ဒေါ်နယ်ထရမ့်၏ မဲဆွယ်စည်းရုံးရေးအတွက် အီလွန်မတ်ခ်က ဒေါ်လာ ၄၄ သန်း ထပ်မံ ပေးပို့ထောက်ပံ့

နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် အနိုင်ရရှိစေရန်အတွက် ဘီလျံနာ အီလွန်မတ်ခ်က ၎င်း၏ကြိုးပမ်းမှုများကို အရှိန်မြှင့်တင် လုပ်ဆောင်လျက်ရှိသည်။

By Admin 25 Oct 2024

ဇူလိုင်လက ထရမ့်ကို လုပ်ကြံရန်ကြိုးပမ်းခဲ့သည့် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဘတ်တလာ ရှိ နေရာ၌ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျင်းပသော လူထုစုဝေးပွဲတွင် အမေရိကန်သမ္မတဟောင်း Donald Trump နှင့် အီလွန်မတ်ခ်တို့ မိန့်ခွန်းပြောကြားစဉ်။ (ဓာတ်ပုံ - Reuters)

DMG ၊ အောက်တိုဘာ ၂၅

ဘီလျံနာ အီလွန်မတ်ခ်သည် ၎င်းထောက်ခံအားပေးသော ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲ အနိုင်ရရှိစေရန်အတွက် ဒေါ်နယ်ထရမ့် အောင်နိုင်ရေးထောက်ခံသူများ အဖွဲ့ထံ အောက်တိုဘာလ၏ ပထမလဝက်ကာလအတွင်း အမေရိကန်ဒေါ်လာ ၄၄ သန်း ထပ်မံပေးပို့လိုက်ကြောင်း ဗဟိုအစိုးရ၏ ထုတ်ပြန်ချက်များတွင် ဖော်ပြပါရှိသည်ဟု ရိုက်တာက ရေးသားထားသည်။

နိုဝင်ဘာလ ၅ ရက်နေ့တွင် ကျင်းပမည့် အမေရိကန်သမ္မတ ရွေးကောက်ပွဲ၌ ဒေါ်နယ်ထရမ့် အနိုင်ရရှိစေရန်အတွက် ဘီလျံနာ အီလွန်မတ်ခ်က ၎င်း၏ကြိုးပမ်းမှုများကို အရှိန်မြှင့်တင် လုပ်ဆောင်လျက်ရှိသည်။

အီလွန်မတ်ခ်သည် ဒေါ်နယ်ထရမ့် အောင်နိုင်ရေးထောက်ခံသူများအဖွဲ့ထံသို့ ဇူလိုင်လမှ စက်တင်ဘာလအထိတိုင် ၃ လတာကာလအတွင်း အမေရိကန်ဒေါ်လာ ၇၅ သန်းခန့် ပေးပို့ခဲ့ကြောင်း ကြိုတင်သတင်းထုတ်ပြန်ပြီးသည့်နောက် မတ်ခ်၏ America PAC အဖွဲ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံသို့ ပေးပို့လိုက်သည့် အလှူငွေထည့်ဝင်မှု စာတမ်းတွင် ယခုနောက်ဆက်တွဲအခြေအနေ ပါဝင်လာခဲ့ခြင်းဖြစ်သည်။

ရွေးကောက်ပွဲကို အဆုံးအဖြတ်ပေးနိုင်သော ပြိုင်ဆိုင်မှုပြင်းထန်မည့် ပြည်နယ်များရှိ မဲဆန္ဒရှင်များကို ဆွဲဆောင်နိုင်ရန် အာရုံစူးစိုက်နေသော America PAC အဖွဲ့သည် အောက်တိုဘာလ ပထမ လဝက်တွင် အမေရိကန်ဒေါ်လာ ၄၇ သန်းကျော် သုံးစွဲခဲ့သည်။

ထရမ့်၏ မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်သည် မဲဆန္ဒရှင်များကို စည်းရုံးရန်အတွက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်ခ် တည်ထောင်ထားသော အင်အားကောင်းသည့် PAC အဖွဲ့ကဲ့သို့ ပြင်ပအဖွဲ့အစည်းများအပေါ်တွင် ကျယ်ကျယ်ပြန့်ပြန့် မှီခိုနေရသည်။

ထရမ့်နှင့် ဒုသမ္မတ ကာမာလာ ဟားရစ်တို့အကြား၌ ပြိုင်ဆိုင်မှုပြင်းထန်ဖွယ်ရှိသော ရွေးကောက်ပွဲတွင် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မတ်ခ် တည်ထောင်ထားသော အင်အားကောင်းသည့် PAC အဖွဲ့ကဲ့သို့ ပြင်ပအဖွဲ့အစည်းများမှာ ကြီးမားသော အခန်းကဏ္ဍတစ်ရပ်မှနေ၍ ပါဝင်လာဖွယ်ရှိနေကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။