကို ထောက်ခံတဲ့ အုပ်စုတွေကြားမှာ ဒီထက်ဆိုးလာနိုင်တဲ့ အနေအထားတစ်ခု ဖြစ်မလာအောင် ဝိုင်းဝန်းထိန်းသိမ်းရမယ့် အချိန်အခါ ဖြစ်ပါတယ်။ ခေတ်စနစ်အရ ပြည်သူကို ခြိမ်းခြောက်ပြီး အုပ်ချုပ်လို့ရတဲ့ခေတ် မဟုတ်တော့ပါဘူး။ ဟိုအရင်ကလို သတင်းအမှောင်ချပြီး လုပ်ချင်တာလုပ်လို့ရတဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။ ရှင်းရှင်းပြောရရင် ပြည်သူကလည်း အကြောက်တရား ကြီးစိုးတဲ့ခေတ် မဟုတ်တော့ပါဘူး။
ဘယ်လိုပဲဖြစ်ဖြစ် စစ်ဖြစ်ရင် ပြည်သူနာတာတော့ အမှန်ပါပဲ။ ဘယ်သူတွေ အကျိုးအမြတ်ရလဲ ဆိုတာကတော့ စစ်တိုက်နေကြတဲ့ သူတွေက ပိုသိပါလိမ့်မယ်။ ကချင်လက်နက်ကိုင်အဖွဲ့ကို ကချင်လူမျိုးအများစု ထောက်ခံထားကြလို့သာ ဒီနေ့အထိ ရှင်သန်ရပ်တည် နိုင်တာဖြစ်တယ်။ ဒီအတိုင်းပဲ ကရင်လက်နက်ကိုင်တပ်ဖွဲ့ နောက်မှာ ကရင်အများစု ရပ်တည်ကြသလို ရခိုင်လက်နက်ကိုင်တပ်ဖွဲ့တွေ နောက်မှာ ရခိုင်အများစု ရပ်တည်ကြမှာ သဘာဝပါပဲ။ ဒါပေမဲ့ တိုင်းရင်းသားပေါင်းစုံ ပါဝင်ဖွဲ့စည်းထားပါတယ်ဆိုတဲ့ မြန်မာ့တပ်မတော်ကို ဗမာအများစုကလွဲပြီး ကျန်တိုင်းရင်းသား မျိုးနွယ်စုတွေ အကြီးအကျယ် ထောက်ခံတာမျိုးတော့ မတွေ့မြင်ရသေးပါဘူး။ အဲဒီလို တိုင်းရင်းသားမျိုးနွယ်စုတွေက လှိုက်လှိုက်လှဲလှဲ ထောက်ခံလာတဲ့နေ့မျိုး ရောက်ဖို့ဆိုရင် ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် တည်ဆောက်နိုင်မှသာ ဖြစ်နိုင်ပါလိမ့်မယ်။
ဆိုတော့ ဒီနေ့ ဒီအချိန်အထိ တိုက်နေကြတဲ့၊ တိုက်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေဟာ ဘာကြောင့် တိုက်ပွဲဝင်ခဲ့ကြတယ် ထင်ပါလဲ။ အမျိုးသားတန်းတူရေးနဲ့ ကိုယ့်ကြမ္မာကိုယ် ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို လိုချင်လို့ တိုက်ပွဲဝင်ခဲ့ကြတာပါပဲ။ သို့သော်လည်း အရင် စစ်အစိုးရ လက်ထက်ကအစ စစ်တစ်ပိုင်း ဒီမိုကရေစီအစိုးရအထိ ပြည်သူကို ခြိမ်းခြောက်တာမျိုး တရားဝင်လုပ်ခဲ့တယ်လို့ မကြားမိ၊ မဖတ်မိပါဘူး။ စစ်အာဏာရှင်စနစ်နဲ့ ပြည်သူကို ခြောက်လှန့်အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေ လက်ထက်မှာတောင် မကြားဖူးခဲ့၊ မခံစားရဖူးခဲ့တဲ့ ခြိမ်းခြောက်မှုမျိုးကို ဒီမိုကရေစီအစိုးရ စစ်စစ်ပါလို့ ကြွေးကြော်ထားတဲ့ အစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်ဆီက ထွက်လာတာဟာ ကောင်းတဲ့လက္ခဏာ မဟုတ်ပါဘူး။
တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆိုတာ ဒီနေ့ ဆက်ဆံရေးအဆင်မပြေရင် အကြမ်းဖက်သောင်းကျန်းသူ၊ နယ်ချဲ့ဝါဒီဖြစ်လိုက်၊ မနက်ဖြန် အဆင်ပြေတဲ့အခါ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး၊ ညီနောင်သားချင်းဖြစ်လိုက် ဖြစ်ခဲ့ကြသလို ဖြစ်လည်းဖြစ်နေဦးမှာပါပဲ။ ဘယ်လိုပဲခေါ်ခေါ် ဘယ်တပ်ဖွဲ့ပဲ ဖြစ်ဖြစ် ပြည်သူက ပေါက်ဖွားပေးလိုက်တဲ့ သူတွေသာ ဖြစ်တယ်။ အုပ်စုကွဲ၊ ဝါဒကွဲ သဘောတရားရေးရာမှာ ညီတူမကျတာကိုတော့ မခြိမ်းခြောက်ကြပါနဲ့လို့ တောင်းဆိုလိုက်ပါရစေ။ ။
ရမ္မာကျော်စော
ဇန်နဝါရီလ ၁၁ ရက်၊ ၂၀၁၉ ခုနှစ်။
ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၁) တွင်လည်း ဖတ်ရှုနိုင်သည်။