အမေရိကန်က စူပါမားကတ်ဆိုင်တွင် လူမျိုးရေးမုန်းတီးမှုအပေါ်အခြေခံသော ပစ်ခတ်မှုအတွင်း လူ ၁ဝ ဦးသေဆုံး

နယူးယောက်ပြည်နယ် ဘက်ဖလိုမြို့ရှိ စူပါမားကတ်တစ်ခုတွင် စနေနေ့က လူမျိုးရေးမုန်းတီးမှုပေါ် အခြေခံသောတိုက်ခိုက်မှုအတွင်း သေစေနိုင်လောက်သည့် လက်နက်ကိုင်ဆောင်ထားသည့် အသက် ၁၈ နှစ်အရွယ်အမျိုးသားတစ်ဦးသည် လူ ၁ဝ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ကင်မရာဖြင့် အွန်လိုင်းပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုပြုခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

17 May 2022

ဓာတ်ပုံ - AFP

DMG ၊ မေ ၁၇

နယူးယောက်ပြည်နယ် ဘက်ဖလိုမြို့ရှိ စူပါမားကတ်တစ်ခုတွင် စနေနေ့က လူမျိုးရေးမုန်းတီးမှုပေါ် အခြေခံသောတိုက်ခိုက်မှုအတွင်း သေစေနိုင်လောက်သည့် လက်နက်ကိုင်ဆောင်ထားသည့် အသက် ၁၈ နှစ်အရွယ်အမျိုးသားတစ်ဦးသည် လူ ၁ဝ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့ပြီး တိုက်ခိုက်မှုအတွင်း ကင်မရာဖြင့် အွန်လိုင်းပေါ်မှ တိုက်ရိုက်ထုတ်လွှင့်မှုပြုခဲ့ကြောင်း အာဏာပိုင်များကပြောကြားခဲ့သည်။

လူအများအပြား ပစ်ခတ်သတ်ဖြတ်ခံရပြီးနောက် ကျည်ကာအင်္ကျီဝတ်ဆင်ထားပြီး အမာစားဦးထုပ် ဆောင်းထားသည့် အဆိုပါသေနတ်သမားအား ဖမ်းဆီးခဲ့ကြောင်း ဘက်ဖလိုမြို့ရဲမင်းကြီး ဂျိုးဆက်ဂရာမာဂလီယာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

တိုက်ခိုက်မှုအတွင်း လူ ၁ဝ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဘက်ဖလိုမြို့ရဲမင်းကြီးက ပြောကြားခဲ့သည်။ တိုက်ခိုက်ခံရသူများအနက် ၁၁ ဦးမှာ အာဖရိကန်အမေရိကန်များ ဖြစ်ကြသည်။

သေနတ်သမားသည် Tops စူပါမားကတ်၏ ကားရပ်နားရာနေရာ၌ လူလေးဦးကို စတင်ပစ်ခတ်ခဲ့ပြီး တိုက်ခိုက်ခံရသူများအနက် သုံးဦးသည် သေစေနိုင်လောက်သည့် ဒဏ်ရာများရရှိခဲ့ကြသည်။ ထို့နောက် သေနတ်သမားသည် အထဲသို့ဝင်ကာ ဆက်လက်ပစ်ခတ်ခဲ့ကြောင်း ရဲမင်းကြီးက ပြောကြားခဲ့သည်။

စူပါမားကတ်အတွင်း တိုက်ခိုက်မှုတွင် သေဆုံးသွားသူများအနက် လက်နက်ကိုင်လုံခြုံရေး အစောင့်အဖြစ် လုပ်ကိုင်နေသည့် အငြိမ်းစားရဲအရာရှိတစ်ဦးလည်း ပါဝင်သည်။

လက်နက်ကိုင်အစောင့်ဝန်ထမ်းသည် “သံသယရှိသူကို ရင်ဆိုင်ခဲ့ပြီး ပစ်ခတ်မှုများစွာ ပြုလုပ်ခဲ့ပေမယ့် သေနတ်သမားက သူ့ကိုပစ်သတ်ခဲ့တယ်” ဟု ရဲမင်းကြီးကပြောကြားခဲ့သည်။

ရဲများရောက်ရှိလာချိန်တွင် သေနတ်သမားက သူ၏လည်ပင်းကို သေနတ်ဖြင့် ချိန်ထားခဲ့သော်လည်း ရဲများနှင့် အခြေအတင်ဖြစ်ပြီးနောက် လက်နက်ချခဲ့သည်ဟု ရဲမင်းကြီးက ဆက်ပြောကြားခဲ့သည်။

အစုလိုက်အပြုံလိုက် အသေအပျောက်များသော ထပ်တလဲလဲပစ်ခတ်မှုများနှင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သေနတ်ပစ်ခတ်မှုများစွာ ဖြစ်ပွားနေသော်လည်း အမေရိကန်ကွန်ဂရက်တွင် သေနတ်နှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ ပြုပြင်ပြောင်းလဲရန် ကြိုးပမ်းမှုအများအပြားသည်  အောင်မြင်မှုမရှိခဲ့ပဲ  ပြည်နယ်များနှင့် ဒေသဆိုင်ရာ ကောင်စီများအနေဖြင့် ၎င်းတို့၏ ကန့်သတ်ချက်များကို ကိုယ်တိုင် ပြဋ္ဌာန်းကြရန် ချန်လှပ်ထားခဲ့သည်။

အမေရိကန်နိုင်ငံတွင် ၂ဝ၂ဝ ခုနှစ်တွင် သေနတ်ဖြင့် လူသတ်မှုပေါင်း ၁၉,၃၅ဝ ခုဖြစ်ပွားခဲ့ပြီး ၂ဝ၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၃၅% နီးပါး မြင့်တက်လာခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေးစင်တာ (CDC) က ၎င်း၏နောက်ဆုံးအချက်အလက်များထဲတွင် ပြောကြားခဲ့သည်။