တရုတ်စစ်တပ်က ထိုင်ဝမ်ကို သတိပေးသည့်သဘောဖြင့် ကျွန်းကိုဝိုင်းပြီး စစ်ရေးလေ့ကျင့်

တရုတ်၏လုပ်ရပ်များသည် ကျိုးကြောင်းဆီလျော်ခိုင်မာမှု မရှိဘဲနှင့် အန္တရာယ်တိုးမြင့်လာနိုင်စရာသာ ရှိသည့်အတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် လိုသည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြားထားသည်။

By Admin 14 Oct 2024

၂၀၂၄ ခုနှစ် မေလ ၂၄ ရက်က တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့၌ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ၏အရှေ့ပိုင်းစစ်တိုင်းဒေသ ထိုင်ဝမ်ကျွန်းတစ်ဝိုက်တွင် ပြုလုပ်နေသော စစ်ရေးလေ့ကျင့်မှု သတင်းများကို အမျိုးသားတစ်ဦးက ကြည့်ရှုနေစဉ်။ (ဓာတ်ပုံ - Reuters)

တရုတ်စစ်တပ်သည် အောက်တိုဘာလ ၁၄ ရက်(တနင်္လာနေ့)တွင် စစ်ရေးလေ့ကျင့်မှု တစ်ခု၌ ထိုင်ဝမ်ကို တိုက်လေယာဉ်များနှင့် စစ်သင်္ဘောများဖြင့် ဝိုင်း၍ တပ်ဖြန့်ကျက်ကာ လေ့ကျင့်ခဲ့ကြောင်း AFP သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ဘေဂျင်းသည် ယခုစစ်ရေးလေ့ကျင့်မှုတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းပေါ်ရှိ ခွဲထွက်ရေးတပ်ဖွဲ့များထံသို့ ပြင်းထန်သောသတိပေးချက်တစ်ရပ် ပေးပို့ရန် ရည်ရွယ်ထားသည်ဟု ပြောကြားခဲ့သည်။

ဘေဂျင်းသည် ထိုင်ဝမ်ကို ၎င်း၏ထိန်းချုပ်မှုအောက်သို့ ထည့်သွင်းနိုင်စေရန်အတွက် အင်အားသုံးနေသည်ဟူသော စွပ်စွဲချက်များကို ငြင်းဆိုခြင်းမရှိဘဲ တနင်္လာနေ့ စစ်ရေးလေ့ကျင့်မှုမှာ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း တရုတ်၏စတုတ္ထအကြိမ်မြောက် အကြီးစားစစ်ပွဲသဏ္ဌာန် စစ်ရေးလေ့ကျင့်မှု ဖြစ်လာသည်။

တရုတ်၏လုပ်ရပ်များသည် ကျိုးကြောင်းဆီလျော်ခိုင်မာမှု မရှိဘဲနှင့် အန္တရာယ်တိုးမြင့်လာနိုင်စရာသာ ရှိသည့်အတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရန် လိုသည်ဟု အမေရိကန်ပြည်ထောင်စုက ပြောကြားထားသည်။

မေလက ရာထူးတက်လာခဲ့သော ထိုင်ဝမ်သမ္မတ လိုင်ကျင်းတီသည် ထိုင်ဝမ်၏ အချုပ်အခြာအာဏာကို ကာကွယ်ရေးအခန်းကဏ္ဍ၌ ၎င်းမတိုင်မီ ထိုင်ဝမ်သမ္မတအဖြစ် တာဝန်ယူခဲ့သော စိုင်အင်းဝမ်ထက် ပို၍ ပြတ်ပြတ်သားသား ထုတ်ပြောမှုများရှိခဲ့သည်။

ထိုင်ဝမ်သမ္မတ လိုင်ကျင်းတီ၏ပြောစကားများမှာ ဘေဂျင်းကို ဒေါသထွက်စေခဲ့ပြီး ဘေဂျင်းက လိုင်ကျင်းတီကို ခွဲထွက်ရေးသမား ဟု ခေါ်ဆိုသမုတ်ထားသည်။

တရုတ်ဘက်က စစ်ရေးလေ့ကျင့်မှု စတင်လိုက်သည့် တနင်္လာနေ့တွင် ထိုင်ဝမ်သမ္မတ လိုင်ကျင်းတီက "ဒီမိုကရက်တစ် ထိုင်ဝမ်ကို ကာကွယ်ပြီး အမျိုးသားလုံခြုံရေးကို ကာကွယ်ပါ"ဟု ပြောကြားလိုက်သလို ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနကလည်း တရုတ်၏အဆိုပါစစ်ရေးလေ့ကျင့်မှုကို တန်ပြန်ရန်အတွက် သင့်လျော်သည့်တပ်ဖွဲ့များကို စေလွှတ်ထားကြောင်း ပြောကြားခဲ့သည်။

ထိုင်ဝမ်မြောက်ပိုင်းရှိ Hsinchu လေတပ်အခြေစိုက်စခန်းအနီးရှိ APF သတင်းသမားများသည် တနင်္လာနေ့၌ တိုက်လေယာဉ် ၁၂ စင်း ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရသည်။

တိုင်ပေက အုပ်ချုပ်နေသော အစွန်အဖျားနေရာရှိကျွန်းများကို အဆင့်မြင့်သတိပေးချက်များ ထုတ်ပြန်ထားပြီး “လေယာဉ်နဲ့ သင်္ဘောတွေဟာ ထိတွေ့ဆက်ဆံမှုဆိုင်ရာစည်းမျဉ်းတွေနဲ့အညီ ရန်သူအခြေအနေတွေကို တုံ့ပြန်ပါလိမ့်မယ်”ဟု ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တရုတ်၏ ယခုစစ်ရေးလေ့ကျင့်မှုသည် ထိုင်ဝမ်လွတ်လပ်ရေး တပ်ဖွဲ့များ၏ ခွဲထွက်ရေးလုပ်ရပ်အတွက် ပြင်းထန်သော သတိပေးချက်တစ်ရပ် ဖြစ်ကြောင်း ဘေဂျင်းက ပြောကြားထားသည်။