၂၀၁၉ ခရီးကြမ်းကို ဖြတ်ကျော်ရမည့် ရခိုင်ပြည်နယ်အစိုးရ

ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင်းတွင် ဒုတိယအဆင်းရဲဆုံး ပြည်နယ်အဖြစ် ကာလကြာမြင့်စွာ ရပ်တည်နေသည်။ ယင်းကြောင့်ပင် ရခိုင်ပြည်နယ်အစိုးရသည် ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခုဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားရမည်ဖြစ်ပြီး စီးပွားရေးကို မောင်းနှင်ရန် လိုအပ်ပေသည်။ စိုက်ပျိုးရေးကဏ္ဍဘက် ကြည့်ရှုလျှင်လည်း အစိုးရက စပါးဝယ်ရန် မြောက်ဦးဒေသခံများ အကြိမ်များစွာ ဆန္ဒပြမှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။

By နေမျိုးလင်း 06 Feb 2019

 

Written by - နေမျိုးလင်း / DMG

နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ကူးနေပြီ။ နှစ်ဟောင်းက အဖြစ်အပျက်များကို သင်ခန်းစာယူရမည်။ ကောင်းသည့်အချက်များကို ယင်းထက်အဆပေါင်းများစွာ ကောင်းမွန်အောင် လုပ်ဆောင်ရမည်ဖြစ်သည်။ ဆိုးရွားခဲ့သည့် အခြေအနေများကိုလည်း ပြန်လည်သုံးသပ်ပြီး ကောင်းမွန်အောင် တည်ဆောက်ရမည်ဖြစ်သည်။

အချိန်သည် လူကိုမစောင့်သောကြောင့် မိမိပိုင်ဆိုင်ခွင့် ရရှိခဲ့သည့်အချိန်များတွင် နောင်တစ်ချိန် သမိုင်းစာမျက်နှာပေါ်မှာ သမိုင်းကောင်းအဖြစ် တင်ကျန်ရစ်အောင် ကြိုးစားရပေမည်။ ရခိုင်ပြည်နယ်အစိုးရမှာလည်း မိမိပိုင်ဆိုင်သည့် ၅ နှစ်တာ ကာလအတွင်းတွင် မိမိပြည်နယ်အတွက် အကောင်းဆုံးဖြစ်အောင် လုပ်ရန် လိုအပ်ပါသည်။

သက်တမ်း (၅) နှစ်ပိုင်ဆိုင်သည့် ရခိုင်ပြည်နယ်အစိုးရမှာ လက်ရှိအချိန်တွင် သက်တမ်း ၃ နှစ်ခန့်ကို ပိုင်ဆိုင်ထားရပြီး ဖြစ်သည်။ ကုန်လွန်ခဲ့ပြီးသော ၂၀၁၈ ခုနှစ်မှာ ရခိုင်ပြည်နယ်အစိုးရသည် မိမိပြည်နယ်အတွက် မည်မျှ လုပ်ဆောင်ခဲ့ပြီးပြီနည်း။ လာမည့် ၂၀၁၉ ခုနှစ်မှာ ရခိုင်ပြည်နယ်အစိုးရ မည်သို့အစွမ်းပြမည် ဆိုသည်များကို စောင့်ကြည့်ရပါတော့မည်။

ဝန်ကြီးချုပ် ဦးညီပုဦးဆောင်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့သည် သူ၏တာဝန်ယူခဲ့ချိန် ကာလမှစတင်၍ ခက်ခဲကြမ်းတမ်းသည့် ခရီးများကို လျှောက်ခဲ့ရသည်။ ရခိုင်အင်အားကြီးပါတီ ရခိုင်အမျိုးသားပါတီ (ANP) ဦးဆောင်သော ပြည်နယ်လွှတ်တော်အတွင်းမှာ သမ္မတဦးထင်ကျော်က ဝန်ကြီးချုပ်အဖြစ် ဦးညီပုအား အဆိုပြုသည်ဟု ကြေငြာစဉ်အတွင်းမှာပင် လွှတ်တော်၏ ဆန္ဒပြခြင်း ခံခဲ့ရဖူးသည်။

ယင်းသို့သော အတိုက်အခံများကြား ဖြတ်ကျော်နေသည့်ကာလမှာ ယခင်သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က မပြေလည်ခဲ့သော ဘင်္ဂါလီပြဿနာ အစပြုလာသည်။ ဤတကြိမ်မှာကား ယခင်အစိုးရကာလက ဖြစ်ခဲ့ဖူးသည့် ပြဿနာနှင့်မတူပေ။

ဘင်္ဂါလီများ ဦးဆောင်တည်ထောင်ထားသည့် ARSA အကြမ်းဖက်သမားများ၏ အကြမ်းဖက်မှုဖြစ်စဉ် ဖြစ်သည်။ ယင်းအကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ဒေသတွင်း စီးပွားရေးကျဆင်းမှုများ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဘင်္ဂါလီများ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးမှုများ၊ ယင်းဘင်္ဂါလီများအား ပြန်လည်နေရာချထားရန် နိုင်ငံတကာ၏ ဖိအားများဖြင့် ရခိုင်ပြည်နယ်အစိုးရ၏ တစ်နှစ်တာကာလများကို ကုန်လွန်ခဲ့ရသည်။

အစိုးရသက်တမ်းသာ တစ်နှစ်ကုန်ဆုံးခဲ့သော်လည်း ယင်းပြဿနာများသည် ကုန်ဆုံးမသွားဘဲ ရခိုင်ပြည်နယ် အစိုးရနှင့်အတူ နောက်ထပ်ကပ်လိုက်လာခဲ့သည်။ ယင်းပြဿနာများကို ရခိုင်ပြည်နယ်အစိုးရက ၂၀၁၉ ခုတွင် ဖြေရှင်းရဦးမည်ဖြစ်သည်။

ရခိုင်စိုက်ပျိုးရေး

ရခိုင်ပြည်နယ်သည် သဘာဝသယံဇာတ ပေါကြွယ်ဝသည့် ပြည်နယ်တစ်ခုဖြစ်သော်လည်း မြန်မာနိုင်ငံတွင်းတွင် ဒုတိယအဆင်းရဲဆုံး ပြည်နယ်အဖြစ် ကာလကြာမြင့်စွာ ရပ်တည်နေသည်။ ယင်းကြောင့်ပင် ရခိုင်ပြည်နယ်အစိုးရသည် ဖွံ့ဖြိုးတိုးတက်သော ပြည်နယ်တစ်ခုဖြစ်အောင် အားသွန်ခွန်စိုက် ကြိုးစားရမည်ဖြစ်ပြီး စီးပွားရေးကို မောင်းနှင်ရန် လိုအပ်ပေသည်။ စိုက်ပျိုးရေးကဏ္ဍဘက် ကြည့်ရှုလျှင်လည်း အစိုးရက စပါးဝယ်ရန် မြောက်ဦးဒေသခံများ အကြိမ်များစွာ ဆန္ဒပြမှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ်က စပါးများကို အရည်အသွေးမကောင်း၍ နိုင်ငံခြားသို့ တင်ပို့ရန် မဖြစ်နိုင်ဟုလည်း အစိုးရဘက်က ပြောဆိုခဲ့သည်။ တောင်သူလယ်သမားမျာ၏ ဘဝဖူလုံစေရန်အတွက် လယ်ယာကဏ္ဍကို အားပေးလုပ်ဆောင်ရန် လိုပါသည်။ အရည်အသွေးကောင်းသည့် ဆန်စပါးများ ပေါ်ထွန်းလာစေရန်အတွက် စိုက်ပျိုးရေးနည်းစနစ်များ မြှင့်တင်ရေး၊ စက်မှုလယ်ယာ မြှင့်တင်နိုင်ရေး၊ နည်းပညာ အထောက်အကူပေးမှုများ လုပ်ဆောင်ရန် အစိုးရက စီမံကိန်းချ၍ စနစ်တကျလုပ်ရန် လိုပါလိမ့်မည်။

ရေလုပ်ငန်း

ရခိုင်ပြည်နယ်တွင် လယ်ယာစိုက်ပျိုးမှုများ များပြားသကဲ့သို့ ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုလုပ်သူလည်း များပြားသည်။ ပြီးခဲ့သည့် နှစ်အတွင်းတွင် ရခိုင်ပြည်နယ်၏ ရေလုပ်ငန်းသည် သိသာစွာ ကျဆင်းသွားခဲ့သည်။ ကမ်းဝေးသင်္ဘောများ၏ အဆမတန် ငါးဖမ်းခြင်းများကြောင့် ငါးသယံဇာတများ ပျောက်ကွယ်လာသည်။ ဒေသခံအများစုသည် ကမ်းနီးငါးဖမ်းလုပ်ငန်းများကို အဓိက လုပ်ကိုင်သည်။ လက်ရှိအချိန်မှာလည်း ကမ်းဝေးငါးဖမ်းလုပ်ကိုင်သူများသည် ကမ်းနီးလုပ်ကွက်များသို့ ဝင်ရောက်၍ ငါးခိုးဖမ်းကြသဖြင့် ဒေသခံ ကမ်းနီးငါးဖမ်းလုပ်ကိုင်သူများအတွက် အခက်အခဲများ ဖြစ်ပေါ်သည်။

ရခိုင်ပင်လယ်ပြင်မှာ ငါးသယံဇာတများ ကုန်ဆုံးလုနီးပါး ဖြစ်နေသည့် ကာလဖြစ်နေသည်။ ယင်းသို့သော အခြေအနေမှာ ကမ်းဝေးသင်္ဘောများကလည်း ဒေသခံကမ်းနီးလုပ်ကွက်များသို့ ခိုးဝင်ဖမ်းနေသဖြင့် ငါးလုပ်ငန်း အခက်အခဲပေါ်နေသည်။ ဒေသခံအများစုသည် အရင်းအနှီး မလုံလောက်မှုကြောင့် ကမ်းဝေးလုပ်ငန်းများကို မလုပ်နိုင်ကြပေ။

ဒေသခံများ၏ တစ်ပိုင်တစ်နိုင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ကမ်းနီးလုပ်ကွက်များသို့ တရားမဝင် ငါးဖမ်းနေသည့် သင်္ဘောကြီးများကို ဥပဒေနှင့်အညီ ထိထိရောက်ရောက် တားဆီးရန် လိုသည်။ ဒေသခံများ ငါးလုပ်ငန်း တိုးတက်ရန်အတွက် နည်းပညာကျွမ်းကျင်အောင် ထောက်ပံ့ခြင်း၊ ငါးဖမ်းခြင်းနှင့်ဆိုင်သည့် အသိပညာပေးမှုများလည်း ပြုလုပ်ပေးရန်လိုပြီး ငါးလုပ်ငန်းတိုးတက်အောင် လုပ်ဆောင်ရန် လိုပါသည်။

အလုပ်အကိုင်အခွင့်အလမ်းနည်းပါး

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုမရှိ၊ အလုပ်အကိုင်အခွင့်အလမ်း မရှိသောကြောင့် ရခိုင်လူမျိုးများသည် တရုတ်၊ ထိုင်း၊ မလေးရှားနှင့် မြန်မာပြည်တွင်း ဒေသများသို့ အလုပ်သွားရောက် လုပ်ကိုင်ကြသည်။ ရန်ကုန်၊ မန္တလေးသို့ နေ့စဉ် ခရီးသည်တင်ကား ၂၀ အထက်တွင်ရှိသည်ဟု သိရသည်။ ယင်းကားထဲတွင် လိုက်ပါလာသူ အများဆုံးမှာ လူငယ်များဖြစ်သည်။ ဒေသခံများ အလုပ်လက်မဲ့ပြဿနာအား ဖြေရှင်းရန် လိုအပ်ပါသည်။ ရခိုင်ပြည်နယ်အစိုးရအနေဖြင့် အလုပ်အကိုင်များ ဖန်တီးပေးရန် လိုအပ်ပါသည်။

အားလုံးသိကြသည့်အတိုင်း ရခိုင်ပြည်နယ်၏ ဆင်းရဲခြင်းနှင့်အတူ ပညာရေးသည်လည်း အောက်ဆုံးအဆင့်မှာ ရှိနေသည်။ ပညာရေးဖွံ့ဖြိုးတိုးတက်မှ လူမှုအဆင့်အတန်း မြင့်မားနိုင်မည်။ ယင်းကြောင့် ရခိုင်ပြည်နယ်၏ ပညာရေးကို ပစ်ပယ်ထား၍ မရပေ။ အလွန်အရေးကြီးသည့် အရာပင်ဖြစ်ပါသည်။

ပညာရေးနိမ့်ကျနေ

မြန်မာနိုင်ငံ၏ မူလတန်း၊ အလယ်တန်း ပညာရေးသည် အခမဲ့ပညာရေးဟု ဆိုသော်လည်း ကျူရှင်များ ဖွင့်လှစ်နေမှုများကြောင့်လည်း ဆင်းရဲသည့် စာသင်ရမည့်အရွယ် ကျောင်းသူ၊ ကျောင်းသားများသည် ကျောင်းနှင့် ဝေးကွာနေရသည်။ ယင်းအပြင် မိသားစု စားဝတ်နေရေးအတွက်လည်း မူလတန်း အောင်မြင်ပြီးသူ ဖြစ်စေ၊ အလယ်တန်း အောင်မြင်ပြီးဖြစ်သူဖြစ်စေ ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်း စသည့် လုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ကြသည်။ ကျောင်းထွက်နှုန်းများပြားသည်။

နောက်တစ်ချက်မှာ စာသင်ကျောင်းအဆောက်အအုံများ၊ ဆရာ/မ၊ ကျောင်းအဆင့်တိုးမြှင့်ရေး၊ သင်ထောက်ကူပစ္စည်းများသည် ရခိုင်ပြည်နယ်တွင်း ပညာရေးကဏ္ဍတွင် လိုအပ်နေခြင်းဖြစ်သည်။ မည်သို့ပင်ဆိုစေ နိမ့်ကျနေသည့် ရခိုင်ပြည်နယ်ပညာရေးကို တိုးတက်မြင့်မားအောင် အရှိန်အဟုန် ပြင်းစွာဖြင့် လုပ်ကိုင်ရန် လိုအပ်ပါသည်။

မူးယစ်ဆေးဝါးအန္တရာယ်

ရခိုင်ပြည်သူများ၏ အမျိုးသားရေးရန်သူဟု သတ်မှတ်ထားသည့် မူးယစ်ဆေးဝါးပြဿနာသည်လည်း ရခိုင်ပြည်နယ်ကို ခြိမ်းခြောက်နေသည့်အရာ ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်က  မောင်တောဒေသမှာ မူးယစ်ဆေးဝါးများစွာ ဖမ်းဆီးရမိခဲ့သည်။ ယင်းမူးယစ်ဆေးဝါးများကို မောင်တောဒေသမှ နယ်စပ်ဖြတ်ကျော်၍ ဘင်္ဂလားဒေ့ရှ်သို့ မှောင်ခိုတင်သွင်းသည်ဟုလည်း သိရသည်။ ယင်းသို့ တင်သွင်းမှုသည် တဖြည်းဖြည်း မြင့်တက်လာသည်။၂၀၁၇ ခုနှစ် က မူးယစ်ဆေးဝါး ဖမ်းဆီးရမိရေးအတွက် ပြည်ထောင်စုအစိုးရက မောင်တောဒေသတွင် မေယုမူးစစ်ဆင်ရေးဟူ၍ စစ်ဆင်ရေးတစ်ခု လုပ်ခဲ့သည်။ ယင်းစစ်ဆင်ရေးမှာ ရခိုင်ဒေသမှ မဟုတ်သော ရဲအရာရှိများ ပါဝင်ခဲ့သည်။

ရခိုင်ပြည်နယ်၏ မူးယစ်ဆေးဝါးအမှုများမှာ ပိုင်ရှင်မဲ့အမှုများသာ ပေါ်ပေါက်လာပြီး ပင်မအရင်းအမြစ်ကြီးများကို ဖမ်းဆီး၍ မရရှိသေးပေ။ မူးယစ်ဆေးဝါးအမှုများတွင် ရခိုင်ပြည်နယ်မှာ တာဝန်ထမ်းဆောင်နေသည့် တပ်မတော်အရာရှိများကိုလည်း မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးမိဖူးသည်။

ယင်းကြောင့် ရခိုင်ပြည်နယ်အစိုးရအနေဖြင့် ကြီးမားလှသည့် ပြဿနာတစ်ရပ်ဖြစ်သည့် မူးယစ်ဆေးဝါး ပြဿနာကိုလည်း အလေးထား တိုက်ဖျက်ရန် လိုအပ်ပါသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု

ရခိုင်ပြည်နယ်အတွင်းမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များစွာရှိနေသည်။ တရုတ်ရင်းနှီးမြှုပ်နှံမှု၊ အိန္ဒိယရင်းနှီးမြှုပ်နှံမှု စသည့် ရင်းနှီးမြှုပ်နှံမှုများ ရှိနေသည်။ ယင်းနိုင်ငံခြား ရင်းနှီးမြှုပ်မှုများက ဒေသခံရခိုင်လူထုများအတွက် အကျိုးအမြတ် မည်မျှရမည်နည်းဟူ၍လည်း မေးခွန်းများ ထုတ်လျက်ရှိသည်။

၂၀၀၄ ခုနှစ်က ရခိုင်ပြည်နယ်ကမ်းလွန်မှာ ရွှေသဘာဝဓာတ်ငွေ့သိုက်ကို ရှာဖွေတွေ့ရှိချိန်မှ စတင်၍ နိုင်ငံခြားကုမဏီများ ဝင်ရောက်လာသည်။ ရွှေသဘာဝဓာတ်ငွေ့များကို ၂၀၁၃ ခုနှစ်ကပင် စတင်ထုတ်လုပ်ခဲ့သည်။ တရုတ်တို့သည် သဘာဝဓာတ်ငွေ့ပိုက်လိုင်း သာမက ရေနံပိုက်လိုင်းပါ လုပ်ကိုင်လာသည်။ ၂၀၁၄ ခုနှစ်တွင်အတွင်း ရေနံပိုက်လိုင်းပြီးစီး၍ ၂၀၁၇ ခုနှစ် မေလ ၂ ရက်နေ့တွင် ရေနံစတင် ပို့လွှတ်ခဲ့သည်။ ဓာတ်ငွေ့ပိုက်လိုင်းမှ တစ်နှစ်လျှင် ၁၂ ဘီလီယံကုဗပေ ပို့ဆောင်နိုင်ခဲ့ပြီး ရေနံပိုက်လိုင်းမှ တစ်ရက်လျှင် စည်ပေါင်း ၂၄၀၀၀၀ ပို့ဆောင်မည်ဟု သိရသည်။

ရခိုင်အတွက် ဘက်ဂျက်ခွဲဝေမှုနည်းပါး

ယင်းသို့သော သဘာဝသယံဇာတ ထုတ်လုပ်နေမှုကြောင့် ရခိုင်လူထုများအတွက် မည်မျှခွဲေ၀ သုံးစွဲပေးသနည်း။ ယခင်အစိုးရ အဆက်ဆက်များစွာက ဗဟိုချုပ်ကိုင်ရေးစနစ်ဖြစ်သည်။ NLD အစိုးရလက်ထက် ၂၀၁၆ -၂၀၁၇ ဘဏ္ဍာနှစ်အတွက် ရခိုင်ပြည်နယ်အတွက် ပြည်ထောင်စုအစိုးရက ခွဲဝေပေးသည့် ဘက်ဂျက်သည် ကျပ် ငွေ ၁၃၀ ဘီလီယံသာ ရှိသည်။ ယခင် အစိုးရလက်ထက်က ခွဲဝေပေးသည့် ဘက်ဂျက်ထက် အလွန်နည်းပါးခဲ့သည်။

သို့သော်လည်း ပြည်နယ်မှ ထုတ်ယူသော သဘာဝသယံဇာတများအား ရခိုင်လူထုများကို ဖယ်ဒရယ်စံနှုန်းများဖြင့် တိုင်းတာပြီး ပေးအပ်ရန် ပြည်သူ့အစိုးရအနေဖြင့် လိုအပ်နေပြီ ဖြစ်သည်။

ကျောက်ဖြူ အထူးစီးပွားရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူမှု ရရှိကြပြီးဖြစ်သည်။ ကျောက်ဖြူအထူးစီးပွားရေးဇုန်လုပ်ရန် ကျေးရွာ ၃၅ ရွာမှ လယ်ဧကများစွာ ပါဝင်သည်။ ယင်းစီးပွားရေးဇုန်လုပ်လျှင် ဒေသခံများ၏ မြေယာပြဿနာနှင့် ကြုံတွေ့ရမည်ဖြစ်သည်။ မြေယာနှင့် ပတ်သက်ပြီး သင့်တော်သည့် ပေါက်ဈေးများဖြင့် ဒေသခံများကို လျော်ကြေးပေးအပ်ရန် လိုအပ်သည်။ ဒေသခံ များအတွက် အလုပ်အကိုင် ဖန်တီးပေး ရန်လည်း လိုအပ်ပါသည်။ ယင်းဒေသ အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ လုပ်ကိုင်ရန် လိုအပ်ပါသည်။ အစိုးရ အနေဖြင့် ဂရုတစိုက် စီမံဆောင်ရွက် ရမည်ဖြစ်သည်။

ရခိုင်အစိုးရအတွက် ခေါင်းခဲစရာ ဘင်္ဂါလီအရေး

ရခိုင်ပြည်နယ်အစိုးရ၏ တာဝန်ယူခဲ့စဉ် ကာလကပင် အဓိက ရင်ဆိုင်နေရသည့် ပြဿနာကို ဖော်ပြပါဟု မေးမြန်းမှုများရှိခဲ့လျှင် တစ်ညီတစ်ညွတ်တည်းဖြင့် ဘင်္ဂါလီအရေးဟုသာ ဖြေဆိုကြမည်ဖြစ်သည်။ ဘင်္ဂါလီများနှင့် ပတ်သက်ပြီး နိုင်ငံတကာ၏ ဖိအားပေးမှုသည် ပြီးခဲ့နှစ်များမှာ  မြန်မာနိုင်ငံအပေါ် ကြီးမားခဲ့သည်။ ၂၀၁၂ ခုပြဿနာ ဖြစ်ပွားပြီးနောက်ပိုင်း ဘင်္ဂါလီများကို လုံခြုံရေးအရ IDP စခန်းများတွင် နေရာချထားသည်။ ဘင်္ဂလီများနှင့်ပတ်သက်ပြီး နိုင်ငံသားပြုခွင့်ပြဿနာ၊ ခရီးသွားလာခြင်း ပြဿနာ၊ ပြန်လည်နေရာချထားရေး ပြဿနာများကို အစိုးရ ဖြေရှင်းရလိမ့်မည်။

နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်မှုသည် ယင်းနိုင်ငံ၏ တရားဥပဒေနှင့်အညီ ဖြစ်သည်ဟု သိရသည်။ ယင်းကြောင့် ဘင်္ဂါလီများအနေဖြင့်လည်း နိုင်ငံသားဖြစ်မှု လုပ်ရန် အရေးကြီးသည်။ နိုင်ငံတော်အစိုးရသည်လည်း တရားဥပဒေနှင့်အညီ နိုင်ငံသားလျှောက်ထားခြင်းအား လမ်းဖွင့်ပေးနေသည်။ သို့သော် ဘင်္ဂါလီများဘက်က ပူးပေါင်းဆောင်ရွက်မှု အားနည်းသည်။ ယင်းကြောင့် ရခိုင်ပြည်နယ်အစိုးရသည် ဘင်္ဂါလီများ နိုင်ငံသားစိစစ်မှုလုပ်ရန် လိုအပ်ပါလိမ့်မည်။ ယင်းအပြင် ၂၀၁၂ ခုနှစ်ကပင် ရှိခဲ့သည့် ဘင်္ဂါလီဒုက္ခသည်စခန်းများကိုလည်း အမြန်ဆုံးဖြေရှင်းရန် လိုအပ်လှပါသည်။ အချိန်ကြာမြင့်စွာထားလျှင် အချိန်မရွေး ထပ်မံပေါက်ကွဲလာနိုင်သည်ဟုလည်း ရခိုင်အရေး ကျွမ်းကျင်သူများကလည်း သုံးသပ်ထားကြသည်။

အကြမ်းဖက်မှုဖြစ်ပွားခဲ့သည့် မောင်တောဒေသတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့် ယင်းဒေသတွင် လုံခြုံရေး ကောင်းမွန်စေရေးအတွက် အထူးအလေးထား ပြုလုပ်ရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် မောင်တောဒေသ တည်ငြိမ်နေသော်လည်း အကြမ်းဖက်မှု ထပ်မံမပေါ်ပေါက်လာနိုင်ဟု အတိအကျ ပြောလို့မရပေ။ ယင်းကြောင့် တရားဥပဒေစိုးမိုးမှု ရှိလာစေရန်နှင့် ယခင်ကထက် လုံခြုံရေးကောင်းမွန်အောင် အစိုးရအနေဖြင့် လုပ်ဆောင်ရန် လိုအပ်ပေလိမ့်မည်သည်။

စစ်ဘေးရှောင်များကို ကူညီပါ

၂၀၁၈ ခုနှစ် နှစ်ကုန်ခါနီးအချိန်တွင် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင်မြို့နယ်တို့တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မတော်က တိုင်းစစ်ဌာနချုပ်နယ်မြေ (၅)ခုမှာ လေးလကျော်ကြာ အပစ်ရပ်စဲကြောင်း ကြေငြာခဲ့သော်လည်း  ရခိုင်ပြည်နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ မပါဝင်ခဲ့ပေ။ ယင်းကြောင့် တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA)တို့ကြားတွင် တိုက်ပွဲများ ပိုမိုဖြစ်လာလိမ့်မည်ဟု နိုင်ငံရေး လေ့လာသုံးသပ်သူတစ်ချို့က ခန့်မှန်းခဲ့ကြသည်။

ခန့်မှန်းခဲ့ကြသည့်အတိုင်းပင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။ ယင်းကဲ့သို့ အချိန်မှာ ဘူးသီးတောင်မြို့နယ်ရှိ နယ်ခြားစောင့် ရဲကင်းစခန်းလေးခုကို ရက္ခိုင့်တပ်မတော်က ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ယင်းကြောင့် နိုင်ငံတော်အစိုးရ ထိပ်ပိုင်းခေါင်းဆောင်များ ချက်ချင်းအစည်းအဝေးပြုလုပ်ပြီး ရက္ခိုင့်တပ်မတော်ကို ချေမှုန်းရန် ညွှန်ကြားခဲ့ကြသည်။

ထိုကဲ့သို့ ညွှန်ကြားခဲ့ပြီးနောက်တွင် ရခိုင်ပြည်နယ်အတွင်းတွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့ပြီး စစ်ဘေးရှောင်ဦးရေလည်း (၆၀၀၀) နီးပါးဖြစ်လာသည်။ စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲ၊ ကျန်းမာရေး၊ ပညာရေးအခက်အခဲများနှင့် ကြုံတွေ့ နေရသည်။ ယင်းသို့ အခက်အခဲများကို ပြည်နယ်အစိုးရအနေဖြင့် အတတ်နိုင်ဆုံး ဖြေရှင်းရန် အရေးကြီးသည်။

တစ်နှစ်ကုန် တစ်နှစ်ကူးသော နှစ်သစ်အချိန်အခါသမယမှာ ပျော်ရွှင်စွာဖြင့် ဖြတ်သန်းရန်ကောင်းပါသည်။ စိတ်ညစ်စရာ ဖြစ်ခဲ့သည်များကို ပြက္ခဒိန်တစ်ရွက်ကို ဆုတ်သကဲ့သို့ ဆုတ်ပစ်ခဲ့ကာ ကောင်းခဲ့သည့် ဖြစ်စဉ်များကို နမူနာယူပြီး အောင်မြင်ရန်အတွက် အာရုံစိုက်သင့်ပေသည်။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရန် ကိစ္စမှာ ရခိုင်ပြည်နယ်အတွင်းမှ လူထုအားလုံးနှင့်လည်း ဆိုင်ပါသည်။ ဆင်းရဲနိမ့်ကျနေသည့် ပြည်နယ်ကို ဖွံ့ဖြိုးတိုးတက်အောင်၊ ပညာရေး နိမ့်ကျနေသည်ကို တိုးတက်မြင့်မားအောင်၊ ငြိမ်းချမ်းမှု ပပျောက်နေမှုများကို ထာဝရငြိမ်းချမ်းသည့် ရခိုင်ပြည်နယ်ဖြစ်အောင် အစိုးရနှင့်ပြည်သူ ပူးပေါင်းဆောင်ရွက်လျှင် ဖွံ့ဖြိုးတိုးတက်သော ရခိုင်ပြည်နယ် ဖြစ်လာမည်မှာ အမှန်ပင်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

နေမျိုးလင်း

ဇန်နဝါရီလ ၂၅ ရက်၊ ၂၀၁၉ ခုနှစ်

ယခုဆောင်းပါးကို ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ထုတ် Development News Journal အမှတ်(၁၀၂) တွင်လည်း ဖတ်ရှုနိုင်သည်။