- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ရာသီဥတုပူရင် လူတွေပို ရန်လိုကြသလား
အမေရိကန်နိုင်ငံတစ်ဝန်းတွင် တက္ကဆက်ပြည်နယ် စာသင်ကျောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှသည် တူလ်ဆာဆေးရုံပစ်ခတ်မှုနှင့် အစီရင်ခံမှု နည်းပါးသည့်ဖြစ်ရပ်များစွာအထိ မကြာသေးမီက ရုတ်တရက်မြင့်တက်လာခဲ့သည့် သေနတ်ကိုင်အကြမ်းဖက်မှုများသည် ရဲဌာနများက ကာလရှည်ကြာ ယူဆခဲ့ကြသော ပူနွေးသောရာသီဥတုတွင် လူသတ်မှုများ ပိုများသည်ဟူသည့် အချက်ကို ထောက်ခံလျက်ရှိသည်။
14 Jun 2022
ဘာသာပြန်ဆောင်းပါး
အမေရိကန်နိုင်ငံတစ်ဝန်းတွင် တက္ကဆက်ပြည်နယ် စာသင်ကျောင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုမှသည် တူလ်ဆာဆေးရုံပစ်ခတ်မှုနှင့် အစီရင်ခံမှု နည်းပါးသည့်ဖြစ်ရပ်များစွာအထိ မကြာသေးမီက ရုတ်တရက်မြင့်တက်လာခဲ့သည့် သေနတ်ကိုင်အကြမ်းဖက်မှုများသည် ရဲဌာနများက ကာလရှည်ကြာ ယူဆခဲ့ကြသော ပူနွေးသောရာသီဥတုတွင် လူသတ်မှုများ ပိုများသည်ဟူသည့် အချက်ကို ထောက်ခံလျက်ရှိသည်။
အဆိုပါဆက်စပ်မှုကို ရာဇဝတ်မှုဗေဒပညာရှင်များက ဆယ်စုနှစ်များစွာကြာအောင် ရေးသားခဲ့ကြပြီဖြစ်သလို အပူချိန်နှင့် ရာဇဝတ်မှုနှုန်းများကြား တိကျသော ဆက်နွယ်မှုကို မကြာသေးမီက သုတေသနပြုများက ပိုမိုဖော်ထုတ်နိုင်ခဲ့သည်။
အဆိုပါမေးခွန်းကို လေ့လာခဲ့ဖူးသူများအတွက် လေ့လာရာ၌ သာမန်အသိအပြင် စိုးမိုးထားသော သိသာထင်ရှားမှုမရှိသည့် အကြောင်းအရာ အချက်အလက်များလည်း ရှိနေသည်။
ပထမဦးစွာ သိသာသည်မှာ ပြည်သူ့ကျန်းမာရေးကျောင်း ဟားဗက်တီအိတ်ချ်ချန်မှ ကျန်းမာရေးမူဝါဒဆိုင်ရာ ပါမောက္ခ ဒေးဗစ်ဟီမာန်ဝေး ပြောကြားသည့် "ပတ်ဝန်းကျင်မှာ ဘယ်သူမှမရှိရင် တစ်ယောက်ယောက်ကို ပစ်သတ်ဖို့ ခက်ပါတယ်" ဟူသည့်အချက် ဖြစ်သည်။
ဆိုးဝါးသည့်ရာသီဥတုများတွင် သေနတ်ကိုင်အကြမ်းဖက်မှုများ နည်းပါးကြောင်း သူက အေအက်ပီသတင်းဌာနသို့ ရှင်းပြသည်။
ပိုစောဒကတက်ဖွယ်ရာ ဒုတိယ အယူအဆမှာ အအေးဓာတ်များသည့် ရာသီဥတုမျိုးတွင် လူများကို အပြင်ထွက်ရန် အားပေးသည့် အပူဓာတ်သည် ပဋိပက္ခဖြစ်ပွားမှုကို မြင့်တက်စေနိုင်သည် ဟူသည့်အချက် ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် သေနတ်ပစ်ခတ်မှုများ ဖြစ်ပွားရခြင်း၏ နောက်ကွယ်တွင် အကြောင်းအရင်းများစွာ ရှိနေသော်လည်း ဥတုရာသီဖောက်ပြန်မှုကြောင့် ကမ္ဘာကြီးလျင်မြန်စွာ ပူနွေးလာမှုမှာ ပို၍အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်လာနိုင်သည်။
'အေးသောလများ၏ ပူနွေးသောနေ့ရက်များ'
စကန်ဒီနေးဗီးယား ဥရောပမြောက်ပိုင်းပြည်နယ်များနှင့် တောင်ပိုင်းမြေထဲပင်လယ် နိုင်ငံများကြား သကဲ့သို့ဖြစ်သော အမေရိကန်နှင့် အီတလီနိုင်ငံအတွင်း မြောက်-တောင် ပိုင်းခြားနားမှုနှင့်ပတ်သက်၍ အပူပိုင်းနှင့် ရာဇဝတ်မှု မြင့်မားမှုကြား ဆက်နွယ်မှုပြသော ပုံသေကားကျပုံစံများကို အချိန်အတော်ကြာ စိတ်ဝင်စားခဲ့ကြောင်း ပါမောက္ခဟီမာန်ဝေးက ပြောကြားသည်။
ကျန်းမာရေးမူဝါဒဆိုင်ရာ ပါမောက္ခဒေးဗစ်ဟီမာန်ဝေးသည် သူ၏ ထိုစဉ်ကဘွဲ့ရကျောင်းသား ပေါလ်ရစ်ပင်း ၂ဝ၁၂ ခုနှစ်နှင့် ၂ဝ၁၆ ခုနှစ်အကြား ချီကာဂိုမြို့ကို လေ့လာ၍ ဦးဆောင်ရေးသားခဲ့သော ထိခိုက်ဒဏ်ရာဖြစ်ပွားမှုဆိုင်ရာ စာတမ်းတစ်စောင်ကို ၂ဝ၂ဝ ခုနှစ်တွင် ပူးတွဲရေးသားခဲ့သည်။
ထိုစာတမ်းသည် Chicago Tribune မှ အစီရင်ခံစာများကို အသုံးပြုကာ တစ်နေ့တာ တွေ့ရှိရသော ပစ်ခတ်မှု အရေအတွက်များကို နေ့စဉ် မြင့်မားသော အပူချိန်၊ စိုထိုင်းဆ၊ လေတိုက်နှုန်း၊ မှတ်တမ်းအလိုက် ပျမ်းမျှအပူချိန် ကွာခြားချက်၊ မိုးရွာသွန်းမှု အမျိုးအစားနှင့် ပမာဏတို့ကို ဆက်စပ်နှိုင်းယှဉ်သည်။
အပူချိန် ၁ဝ ဒီဂရီ စင်တီဂရိတ် ပိုမြင့်ခြင်းသည် အလုပ်ဖွင့်ရက်များတွင် ပစ်ခတ်မှု ၃၄ ရာခိုင်နှုန်းနှင့် စနေ၊ တနင်္ဂနွေ သို့မဟုတ် အားလပ်ရက်များတွင် ပစ်ခတ်မှု ၄၂ ရာခိုင်နှုန်း ပိုမြင့်မားမှုနှင့် ဆက်စပ်လျက်ရှိကြောင်းကို ဒေးဗစ်ဟီမာန်ဝေးနှင့်ပေါလ်ရစ်ပင်း တို့က တွေ့ရှိခဲ့ကြသည်။
ပျမ်းမျှ အပူချိန်ထက် ၁ဝ ဒီဂရီ စင်တီဂရိတ် ပိုမြင့်တက်ခြင်းက ပစ်ခတ်မှုနှုန်း ၃၃.၄ ရာခိုင်နှုန်းနှင့် ဆက်စပ်နေသည်ကိုလည်း တွေ့ရှိခဲ့ကြသည်။
တစ်နည်းဆိုရသော် အရေးကြီးသည်မှာ အပူချိန် သက်သက် မဟုတ်ပဲ နှိုင်းရအပူရှိန်ဖြစ်ပြီး "ဆောင်းရာသီအတွင်းဆိုလျှင် နွေရာသီတွင် ပူသည်ဟု မဆိုလောက်သော်လည်း ဆောင်းရာသီအတွက် ပူသောနေ့ရက်များတွင် ပစ်ခတ်မှုများ ပိုမိုဖြစ်ပွားခဲ့သည်” ဟု ပါမောက္ခ ဒေးဗစ်ဟီမာန်ဝေးက ပြောကြားသည်။
ဒရစ်ဇဲလ်တက္ကသိုလ်မှ လီယာချီနာဆီ ဦးဆောင်ပြီး ၂ဝ၁၇ ခုနှစ်၌ မြို့ပြကျန်းမာရေးဂျာနယ်တွင် လတ်တလော ပုံနှိပ်ဖော်ပြခဲ့သော အခြားစာတမ်းတစ်ခုသည် ဖီလာဒဲလ်ဖီးယားမြို့တွင် ဖြစ်ပွားခဲ့သည့် ပြင်းထန်သော ရာဇဝတ်မှုများကို လေ့လာထားခြင်းဖြစ်သည်။
"ကျွန်မက ဖီလာဒဲလ်ဖီးယားမှာ နေပါတယ်။ အရမ်းပူတဲ့နေ့တွေမှာ အလုပ်ကနေ စက်ဘီးစီးပြီး အိမ်ပြန်လာတာကို သတိရပြီး လူတိုင်းကစိတ်ဆတ်တဲ့ပုံ ပေါက်နေတာကို သတိထားမိတယ်။ ဒီလေ့လာချက်က ပူပြင်းတဲ့နေ့တွေမှာ မှုခင်းဖြစ်ပွားမှုနှုန်း ပိုများစေလားဆိုတာ ပြောပြနိုင်မလား သိချင်မိခဲ့တယ်" ဟု လီယာချီနာဆီက အေအက်ဖ်ပီသတင်းဌာနသို့ ပြောကြားခဲ့သည်။
သူမနှင့် တွဲဖက်စာရေးဆရာ ဂက်ဆန်ဟမ်ရာတို့သည် ပူနွေးသောလများဖြစ်သည့် မေလမှ စက်တင်ဘာလအတွင်း အကြမ်းဖက်မှုများ ပိုမိုဖြစ်ပွားလေ့ရှိကြောင်း အမှန်ပင် တွေ့ရှိခဲ့ကြပြီး အပူဆုံးနေ့များတွင် အကြမ်းဖက်မှု အမြင့်ဆုံးပွားကြောင်းကိုပါ တွေ့ရှိခဲ့သည်။
ဆန့်ကျင်ဘက်သဘောအနေဖြင့် အအေးပိုသောလများဖြစ်သည့် အောက်တိုဘာလမှ ဧပြီလအတွင်းတွင် ပိုမိုအေးသောနေ့ရက်များနှင့် နှိုင်းယှဉ်ပါက သက်တောင့်သက်သာရှိသော နေ့များတွင် အကြမ်းဖက်မှု အမြင့်မားဆုံးဖြစ်သည်။
ထိုအချိန်ကာလအတွင်း အပူချိန် ၂၁ ဒီဂရီ စင်တီဂရိတ် (ရဝ ဒီဂရီ ဖာရင်ဟိုက်) သို့ရောက်ရှိသောအခါတွင် ၆ ဒီဂရီ စင်တီဂရိတ် (၄၃ ဒီဂရီ ဖာရင်ဟိုက်) အပူချိန်ရှိသောရက်များနှင့် နှိုင်းယှဉ်ပါက နေ့စဉ် မှုခင်းဖြစ်ပွားမှုနှုန်းသည် ၁၆ ရာခိုင်နှုန်း ပိုများလာပြီး အဆိုပါကိန်းဂဏန်းသည် ထိုလများအတွက် ပျမ်းမျှဖြစ်သည်။
'ထိခိုက်မှုလျော့ချရေး'
ပြင်ပဝန်းကျင်တွင် လူပိုများလျှင် အပြန်အလှန် ရန်လိုသောအပြုအမူများ ပိုမိုဖြစ်ပွားနိုင်သည့်အချက်နှင့် အပူသည် လူများကို ပိုမိုရန်လိုလာစေသည်ဟူသည့် အကြောင်းအရာနှင့် ပတ်သက်သည့် အဓိကယူဆချက် နှစ်ရပ်စလုံးသည် မှန်ကန်နိုင်သည်ဟု ပါမောက္ခ ဒေးဗစ်ဟီမာန်ဝေးက ယုံကြည်သည်။
အမျိုးသားစီးပွားရေးသုတေသနဗျူရိုက ၂ဝ၁၉ ခုနှစ်တွင် ထုတ်ဝေသည့် ထင်ရှားသော လေ့လာမှုတစ်ခုတစ်ခု၌ ကင်ညာနှင့် ကယ်လီဖိုးနီးယားရှိ တက္ကသိုလ်ကျောင်းသားများကို အပူ သို့မဟုတ် အအေးခန်းများတွင် နေရာချထားခြင်းနှင့် အပြုအမူအမျိုးအစားများအပေါ် အကျိုးသက်ရောက်မှုကို တိုင်းတာခြင်းတို့ ပါဝင်သည်။
လက်ဆောင်ကတ်များနှင့် ဘောက်ချာများကဲ့သို့သော အခြားပါဝင်သူများ၏ ပိုင်ဆိုင်မှုများကို မိမိဆန္ဒအလျောက် ဖျက်ဆီးလိုသော တစ်ဦးချင်းစီ၏ စိတ်ဆန္ဒကို အပူချိန်ကသိသိသာသာ သက်ရောက်မှုရှိစေသည်ကို တွေ့ရှိခဲ့ရသည်။
သေနတ်ကိုင်အကြမ်းဖက်မှု ပြဿနာနှင့် ပတ်သက်သော ကိစ္စတစ်ရပ်လုံးကို ကြည့်မည်ဆိုပါက အပူချိန်ထက် အဆပေါင်းများစွာ ပိုကြီးသော လှုံ့ဆော်မှုများ ရှိနေကြောင်းကို ပါမောက္ခ ဒေးဗစ်ဟီမာန်ဝေးက လက်ခံသည်။
ပြည်နယ်အများအပြားသည် မကြာသေးမီနှစ်များအတွင်း တင်းကျပ်သော ကန့်သတ်ချက်များထက် ဖြေလျှော့ရန် ပြောင်းလဲလာခဲ့ချိ်န်တွင် အမေရိကန်နိုင်ငံ၌ ၂ဝ၂ဝ ခုနှစ်တွင် သေနတ်အလက် ၃၉၃ သန်းခန့် ပျံ့နှံ့လည်ပတ်လျက်ရှိသည်မှာ လူအရေအတွက်ထက် ပိုမိုများပြားနေသည်။
သို့သော် ရာသီဥတုနှင့် ဆက်စပ်မှုကို ပိုမိုကောင်းမွန်စွာ နားလည်ခြင်းသည် မူဝါဒဆိုင်ရာ သက်ရောက်မှုများ ရှိနိုင်သည်။ ဥပမာ - နွေရာသီ၏ အပူဆုံးသောနေ့များတွင် လူငယ်အမျိုးသားများကို လမ်းထောင့်များတွင် မရှိစေရေး လှုပ်ရှားမှုများ ပိုမိုလုပ်ဆောင်လာခြင်းနှင့် ခန့်မှန်းချက်များအပေါ် အခြေခံ၍ အဓိကနေရာများတွင် ရဲများရောက်ရှိမှုကို မြှင့်တင်ပေးခြင်း အစရှိသည်တို့ဖြစ်သည်။
"ဒါဟာ ထိခိုက်မှု လျော့ချနည်း တစ်မျိုးပါပဲ" ဟု ပါမောက္ခ ဒေးဗစ်ဟီမာန်ဝေးက ပြောကြားသည်။ "ဒါပေမယ့် ဒါက သေနတ်ပြဿနာ မဟုတ်ရင်တောင် ရန်ပွဲတွေ တိုက်ခိုက်မှုတွေ ဖြစ်လာရင်လည်း ဒီအတိုင်းပဲ အခြေရှာရလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သေနတ်တွေပါလာရင် ရန်ပွဲတွေဟာ အသေအပျောက် ပိုများလာနိုင်တယ်လေ" ဟုလည်း ပါမောက္ခ ဒေးဗစ်ဟီမာန်ဝေးက ပြောကြားသည်။
လင်းစုကို
“Why US gun violence spikes in warm weather” ကို ဘာသာပြန်သည်။