ရခိုင်တစ်ပါတီတည်းဖြစ်ရေး

ယခု ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင့်ဦးဆောင်ပါတီ ဟူ၍ ရခိုင်နိုင်ငံရေးပါတီ (၃) ခု ဖြစ်ပေါ်နေခြင်းသည်ပင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကောင်းသောအလားအလာ မဟုတ်ပေ။ ထိုသို့ ပါတီများနေလျှင် ရခိုင်မဲဆန္ဒရှင်များ မဲကွဲသွားမည် ဖြစ်သည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားနိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်လာနိုင်၏။

By ဓညအောင် 22 Dec 2018

ဓညအောင် / DMG

ရွေးကောက်ပွဲဝင်ပါတီ နိုင်ငံရေးလောကတွင် ရခိုင်တိုင်းရင်းသားလူမျိုးများအဖို့ ယနေ့ဖြစ်ပေါ်နေသော ကိစ္စရပ်များနှင့် ပတ်သတ်၍ ကျွန်ုပ်၏ အကြံပြုလိုသော အချက်များကို သာမန် ပြည်သူတယောက်အနေဖြင့် အကြံပြုလိုက်ပါ၏။ ကျွန်ုပ်၏ အမြင်သည် ရခိုင်လူမျိုး၊ ရခိုင်ပြည်သူ ရဟန်းရှင်များ၏ အများစုအမြင်နှင့် ထပ်တူကျနိုင်မည်ဟု မှတ်ယူပါ၏။ အများစု၏အမြင်သည် ပြည်သူအမြင်ပင် ဖြစ်သည်ဟု ယူဆနိုင်မည်ပင် ဖြစ်ပါ၏။

ယနေ့ဖြစ်ပေါ်နေသော ကိစ္စရပ်များ

ရခိုင်တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ရခိုင်ရဟန်းရှင်လူ ပြည်သူများ၏ တောင်းဆိုချက်အရ ငပလီတွင် ပေါင်းစည်းခဲ့ကြသော်လည်း ပေါင်းစည်းမှု အခြေမခိုင်သဖြင့် လည်းကောင်း၊ အမျိုးသားညီညွတ်ရေးစိတ်ဓာတ် မခိုင်မာမှုကြောင့် လည်းကောင်း ပေါင်းစည်းပြီးနောက် ပြန်လည်ကွဲပြဲခဲ့ကြ၏။ ယင်းသို့ ဖြစ်ပေါ်ပြီးနောက် ထုတ်ပယ်ခံရသူများ၊ နုတ်ထွက်သူများထဲမှာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် အခြမ်းက အများဆုံးပါဝင်သည်။ ၎င်းတို့သည် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ပြန်လည်ထူထောင်ကြသည်။ ယင်းပါတီထဲသို့ ရခိုင်မျိုးချစ်ပါတီဝင်များက မိမိတို့ပါတီကို ဖျက်သိမ်းပြီး ဝင်ရောက်လာခဲ့သည်။ လက်ရှိမှာ ဒေါက်တာအေးမောင် ဦးဆောင်သော “ ရခိုင့်ဦးဆောင်ပါတီ ” ဟူ၍လည်း ပါတီတစ်ခု ပေါ်ပေါက်လာရာ ရခိုင်ပါတီ (၃) ခုအထိ ဖြစ်သွားပြီ။

ပါတီချင်း လက်ဝါးကြီးအုပ်လိုမှု၊ အမျိုးသားညီညွတ်ရေးထက် ပါတီဂိုဏ်းဂနစိတ် ပြင်းထန်မှု၊ နေရာမက်မောမှုများကြောင့် အကွဲအပြဲဖြစ်ကာ ဤသို့ ပါတီများပြားလာခဲ့ခြင်း ဖြစ်၏။ နောင်တွင်လည်း သူတလူငါတမင်း သ့ူပါတီ ငါ့ပါတီ ပါတီသစ်များ ထပ်မံပေါ်ပေါက်ကြဦးမည်ကို စိုးရိမ်နေရ၏။

ရခိုင်ပါတီ တစ်ခုခုအတွင်းဖြစ်စေ၊ ပါတီတစ်ခုနှင့် တစ်ခုဖြစ်စေ၊ ရခိုင် နိုင်ငံရေးသမားများကြား ဖြစ်စေ၊ ညီညွတ်မှု မပြေမလည်ဖြစ်ခြင်းသည် ရခိုင်နိုင်ငံရေးအတွက် ကောင်းသောအလား အလာမဟုတ်ပေ။

ယခု ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင့်ဦးဆောင်ပါတီ ဟူ၍ ရခိုင်နိုင်ငံရေးပါတီ (၃) ခု ဖြစ်ပေါ်နေခြင်းသည်ပင် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကောင်းသောအလားအလာ မဟုတ်ပေ။ ထိုသို့ ပါတီများနေလျှင် ရခိုင်မဲဆန္ဒရှင်များ မဲကွဲသွားမည် ဖြစ်သည်။ ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်အမျိုးသားနိုင်ငံရေး အကျပ်အတည်း ဖြစ်ပေါ်လာနိုင်၏။ အားလုံးပေါင်းပြီး ရခိုင်တစ်ပါတီတည်း ဖြစ်နေလျှင်တော့ အကောင်းဆုံးဖြစ်၏။

နိုင်ငံရေးမူ တစ်ခုကို ကျွန်ုပ် ဤသို့ကြားဖူး၏။ “ မိမိကိုယ်ကျိုးနှင့် ပါတီအကျိုးယှဉ်လာလျှင် ပါတီအကျိုးကို ဦးစားပေးရမည်။ ပါတီအကျိုးနှင့် ပြည်သူအကျိုး ယှဉ်လာလျှင် ပြည်သူ့အကျိုးကို ဦးစားပေးရမည် ” ဟူ၍ ဖြစ်၏။

ထိုမူသည် ကောင်း၏။ နိုင်ငံရေးအဖွဲ့အစည်းတိုင်းတွင် ကျင့်သုံးသင့်၏။ ရခိုင်နိုင်ငံရေး အဖွဲ့အစည်းတွင်လည်း ကျင့်သုံးသင့်၏။ ရခိုင်တစ်ပါတီတည်း ဖြစ်ရေး၌လည်း၊ ဤမူကို ထည့်သွင်းစဉ်းစား ကြံဆောင်သင့်ကြ၏။

ရခိုင်ပြည်သူအကျိုးသည် ရခိုင်တပါတီတည်း ဖြစ်ခြင်းဖြင့် မဲမပြန့်ကြဲပဲ ရခိုင်ပြည်နယ်လွှတ်တော်တွင် ရခိုင်ကိုယ်စားလှယ် အများဆုံးဖြစ်ကာ ရခိုင်အစိုးရ ပုံဖော်နိုင်ရေးသည် ရခိုင်ပြည်သူအကျိုးပင် ဖြစ်၏။ ရခိုင်ပြည်သူအကျိုးနှင့် မိမိပါတီအကျိုး ယှဉ်လာလျှင် မိမိပါတီအကျိုးကိုထက် မိမိပြည်သူအကျိုးကို ဦးစား ပေးရမည်၊ ဦးစားပေးရမည်ဟု ခံယူသင့်ကြ၏။

ဤနိုင်ငံရေး ခံယူချက်အတိုင်း ကချင်၊ ကရင်၊ ချင်း၊ မွန်၊ ရှမ်းစသည့် တိုင်းရင်းသားလူမျိုးများတွင်လည်း တစ်ပါတီတည်းဖြစ်ရေးကို လိုလားကြိုးပမ်းနေကြ၏။

မွန်လူမျိုးတွင် မွန်နိုင်ငံရေးပါ တီ (၃) ခုပေါင်းစည်းကာ မွန်ပါတီတစ်ခုတည်းအဖြစ် မွန်ပြည်သူတို့ ရွေးချယ် သော “ မွန်ပါတီ ” ဟူသည့် အမည်သစ်ဖြင့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင် ထားကြပေပြီ။ အလားတူ ချင်းလူမျိုးတွင်လည်း ပြင်ဆင်နေကြပေပြီ။

ကျွန်ုပ်တို့ ရခိုင်လူမျိုးတွင်လည်း ရွေးကောက်ပွဲအတွက် ရခိုင်တစ်ပါတီတည်းဖြစ်ရေးကို ကြိုးပမ်းခဲ့ကြဖူး၏။ ၁၉၉၀ ရွေးကောက်ပွဲမတိုင်မီလည်း ကြိုးပမ်းခဲ့၏။ ထိုစဉ်က ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေ။ ၂၀၁၅ ရွေးကောက်ပွဲအတွက် ရခိုင်တိုးတက်ရေးပါတီနှင့် ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ရခိုင်ပြည်သူ၏ တောင်းဆိုချက်အရ ပေါင်းစည်းခဲ့ကြ၏။ သို့သော် နောင်ပြန်ကွဲခဲ့ကြ၏။ ယခု ၂၀၂၀ ရွေးကောက်ပွဲအတွက် တဖန် ရခိုင်တပါတီတည်းဖြစ်ရေးကို ရခိုင်နိုင်ငံရေး အဖွဲ့အစည်းများ ထပ်မံကြိုးပမ်းရန် လိုအပ်နေပေပြီ။

ကျွန်ုပ်နှင့် နိုင်ငံရေးဆွေးနွေးဖူးသော မိတ်ဆွေ တယောက်နှစ်ယောက်ကတော့၊ တပါတီတည်းဖြစ်လျှင် တပါတီအာဏာရှင် ဆန်လာမည်။ ဒီမိုကရေစီခေတ်တွင် ပါတီစုံမှုဖြစ်သင့်သည်ဟု ဆွေးနွေးဖူး၏။ ကျွန်ုပ်ကတော့ ထိုအမြင်ကို လက်မခံလိုပေ။ အကြောင်းဆိုသော် ရခိုင်တို့မှာ စစ်မှန်သောပြည်နယ် (ပြည်နယ်များတွင် ဗမာကြိုးကိုင် နိုင်ငံရေးပါတီများအား ရွေးကောက်ပွဲဝင်ခွင့် မပြုသော၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့် အပြည့်အဝရှိသော၊ စွက်ဖက်ချယ်လှယ်မှု မရှိသော၊ စစ်မှန်သော ပြည်ထောင်စုဖွဲ့စည်းပုံအရ ဖြစ်ပေါ်သည့် ရခိုင်ပြည်နယ်) မဖြစ်သေးသောကြောင်းပါတည်း။ ထို့အပြင် တစ်ပါတီတည်းဖြစ်သော်လည်း ပါတီတွင်း ဒီမိုကရေစီ အစစ်အမှန် ကျင့်သုံးလျှင် ဖြစ်နိုင်သောကြောင့်တည်း။

အမျိုးသားညီညွတ်ရေး ပြိုကွဲ၍ လွတ်လပ်ရေးဆုံးရှုံးခဲ့ရသော ကျွန်ုပ်တို့ ရခိုင်လူမျိုးအဖို့၊ ယနေ့ကာလတွင်လည်း အမျိုးသားညီညွတ်ရေးသည် ပထမ၊ အမျိုးသားညီညွတ်ရေးသည် ဒုတိယ၊ အမျိုးသားညီညွတ်ရေးသည် တတိယ ဟူ၍ပင် မဟုတ်ပါလော။

ရခိုင်တွင် ရကောက်၌ အလိပ်မပါဘဲ ခုနစ်ဂဏန်းဖြစ်လျှင် ရခိုင်မဖြစ်ဘဲ ခုနစ်ခိုင် ဖြစ်သွားမည်ဖြစ်၏။ ထိုသို့ မဖြစ်သင့်ပေ။ ရခိုင်သည် တခိုင်တည်းသာ ဖြစ်သင့်၏။ တညီတည်းသာ ဖြစ်သင့်၏။ ယခုတော့ သုံးခိုင်ဖြစ်နေ ပေပြီ။ နောင် ခုနစ်ခိုင် ဖြစ်လာကြဦးမည်လော။ ကျွန်ုပ်သာမက ရခိုင်ရဟန်း ရှင်လူပြည်သူများက ရခိုင်တစ်ခိုင်တည်း (ရခိုင်တစ်ပါတီတည်း) ဖြစ်ရေးကိုသာ လိုလားကြမည်ဟု ယူဆပါ၏။

ရခိုင်တစ်ပါတီတည်း ဖြစ်ခြင်းဖြင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွက် စည်းလုံးရေးဆင်းသည့်အခါ ရခိုင်ပြည်တောင်ပိုင်း၌ အမျိုးသားရေးအင်အားကို တိုးမြှင့်ရန်ကဏ္ဍနှင့် ဝတီလေးရပ်ညီညွတ်ရေး ရေရှည်ကဏ္ဍများတွင် ပိုမိုထိရောက်မည် ဖြစ်ပါ၏။

ဤ ညီညွတ်ရေးအမြင်ကို ကျွန်ုပ်တင်ပြရခြင်းမှာ မည်သည့်ပါတီကိုမျှ ထိပါးလိုခြင်းမဟုတ်ဘဲ ညီညွတ်ရေးနှင့် ရခိုင်အနာဂါတ်အတွက် ရိုးရိုးသားသား တင်ပြခြင်းသာဖြစ်ပါ၏။ အသိတတ်၊ အမြင်တတ် ဆရာလုပ်လို၍လည်း အလျှင်းမဟုတ်ပါချေ။ မည်သည့်ပါတီ ပယောဂမျှကြောင့်လည်း မဟုတ်ပေ။

ရခိုင်တပါတီတည်း ပြန်ဖြစ်ရေးသည် တကယ်ဖြစ်ချင် တကယ်လုပ်၊ အဟုတ်ဖြစ်ရမည်ဟူသော ခိုင်မာသည့် စိတ်ထားဖြင့် ကြိုးပမ်းကြလျှင် မဖြစ်နိုင်စရာ မရှိပေ။

ကျွန်ုပ်၏ အကြံပြုချက်များ

၁။ ပါတီကြီးပါတီငယ်ဟု သဘောမထားကြဘဲ ပါတီအစွဲအလန်းကိုထက် အမျိုးသားအစွဲအလန်းကို ရှေ့တန်းတင်လျက်၊ တပါတီမှ ကိုယ်စားလှယ်အကျိုးတူဖြင့် ရခိုင်တပါတီတည်း၏ ဗဟိုကော်မတီကို ဖွဲ့စည်းရန်။

၂။ ထိုတပါတီတည်း၏ ဗဟိုကော်မတီကို အကြံပေးရန် “ ရခိုင်အကြံပေးအ ဖွဲ့ ” ကို ရဟန်းတော်များ အပါအဝင် သင့်တော်သည့် ပုဂ္ဂိုလ်များဖြင့် ဖွဲ့စည်းရန်။

၃။ ထိုဗဟိုကော်မတီ စုစုပေါင်းမှ ဗဟိုအလုပ်အမှုဆောင်အဖွ့ဲကို ဒီမိုကရေစီ အများဆန္ဒနည်းဖြင့် ရွေးချယ်ဖွဲ့စည်း ရန်။

၄။ ထို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးစသည့် တာဝန်များကို ဗဟိုကော်မတီဝင်များ၏ အများဆန္ဒဖြင့် ရွေးချယ်ရန်။

၅။ အမတ်လောင်းရွေးချယ်သည့်အခါ သင့်တော်သော ရခိုင်နိုင်ငံရေးသမားများကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှ ရွေးချယ်ရန်။

၆။ ဤရခိုင်တပါတီတည်း၏ အမည်သစ်ကို ယခင်နာမည်အစွဲအလန်းမထားကြဘဲ “ မွန်ပါတီ ” အမည်သစ်ကဲ့သို့ “ ရခိုင်ပါတီ ” ဟူ၍ နာမည်ထားရန်။

၇။ ပါတီတွင်း ပါတီ မည်သည့်ဆုံးဖြတ်ချက်၊ လုပ်ဆောင်ချက်များကိုမဆို ဒီမိုကရေစီနည်းဖြင့် ကျင့်သုံးရန်။

၈။ ပါတီဗဟိုရုံးကို ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့၌ ထားရှိပြီး၊ တိုင်းရင်းသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်း ခွင့် အပြည့်အဝရှိသော စစ်မှန်သော ပြည်နယ်များဖြင့် ဖွဲ့စည်းသည့် စစ်မှန်သော ပြည်ထောင်စုမူရှိသည့် မည်သည့် မိမိဖက်နိုင်ငံရေး အဖွဲ့အစည်းများနှင့်မဆို ဆက်ဆံနိုင်ရန် ဗဟိုရုံးခွဲကို ရန်ကုန်မြို့၌ ထားရှိရန်။

ရခိုင်တစ်ပါတီတည်းဖြစ်အောင် ပြန်လည်ကြိုးပမ်းကြလျက် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်သူများ၏ မဲများကို တစုတစည်းတည်းရရှိပြီး၊ ရခိုင်ပြည်နယ်လွှတ်တော် အမတ်အများဆုံး ရရှိကာ နောင်ဖြစ်ပေါ်လာနိုင်သည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရ ရခိုင်ပြည်အစစ်အမှန်အစိုးရကို ဦးဆောင်ဖွဲ့စည်းနိုင်လျက် ရခိုင်ပြည်နယ်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး အစရှိသော ရခိုင်အမျိုးသားအကျိုးရပ်များကို ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ ဟူ၍ ဆန္ဒပြုအပ်၏။ ရခိုင်နိုင်ငံရေးကဏ္ဍ ဖွ့ံ့ဖြိုးတိုးတက်ရေးအတွက် ရိုးသားစွာ ဆန္ဒပြုခြင်းလည်း ဖြစ်ပါ၏။

ယခင်ပါတီအစွဲများကို ပယ်ဖျောက်ရန်၊ တကယ်တမ်း ညီညွတ်ရေးလိုလားကြပြီး မိမိနေရာရရေးကို အဓိကမထားဘဲ စစ်မှန်သော ဒီမိုကရေစီနည်းဖြင့် ရခိုင်တပါတီတည်း ပြန်လည်ဖွဲ့စည်းကြရန် ယခုမှ စတင်ကြိုးပမ်းကြလျှင် ၂၀၂၀ ရွေးကောက်ပွဲအတွက် အချိန်မီနိုင်ပါသေးကြောင်း အကြံပြုအပ်ပါသည်။

ဓညအောင်

Development Media Group

ဤဆောင်းပါးကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နေ့ထုတ် Development News Journal, Issue 99 တွင်လည်း ဖတ်ရှုနိုင်သည်။