ထိုင်ဝမ်စစ်သင်္ဘောများအတွက် ဒေါ်လာ သန်း ၁၂ဝ တန်ဖိုးရှိ အစိတ်အပိုင်းများ ရောင်းချပေးရန် အမေရိကန် အတည်ပြု

ထိုင်ဝမ်အား ၎င်း၏စစ်သင်္ဘောများကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်နိုင်စေရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၂ဝ တန်ဖိုးရှိ အစိတ်အပိုင်းများ ရောင်းချပေးရန် အမေရိကန်က အတည်ပြုလိုက်ပြီဖြစ်သည်။ ထိုကဲ့သို့ စစ်သင်္ဘောများကို ထိန်းသိမ်းရန်ကူညီပေးခြင်းသည် ကျွန်းအနီးတွင် တရုတ်၏ “မကြာခဏ လှုပ်ရှားမှုများ” အားရင်ဆိုင်ရာတွင် တိုက်ပွဲဝင်ရန်အတွက် အဆင်သင့်ရှိနေစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

11 Jun 2022

၂ဝ၁၈ ခုနှစ် ဧပြီ ၉ ရက်က နီကာရာဂွါနိုင်ငံ ကော်ရင်တိုဆိပ်ကမ်းသို့ ဆိုက်ရောက်လာသော ထိုင်ဝမ်ရေတပ်မှ စစ်သင်္ဘောတစ်စီး။ (ဓာတ်ပုံ - Reuters)

DMG ၊ ဇွန် ၁၁

ထိုင်ဝမ်အား ၎င်း၏စစ်သင်္ဘောများကို ထိန်းသိမ်းရာတွင် အထောက်အကူဖြစ်နိုင်စေရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၁၂ဝ တန်ဖိုးရှိ အစိတ်အပိုင်းများ ရောင်းချပေးရန် အမေရိကန်က အတည်ပြုလိုက်ပြီဖြစ်သည်။ ထိုကဲ့သို့ စစ်သင်္ဘောများကို ထိန်းသိမ်းရန်ကူညီပေးခြင်းသည် ကျွန်းအနီးတွင် တရုတ်၏ “မကြာခဏ လှုပ်ရှားမှုများ” အားရင်ဆိုင်ရာတွင် တိုက်ပွဲဝင်ရန်အတွက် အဆင်သင့်ရှိနေစေရန် အထောက်အကူပြုမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားသည်။

ဝါရှင်တန်ရှိ ထိုင်ဝမ်သံရုံးက တောင်းဆိုထားသည့် ရောင်းချမှုအတွက် နိုင်ငံခြားရေးဌာန၏ ခွင့်ပြုချက်ရပြီးနောက် ကွန်ဂရက်လွှတ်တော်သို့ အကြောင်းကြားရန် လိုအပ်သော အသိအမှတ်ပြုလက်မှတ်ကို ပေးအပ်ခဲ့သည်ဟု အမေရိကန် ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ကြေညာချက်တွင် ဖော်ပြထားသည်။

ရောင်းချမှုတွင် သင်္ဘောများနှင့် သင်္ဘောစနစ်များအတွက် အမျိုးအစားခွဲမထားသော အပိုပစ္စည်းများနှင့် ပြုပြင်ရေး အစိတ်အပိုင်းများ၊ ထောက်ပံ့ပို့ဆောင်ရေး နည်းပညာအကူအညီ၊ အမေရိကန်အစိုးရနှင့် ကန်ထရိုက်တာကိုယ်စားပြု နည်းပညာနှင့် ထောက်ပံ့ပို့ဆောင်ရေး ပံ့ပိုးမှုများ ပါဝင်သည်ဟု အမေရိကန် ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီက ဆိုသည်။

"အဆိုပြုရောင်းချမှုသည် လက်ခံရရှိသူရေယာဉ်စုရှိ ရေငုပ်သင်္ဘောများ၏ တည်တံ့ခိုင်မြဲရေးကို အထောက်အကူပြုမည်ဖြစ်ပြီး လက်ရှိနှင့်အနာဂတ်တွင် ဖြစ်ပေါ်လာမည့် ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်စွမ်း တိုးမြင့်လာစေမည်" ဟု အမေရိကန် ကာကွယ်ရေး၊ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီက ဗုဒ္ဓဟူးနေ့၏ထုတ်ပြန်ချက်တွင် ပြောကြားခဲ့ပြီး ထိုအစိတ်အပိုင်းများသည် "အတည်ပြုထားသော အမေရိကန်ရေတပ်မှ ရောင်းချသူများ၏ အရင်းအမြစ်များနှင့် /သို့မဟုတ် အမေရိကန်ရေတပ်လက်ဝယ်ရှိ ပစ္စည်းများဖြစ်လိမ့်မည်" ဟု ထည့်သွင်းပြောကြားခဲ့သည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက အဆိုပါသဘောတူညီချက်သည် တစ်လအတွင်း အသက်ဝင်မည်ဟု မျှော်လင့်ထားပြီး ထိုင်ဝမ်အား မိမိကိုယ်တိုင် ကာကွယ်နိုင်စေရန် ပံ့ပိုးကူညီမှုအတွက် အမေရိကန်ကို အထူးကျေးဇူးတင်ကြောင်း ဖော်ပြခဲ့သည်။

"အမေရိကန်ပြည်ထောင်စုမှ ရောင်းချရန် သဘောတူထားသည့် သင်္ဘော အစိတ်အပိုင်းများသည် ထိုင်ဝမ်တစ်ဝိုက် ပင်လယ်ပြင်နှင့် လေပိုင်နက်အတွင်း တရုတ်စစ်သင်္ဘောများ၏ လတ်တလော မကြာခဏ လုပ်ဆောင်မှုများအရ ထိုင်ဝမ်ရေတပ်သင်္ဘောများ၏ သင့်လျော်သော စက်ကိရိယာနှင့် သုံးစွဲမှုကို ထိန်းသိမ်းရန်နှင့် တိုက်ပွဲအတွက် အမှန်တကယ် လိုအပ်ချက်များနှင့် အသင့်ရှိနေစေမည့် လုပ်ငန်းတာဝန်များကို ဖြည့်ဆည်းပေးမည်ဖြစ်သည်” ဟုထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

ထိုင်ဝမ်က မည်သည့်အစိတ်အပိုင်းများကို လက်ခံရရှိမည်ဟူသည့် အချက်နှင့်ပတ်သက်၍မူ နှစ်ဖက်စလုံးက အသေးစိတ်ပြောကြားထားခြင်း မရှိပေ။

ထိုင်ဝမ်၏ အဓိကစစ်သင်္ဘောအများစုသည် အမေရိကန်တွင်တည်ဆောက်ထားခြင်း သို့မဟုတ် အမေရိကန်က ဒီဇိုင်းထုတ်ထားခြင်းဖြစ်သည်။

ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေသော ထိုင်ဝမ်ကျွန်းသည် ၎င်း၏လေကြောင်းရန် ကာကွယ်ရေးဇုန်တွင် တရုတ်လေတပ်၏ အကြိမ်ကြိမ် စစ်ဆင်ရေးများကို ပြစ်တင်ဝေဖန်လျက်ရှိသည်။ အမေရိကန်အစိုးရက တရုတ်အစိုးရ၏ အဆိုပါလုပ်ရပ်များသည် ၎င်း၏ အချုပ်အခြာအာဏာကို ထိုင်ဝမ်နိုင်ငံအား လက်ခံစေရန်အတွက် ကြိုးပမ်းမှုအဖြစ် ရှုမြင်ထားသည်။