- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
အယ်လ်ဆာဗေးဒိုးတွင် အုပ်စုဖွဲ့သတ်ဖြတ်မှုများကြောင့် အရေးပေါ်အခြေအနေကြေညာ
ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွယ်နေသော သွေးထွက်သံယိုဖြစ်စဉ်များကြောင့် နှစ်ရက်အတွင်း လူပေါင်းမြောက်များစွာ သေဆုံးခဲ့ရပြီးနောက် နိုင်ငံအတွင်း အရပ်ဘက်လွတ်လပ်ခွင့်များကို လျှော့ချ၍ ရဲတပ်ဖွဲ့၏အာဏာကို တိုးချဲ့သည့်အနေဖြင့် အယ်လ်ဆာဗေးဒိုး လွှတ်တော်အမတ်များသည် သမ္မတ နာရစ်ဘူကေလေ၏ တောင်းဆိုချက်အရ တနင်္ဂနွေနေ့တွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။
31 Mar 2022
DMG ၊ မတ် ၃၁
ဒုစရိုက်ဂိုဏ်းများနှင့် ဆက်နွယ်နေသော သွေးထွက်သံယိုဖြစ်စဉ်များကြောင့် နှစ်ရက်အတွင်း လူပေါင်းမြောက်များစွာ သေဆုံးခဲ့ရပြီးနောက် နိုင်ငံအတွင်း အရပ်ဘက်လွတ်လပ်ခွင့်များကို လျှော့ချ၍ ရဲတပ်ဖွဲ့၏အာဏာကို တိုးချဲ့သည့်အနေဖြင့် အယ်လ်ဆာဗေးဒိုး လွှတ်တော်အမတ်များသည် သမ္မတ နာရစ်ဘူကေလေ၏ တောင်းဆိုချက်အရ တနင်္ဂနွေနေ့တွင် အရေးပေါ်အခြေအနေကြေညာခဲ့သည်။
ဗဟိုအမေရိကနိုင်ငံငယ်ဖြစ်သည့် အယ်လ်ဆာဗေးဒိုးတွင် အုပ်စုဖွဲ့အကြမ်းဖက်မှုများကို လတ်တလောကြုံတွေ့နေရပြီး စနေနေ့တစ်ရက်တည်း၌ပင် လူပေါင်း ၆၂ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။
တရားဝင်ကိန်းဂဏန်းများအရ သတ်ဖြတ်မှု ၁၂ မှုသည် လာလီဗေတအလယ်ပိုင်းဒေသ၌ ဖြစ်ပွားခဲ့ပြီး မြို့တော် ဆန်ဆာဗေးဒိုးနှင့် အာဝက်ရှပန်အနောက်ပိုင်းဒေသများတွင် ၉ မှုစီ ဖြစ်ပွားခဲ့ကြောင်းသိရသည်။ ကျန်ရှိသော အမှုများမှာ အခြားဒေသ အနှံံ့အပြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဒီလူဆိုးဂိုဏ်းတွေနဲ့ စစ်ပွဲမှာ ကျွန်တော်တို့ နောက်ပြန်ဆုတ်မှာ မဟုတ်ပါဘူး၊ ဒီလုပ်ရပ်တွေအတွက် တာဝန်ရှိတဲ့ ရာဇဝတ်ကောင်တွေကို ဖမ်းဆီးပြီး တရားမျှတမှု မရရှိမချင်း ကျွန်တော်တို့ အနားယူမှာ မဟုတ်ပါဘူး” ဟု နိုင်ငံတော်အဆင့် အမျိုးသားအရပ်ဘက်ရဲတပ်ဖွဲ့က တွစ်တာတွင် ရေးသားခဲ့သည်။
အကြမ်းဖက်မှုများ မြင့်တက်လာမှုကို တုံ့ပြန်သည့်အနေဖြင့် သမ္မတသည် ၎င်း၏အာဏာရပါတီမှ ထိန်းချုပ်ထားသော ဥပဒေပြုလွှတ်တော်အား တစ်လတာ အရေးပေါ်အခြေအနေတစ်ရပ်ကို အတည်ပြုရန် တောင်းဆိုခဲ့ပြီး အချို့သောလွတ်လပ်ခွင့်များကို ကန့်သတ်ချုပ်ချယ်ထားသည်။
အဆိုပါကန့်သတ်မှုအရ လွတ်လပ်စွာ အသင်းဖွဲ့ခွင့်နှင့် စုဝေးခွင့်ကို ကန့်သတ်ထားပြီး စာပေးစာယူကိစ္စရပ်များကို ဖွင့်ဖောက်စစ်ဆေးခြင်း သို့မဟုတ် တယ်လီဖုန်းခေါ်ဆိုမှုများနှင့် အီးမေးလ်များကို ကြားဖြတ်ဟန့်တားခြင်းတို့ကို တရားရုံးအမိန့်မပါဘဲ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
အဆိုပါကန့်သတ်မှုများတွင် ဖမ်းဆီးခြင်းခံရသည့်အခါ ဖမ်းဆီးခံရသည့် အကြောင်းပြချက်ကို အသိပေးအကြောင်းကြားပိုင်ခွင့်နှင့် ရှေ့နေ ခေါ်ယူပိုင်ခွင့်ကိုပါ ကန့်သတ်ထားပြီး ရ၂ နာရီထက်ပိုသော အုပ်ချုပ်ရေးဆိုင်ရာ ထိန်းသိမ်းမှုများကို ခွင့်ပြုထားသည်။