မြစ်များ ၊ စီမံကိန်းများနှင့် ရခိုင်ပြည်နယ်အနာဂတ်

ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသော အစိုးရတစ်ရပ်အနေဖြင့် တန်းတူညီမျှမှုကို အထူးဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တန်းတူအခွင့်အရေးမပေးသေးသရွေ့ တော့ စစ်မှန်သော ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်လာမည်မဟုတ်ပေ။

By ဝကာပျံ 16 May 2018

ချင်းတောင်တန်းများမှ စီးဆင်းလာသော လေးမြို့မြစ်အား  Google မှ တွေ့မြင်ရစဉ်

ဝကာပျံ ရေးသားသည်

၁။ လေးမြို့မြစ် သို့မဟုတ် ဖုန်လောင်းမြစ်

            ရခိုင်ပြည်နယ်မြေပုံကို ကြည့်မည်ဆိုပါက မြောက်မှတောင်သို့ သွယ်တန်းစီးဆင်းနေသော မြစ်လေးမြစ်ကို တွေ့မြင်ရပေမည်။ ၎င်းမြစ်လေးမြစ်မှ အရှေ့ဖက်အကျဆုံးမြစ်ကို ရခိုင် လူမျိုးများက အဉ္ဇနနဒီမြစ် သို့မဟုတ် လေးမြို့မြစ်ဟုခေါ်ဆိုကြသည်။ လေးမြို့မြစ်သည် ရခိုင် သမိုင်းစာမျက်နှာတွင် အလွန်အရေးပါသော အခန်းကဏ္ဍမှ ပါဝင်အသုံးတော်ခံခဲ့သည်။ သူ့ကို အကြောင်းပြုပြီး၊ လေးမြို့ခေတ်ကြီး တစ်ခေတ်တောင်ပေါ်ထွန်းခဲ့သည်။  အဆိုပါ လေးမြို့မြစ်ကို ချင်းအမျိုးသားများက ဖုန်လောင်းမြစ်ဟု ခေါ်ဆိုကြသည်။ ဖုန်လောင်းမြစ်ဆိုသည်မှာ မြင့်မြတ် သော၊ ကြီးမြတ်သောမြစ်ဟု အဓိပ္ပါယ်ရသည်။ သို့ အတွက် လေးမြို့မြစ်ခေါ် ဖုန်လောင်းမြစ်သည် ချင်းတိုင်းရင်းသားတို့အတွက် အမြင့်ဆုံး၊ အကြီးမြတ်ဆုံး မြစ်ကြီးတစ်စင်းဖြစ်သကဲသို့ ရခိုင်လူမျိုး များအတွက်လည်း အလွန်အရေးပါသော တန်ဖိုးမဖြတ်နိုင်သည့် မြစ်တစ်စင်းပင်ဖြစ်သည်။ ထို့ပြင် မြင့်မားသော ချင်းတောင်တန်းများရှိရာ ချင်းပြည်နယ်မှ စတင်မွေးဖွားပြီး ရခိုင်ပြည်နယ်ကို ဖြတ် သန်းစီးဆင်းကာ၊ ဟန်တာပင်လယ်အော် အတွင်းသို့စီးဝင်သွားသော လေးမြို့မြစ်သည် ရခိုင်လူမျိုး များအတွက် အသက်သွေးကြောမြစ် တစ်စင်းပင် ဖြစ်သည်။

 ၂။ အရေးပါသောမြစ်

            မတူပီမြို့နယ်၊ ဗုံဒါလာရေတံခွန်မှ အစပြုသော လေးမြို့မြစ်ခေါ် ဖုန်လောင်းမြစ်သည် ချင်းပြည်နယ် မတူပီ၊ ပလက်ဝ၊ ရခိုင်ပြည်နယ်မှ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံမြို့နယ် များသို့ ဖြတ်သန်းစီးဆင်းသွားပြီး၊ လူသိန်းပေါင်းများစွာ အမှီပြုနေထိုင်သော မြစ်ဖြစ်သည်။ မြစ် အတွင်းသို့ ချောင်းလက်တက်များစွာ စီးဝင်သွားကြသည်။ ထိုအထဲမှ သံချောင်း၊ ဝက်ချောင်း၊ ရူး ချောင်းတို့သည် ထင်ရှားသည်။ အဆိုပါ ချောင်းသုံးချောင်းမှာ လေးမြို့မြစ်အထက်ဖက် ချင်းပြည် နယ်အတွင်း ရေကြောင်းသွားလာရေးအတွက်သာမက နွေရာသီရေနည်းချိန်၌ အဓိကရေဖြည့်ပေး သည့် ချောင်းများပင်ဖြစ်၏။ ထို့ပြင် လေးမြို့ဝါးဟုနာမည်ကြီးသော ခရင်ဝါးများထွက်ရှိရာ ပင်မ ရင်းမြစ်နေရာများပင်ဖြစ်ကြ၏။ ယင်းအထဲမှ သံချောင်းသည် အရေးအပါဆုံး ချောင်းတစ်ချောင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လေးမြို့မြစ်မှ ထွက်ရှိသော ဝါးစုစုပေါင်းအရေအတွက်၏ ထက် ဝက်ကျော်ကို သံချောင်းမှ ထုတ်ယူရရှိသည့် အတွက်ကြောင့်ဖြစ်သည်။

            ဆောင်းရာသီ၊ နွေရာသီများ၌ လေးမြို့မှ တစ်လလျှင် ဝါးလုံးရေ သိန်း ၂၀ ကျော် ပုံမှန် ထွက်ရှိသည်။ ငွေကြေးအားဖြင့် သိန်း ၆၀၀၀ ကျော်ဝန်းကျင်ရှိပြီး အဆိုပါငွေကြေးများမှာ ရခိုင် နှင့် ချင်းလူမျိုးများ၏လက်ထဲသို့ ရောက်သွားခြင်းဖြစ်သည်။(ဝါးတစ်လုံးပေါက်ဈေး ၃၀၀ ကျပ်ဖြင့် တွက်ချက်ထားခြင်းဖြစ်သည်။) သို့အတွက် လေးမြို့ခေါ် ဖုန်လောင်းမြစ်သည် ရခိုင်ပြည်နယ် အတွင်းမှ များစွာသော ကိုယ်ကာယအလုပ်သမား များအတွက် အလုပ်အကိုင်အခွင့်အလမ်း ပေး ထားသည့် နေရာဖြစ်သကဲသို့ ဒေသခံချင်းအမျိုးသားများအတွက်လည်း သဘာဝရင်းမြစ် ဝင်ငွေရ လမ်း တစ်ခုလည်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သဘာဝအလျှောက် ပေါက်ရောက်သည် မှန်သော်လည်း ဒေသခံချင်းတို့က သူတို့၏ဘိုးဘွားပိုင်မြေယာများအဖြစ် သတ်မှတ်ကာ ဝါးတောများကို ရောင်းချကြပြီး ဝင်ငွေရကြသည့်အတွက်ဖြစ် သည်။ ဝါးအပြင် လေးမြို့မြစ်ထဲမှ လေးမြို့ကျောက်ဟုခေါ်သော ဂဝံကျောက်ကို မြစ်ထဲမှ တူးဖော် ရောင်းချနိုင်ကြပါသည်။ ကျွန်း၊ ပျဉ်းကတိုး၊ ရေမနီ၊ ကြမ်းကျင်အစရှိသည့် အဖိုးတန် သစ်မာများကိုလည်း မိုးရာသီတွင် ထုတ်ယူ ရောင်းချနိုင်ကြသည်။ ထို့ပြင် လေးမြို့မြစ်ကြောင်းတစ်လျှောက် ကိုင်း၊ ကျွန်းများတွင် ဆေးရွက်ကြီး၊ ငရုတ်၊ ကနစို၊ မြေပဲ စသည်တို့ကို စိုက်ပျိုးထုတ်လုပ်ရောင်းချကြသည်။ မြစ်ဖျားပိုင်း တောင်ပေါ်များတွင် လိမ္မော်၊ ရာဘာ၊ ငရုတ်ကောင်း၊ ဓညင်းသီးနှင့် တောင်ယာစပါးများကို စိုက်ပျိုးကြသည်။ မတူပီ၊ ပလက်ဝ၊ မြောက်ဦးမြို့နယ်များမှ လေးမြို့မြစ်ကြောင်းတစ်လျှောက်တွင် နေထိုင်ကြသော ရခိုင်၊ ချင်း၊ ခမီ၊ မြို၊ ဒိုင်းနက်လူမျိုးများအတွက် တစ်ခုတည်းသော ဆက်သွယ်ရေး လမ်းကြောင်းလည်း ဖြစ်သည်။

 ၃။ လေးမြို့ဆည်စီမံကိန်း

            မြန်မာအစိုးရ၏ခွင့်ပြုချက်ဖြင့် ရွှေတောင်ကုမ္ပဏီနှင့် China Tatang Oversea Investment Co,ltd  တို့ အကျိုးတူပူးပေါင်းလျက် လေးမြို့ဆည်စီမံကိန်းနှင့်ပတ်သက်သော ကနဦး စမ်းသပ်စစ်ဆေးမှုများကို ၂၀၁၀ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့သည်။ ထို့နောက် (၂)နှစ်ကြာရပ်နားပြီး ၂၀၁၂ ခုနှစ်တွင်Drilling တူးဖော်ခြင်း၊  ရေလွှဲပေါက်အတွက် မြေသားနမူနာရယူခြင်းများ ပြုလုပ်ခဲ့သည်။ ဆည်တည်ဆောက်မည့်နေရာမှာ လေးမြို့ မြစ်နှင့် သံချောင်းဆုံရာအောက်ဖက် မီတာ (၃၀၀)အကွာတွင် တည်ရှိသည်။ ဆည်ဆောက်မည့်နေရာနှင့် အောက်ဖက်၊ အနီးကပ်ဆုံးရွာဖြစ်သော ကိုဖေချေရွာနှင့် နှစ်ကီလိုမီတာ အကွာလောက် တွင်တည်ရှိသည်။ ဆည်အမြင့် မီတာ ၁၀၀၊  အောက်ခြေအကျယ် မီတာ ၅၀၀ ရှိမည်ဟု သိရသည်။ မြေသားတမံ ဆည်အမျိုးအစားဖြစ်ပြီး၊ ကီလိုဝပ် ၂ သိန်းကျော် ထွက်ရှိမည်ဟုဆိုသည်။ ဆည်တည်ဆောက်မည့်နေရာမှာ မြောက်ဦးမှ အဖြောင့်တိုင်းတာမည်ဆိုပါက ၃၂ ကီလိုမီတာ(မိုင် ၂၀ နီးပါး) ဝန်းကျင်ရှိမည်ဟု ခန့်မှန်းရသည်။ မင်းပြားမြို့နယ် ပန်းမြောင်းရွာမှ ပဲချိတ်စက်လှေဖြင့် နွေရာသီရေနည်းချိန်တွင် ဆန်တက်မည်ဆိုပါက ၆ နာရီမှ ၈ နာရီထိ ကြာမြင့်မည်ဖြစ်ပြီး၊ မိုး ရာသီ၌မူ ၄ နာရီလောက်ဖြင့် ရောက်ရှိနိုင် ပါသည်။

 ၄။ ကျန်းမာရေး၊ ပညာရေးနှင့် စီးပွားရေး

            ဆည်တည်ဆောက်မည့် စီမံကိန်းကြောင့် ဖြစ်ပေါ်လာမည့် ဆိုးကျိုး၊ကောင်းကျိုးကို အပထားပြီး ဒေသခံများ၏ ပကတိအခြေအနေကိုလည်း သိမြင်သင့်ပါသည်။ ဆည်တည်ဆောက်မည့်နေရာအနီးတဝိုက်တွင် ရခိုင်များနှင့်အတူ ဆောင်၊ လိုင်၊ အိုင်ပူ၊ ဒွေတူ၊ ယက်ဒိုင်း မျိုးနွယ်စုများနေထိုင်ကြသည်။ သူတို့၏ အဓိကစီးပွားရေးမှာ ဝါးခုတ်၊ သစ်ခုတ်ခြင်း ဖြစ်ပြီး၊ ဝမ်းစာအတွက် တောင်ယာများကို စိုက်ပျိုးကြသည်။ ဆည်ဆောက်မည့် နေရာအထက်ဖက် မတူပီမြို့နယ်အထိ ဆောင်၊ လိုင် မျိုးနွယ် ရွာပေါင်း(၆၀)ကျော်လောက်ရှိသည်ဟုသိရသည်။ အဆိုပါ မျိုးနွယ်စုများ၏ ပညာတတ်မြောက်မှုမှာ များစွာနိမ့်ကျနေသေးသည်။ ယခုထိ စစ်တွေတက္ကသိုလ်မှ ဘွဲ့ရထားသော လူငယ်ဦးရေမှာ ၂၀ မကျော်သေးပေ။ မူလတန်းကို တက်ရောက်သူများပြားလာသော်လည်း အထက်တန်းကျောင်းသားဦးရေမှာ များစွာနည်းပါးနေ သေးသည်။ ဆည်တည်ဆောက်မည့် နေရာနှင့် သိပ်မဝေးသည့် သံတောင်ကျေးရွာ၌ အထက် တန်းကျောင်းခွဲရှိသည်ဟုဆိုသော်လည်း ကုန်ကျစရိတ်များပြားခြင်း၊ စာမေးပွဲဖြေဆိုရန်အတွက် မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များကို ရေတစ်တန်၊ ကုန်းတစ်တန်ကျော်ဖြတ်ပြီး ပလက်ဝမြို့နယ်ကို  သွားရောက်ဖြေဆိုကြရသည့်အတွက်ကြောင့်လည်း ဆယ်တန်းတက်ရောက် အောင်မြင်ရေးမှာ များစွာခက်ခဲလှပါသည်။ သူတို့၏ တစ်ခုတည်းသော ပညာရေးထွက်ပေါက်မှာ ရန်ကုန်ရှိ သမ္မာကျမ်းစာ ကျောင်းတက်ပြီး၊ နိုင်ငံရပ်ခြားသို့သွားရောက် အလုပ်လုပ်ကိုင်ရန် ဖြစ်သည်။

            ကျန်းမာရေးစောင့်ရှောက်မှုအနေဖြင့် မတူပီ၊ ပလက်ဝမြို့နယ်များရှိ လေးမြို့မြစ် ကြောင်းတစ်လျှောက်တွင် နေထိုင်ကြသည့် ကျေးရွာသားများသည် တစ်ခုတည်းသော သံတောင် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကို အဓိက မှီခိုအားထားနေကြရသည်။ အနီးစပ်ဆုံး ဆေးရုံ ဖြစ်သည့် ပန်းမြောင်းတိုက်နယ်ဆေးရုံသို့ သွားရောက်ကုသမည်ဆိုပါက ၅ နာရီကျော် ခုတ် မောင်းရပေမည်။ ငှက်ဖျားဖြစ်ပွားမှုမြင့်မားပြီး၊ အာဟာရချို့တဲ့နေသည့်ကလေးငယ် တော်တော် များများလည်း ရှိနေသေးသည်။  ၎င်းနည်းတူ လေးမြို့မြစ်အောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း နေထိုင်ကြသော ရခိုင်လူထုအတွက်လည်း ဆင်းရဲမွဲတေခြင်း၊ ပညာမတတ်ခြင်း၊ ကောင်းမွန်သော ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်း၊ အလုပ်အကိုင်ရှားပါးခြင်း စသည်တို့သည်လည်း မထူးခြား သော အကြောင်းအရာတစ်ရပ်အဖြစ် ရှိနေသေးသည်။

 ၅။ စိန်ခေါ်မှု

            ၁။ ဆည်တည်ဆောက်မှုကြောင့် ရွှေ့ ပြောင်းပေးရနိုင်သည့် ရွာပေါင်း ၄၀ လောက်ရှိမည်ဟု ခန့်မှန်းရသည်။ သည်ထက်လည်း ပိုနိုင်ပါသေးသည်။ သို့သော် တိကျသောစစ်တမ်း၊ သတင်း အချက်အလက်များ ထုတ်ပြန်ထားခြင်းကား မရှိသေးပေ။ လူဦးရေအားဖြင့် တစ်သောင်းကျော် ရှိမည်ဟု ခန့်မှန်းရသည်။ အဆိုပါ ရွာသူ၊ ရွာသူရွာသားများအား တခြားတစ်နေရာသို့ ပြန်လည် ပြောင်းရွေ့နေရာချထားရေးကိစ္စမှာ ကြီးမားသော ပြဿနာတစ်ရပ် ဖြစ်လာပေလိမ့်မည်။ အဘယ် ကြောင့်ဆိုသော် မြင့်မားမတ်စောက်သော တောင်စွယ်၊ တောင်တန်းများပေါများပြီး၊ အိမ်ခြေ ၃၀ ရှိ ရွာတစ်ရွာတည်ဆောက်နိုင်သော မြေနေရာမှာ အလွန်ရှားပါးသည့်အတွက်ကြောင့်ဖြစ်သည်။ ထို့ ပြင် ၎င်းတို့နေထိုင်သည့် ကျေးရွာများအနီးအနားမှ တောင်ယာများကို အမှီပြုလုပ်ကိုင်စားသောက် နေထိုင်ကြသည့်အတွက်ကြောင့်ဖြစ်သည်။

            ၂။ လေးမြို့ဆည်ကို လေးမြို့မြစ်နှင့်သံ ချောင်းဆုံရာအောက်ဖက်တွင် တည်ဆောက်မည် ဖြစ်သည့်အတွက် ဝါးအများဆုံးထွက်ရှိရာ သံချောင်းကို ပိတ်ဆို့ထားသည်နှင့် အတူတူပင်ဖြစ် သည်။ သို့အတွက် တစ်နေ့ ကျပ်ငွေ ၅၀၀၀ မှ ၁၀၀၀၀ ကြားရရှိကြသည့်အတွက် ဝါးခုတ်ပြီး၊ အသက်မွေးနေကြသည့် များစွာသော ရခိုင်နှင့် ချင်းလူမျိုးများအတွက် အလုပ်အကိုင်အခွင့်အလမ်း ဆုံးရှုံးသွားပေမည်။ ထ့ိုပြင် လေးမြို့မြစ်မှ ထွက်ရှိသော ဝါးစုစုပေါင်း၏ ထက်ဝက်ကျော်နီးပါးကို သံချောင်းမှရရှိသဖြင့် အဆိုပါချောင်းကို ပိတ်ထားသည့်အတွက် ဝါးထုတ်လုပ်မှုမှာ များစွာ လျော့ကျသွားပေမည်။ သို့အတွက် ဝါးလုပ်ငန်းဖြင့် အသက်မွေးနေကြသည့် များစွာသော ရခိုင် ပြည်သူများမှာ အထိနာပေမည်။

            ၃။ ဆည်တည်ဆောက်မှုကြောင့် ရေစီးနည်းသွားမည်ဆိုပါက ဆားငန်ရေများ တက်လာ နိုင်သည်ဟုဆိုပြီး၊ ယင်းသို့ ဖြစ်ပါက လေးမြို့မြစ်ရိုးတစ်လျှောက် ကိုင်းကျွန်းများတွင် စိုက်ပျိုးနေ ကြသော လယ်ယာမြေများ၊ ဥယျာဉ်ခြံမြေများ ပျက်စီးဆုံးရှုံးမှုများဖြင့် ကြုံတွေ့ရနိုင်မည်ကို စိုး ရိမ်နေကြသည်။ အထူးသဖြင့် မြောက်ဦး၊ မင်းပြားမြို့များရှိ စိုက်ပျိုးတောင်သူများအတွက် ကြီး မားသော ပြဿနာတစ်ရပ်ဖြစ်သွားပေမည်။ သို့အတွက် ဆားငန်တာတမံများ တည်ဆောက်ပေး ရေးမှာ များစွာအရေးပါပေမည်။ ယင်းနှင့် စပ်လျဉ်းသော လေ့လာမှုများ ရှိ၊ မရှိကို ယခုထက်ထိ မသိရသေးပေ။

            ၄။ ဆည်တည်ဆောက်မည်ဆိုပါက လိုအပ်သော စက်ယန္တရားများ သယ်ယူပို့ဆောင်ရေး အတွက် ကားလမ်းမှာ မရှိမဖြစ်လိုအပ်လာပေမည်။ အဆိုပါကိစ္စအတွက် မဟာမုနိမှ ရူးချောင်း ဝ၊ ဂါရာပြင်ရွာအထိ လမ်းကြောင်းတစ်ခုကို လေ့လာမှုပြုလုပ်ခဲ့သည်ဟု သိရပါသည်။ တစ်ဖက် မှာလည်း လေးမြို့မြစ်အရှေ့ဖက်ကမ်းခြေ၊ မြောက်ဦးမြို့နယ်မှ ဖောက်လုပ်နိုင်သည်ဟု ဆိုသည်။ မည်သို့ပင် ဖောက်လုပ်စေကာမူ လယ်ယာမြေဆုံးရှူံးမှု၊ တောင်ယာပျက်စီးမှုနှင့် ဥယျာဉ်ခြံမြေများ ပါဝင်သွားမည်မှာ သေချာပါသည်။ ထိုသို့ ပျက်စီးဆုံးရှုံးမှုများအတွက် ကောင်းမွန်သောအစီအမံ များ ချမှတ်ထားရန် လိုအပ်ပါလိမ့်မည်။

            ၅။ အဆိုပါ လေးမြို့ဆည်မှထွက်ရှိသော ရေအားလျှပ်စစ်ကို ဘင်္ဂလားဒေရှ်နှင့် အိန္ဒိ ယနိုင်ငံများသို့ ရောင်းချသွားမည်ဖြစ်ပြီး၊ ၁၀% ကိုသာ ပြည်တွင်း၌ သုံးစွဲမည်ဟုသိရသည်။ ထို ၁၀%သော လျှပ်စစ်ဓာတ်အားကို ပြည်မ၌ သုံးစွဲမည်လော၊ မူရင်းပြည်နယ်များ၌ သုံးစွဲမည်လော ဆိုသည်ကို အစိုးရက တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးပေ။ ထို့ပြင် လေးမြို့ဆည်မှ ထွက်ရှိ မည့် ရေအားလျှပ်စစ်ကို ရောင်းချပြီး၊ ရရှိလာသော ငွေကြေးများအား ရင်းမြစ်ပြည်နယ်များဖြစ် သည့် ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်များ၌ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို ဖြစ်ထွန်းစေသော လုပ်ငန်းများ၊ အခြေခံအဆောက်အဦးများ တည်ဆောက်ရေးလုပ်ငန်များ၊ ကဣအသီးသီး၌ နိမ့် ကျနေသော အခြေအနေများမြှင့်တင်မှုနှင့် စပ်လျဉ်းသော လုပ်ငန်းစဉ်များ ...စသည့်တို့၌ အသုံးပြုမည်လော။ သို့မဟုတ် ပြည်မအတွက်သာလျင် အဓိကသုံးစွဲမည်လောဆိုသည့် ပြဿနာမှာ လက်ရှိအစိုးရအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာပေလိမ့်မည်။

 နိဂုံး

            လူသားအရင်းအမြစ်မရှိသော နိုင်ငံတစ်နိုင်ငံ၊ တိုင်းပြည်တစ်ပြည်အတွက် သဘာ၀ အရင်းအမြစ်များအား ထုတ်ယူရောင်းချကြရသည်မှာ အထူးအဆန်း မဟုတ်ပေ။ ထို့အတူ တစ်ဖက်မှာလည်း သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ပျက်စီဆုံးရှုံးမှုများကို လျစ်လျူရှုထား၍ မဖြစ်ပေ။ ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံ၏ အဆင်းရဲဆုံး ပြည်နယ်တစ်ခုတွင် ပါဝင်နေသည်။ သို့သော် ရေ အားလျှပ်စစ်စီမံကိန်းများ (သူဌေးချောင်း၊ လေးမြို့၊ စိုင်းဒင်၊ အမ်းချောင်း)နှင့် သဘာဝဓါတ်ငွေ့ သိုက်များ (ရွှေသဘာဝဓါတ်ငွေ့သိုက်)ရှိပြီး၊ ယင်းအပြင် ကုလားတန်မြစ်ကြောင်းစီမံကိန်း၊ ကျောက် ဖြူရေနက်ဆိပ်ကမ်းစီမံကိန်း အစရှိသော သဘာဝရင်းမြစ်များ အလျှံအပယ်ရှိနေသော ပြည် နယ်ဖြစ်သည်။ ထိုသို့ သဘာဝရင်းမြစ် ကြွယ်ဝချမ်းသာသောဒေသဖြစ်သော်လည်း ရခိုင်သူ၊ ရခိုင်သားများမှာကား ဆင်းရဲမွဲတေနေကြသည်။ ရခိုင်ပြည်နယ်ကား ဆင်းရဲတွင်းနက်နေသေး သည်။ အလုပ်အကိုင်ရှားပါပြီး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည့် ကဏ္ဍအသီးသီးများတွင် နိမ့်ကျလျက်ရှိသည်။

            သို့သော် အဆိုပါစီမံကိန်း၊ သဘာ၀ ရင်းမြစ်များကို အသုံးပြုလိုက်မည်ဆိုပါက များမ ကြာသော အချိန်အတောအတွင်း၌ ဒေါ်လာသန်းချီရရှိလာတော့မည်။ ထိုသို့ရရှိလာသော ဒေါ်လာသန်းပေါင်းများစွာကို မည်သည့်နေရာများ၌ အသုံးချမည်နည်း။ ပြည်မနှင့်နှိုင်းယှဉ်လျင် အစစအရာရာ နိမ့်ကျနေသော ပြည်နယ်၊ အင်္ဂလိပ်လက်အောက် အစောဆုံး ကျရောက်ခဲ့ ရသောပြည်နယ်၊ ယခုအထိ စက်ရုံတစ်ရုံမှ မရှိသေးသောပြည်နယ်၊ ယင်းရင်းမြစ်တို့၏ မူလပိုင် ရှင်ဖြစ်သော ရခိုင်ပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စီမံကိန်းများ၊ လိုအပ်သော အခြေခံအဆောက်အဦးများ တည်ဆောက်ရာတွင် အသုံးမပြုဘဲ ဗဟိုအစိုးရကသာ သိမ်းကျုံးယူသွားမည်ဆိုပါက တရားမျှတမှု ရှိနိုင်တော့မည်မဟုတ်ပေ။ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေသော အစိုးရတစ်ရပ်အနေဖြင့် တန်းတူညီမျှမှုကို အထူးဦးစားပေး ဆောင်ရွက်ရမည်ဖြစ်သည်။ ပြည်နယ်၊ ပြည်မ မခွဲခြားဘဲ တန်းတူအခွင့်အရေးမပေးသေးသရွေ့ တော့ စစ်မှန်သော ဒီမိုကရေစီအစိုးရတစ်ရပ် ဖြစ်လာမည်မဟုတ်ပေ။ ရခိုင်ပြည်နယ်၌ရှိသော သဘာဝရင်းမြစ်များကို ရခိုင်ပြည်သူတို့ကလည်း ပိုင်ဆိုင်သင့်သည့်အတွက် ထိုသဘာဝရင်းမြစ်များ ကိုအသုံးပြုပြီး ရရှိလာသောအကျိုးအမြတ်များကို အပြည့်အ၀ မဟုတ်သည့်တိုင် အများစုကို ရရှိခံ စားသင့်သည်။ သို့အတွက် တိုင်းရင်းသားအရေးကို ရှေ့ရှုပြီး ပိုပြီးထင်သာမြင်သာရှိသော ပိုပြီးတာ ဝန်ခံနိုင်၊ ပိုပြီးလုံခြုံမှုပေးအပ်နိုင်သော လုပ်ဆောင်ချက်များကို လုပ်ဆောင်နိုင်မှသာ စစ်မှန်သော ဒီမိုကရေစီ အစိုးရတစ်ရပ်ဖြစ်ထွန်း အောင်မြင်ပေမည်။ သို့မဟုတ်ပါက ။         ။

လေးမြို့မြစ်အတွင်း ငါးရှာနေသူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ - ကိုအောင်