- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နိုင်ငံတကာအစိုးရတွေ မြန်မာ့အရေး နှာစေးနေရမယ့်အချိန် မဟုတ်
စစ်တပ်ဟာ အစိုးရမကျတကျ အနေအထားမှာရှိတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ရပိုင်ခွင့်ကို ရုတ်သိမ်းနေချိန် တစ်ပြိုင်တည်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီတွေအတွက် တံခါးဖွင့်ထားလိုတဲ့ သဘောကို အချက်ပေးတာလည်း ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အတိုက်အခံတွေ၊ နိုင်ငံရေးဝေဖန်သူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးထိန်းသိမ်းနေပြီး တစ်ဘက်မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွဲနေပါတယ်။
01 Mar 2021
ရာဗီချန်ဒရာကူးမား မြန်မာပြန်သည်။
မြန်မာဟာ အရေးပါတဲ့ လမ်းဆုံလမ်းခွမှာ ရောက်နေပါတယ်။ လီနင်ရဲ့စကားကို ယူပြောရရင် ပုံမှန်အခြေအနေမှာ ဆယ်စုနှစ်ပေါင်းများစွာ အချိန်ယူကြာမြင့်နိုင်တဲ့ ဖြစ်ရပ်တွေဟာ လာမယ့်သီတင်းပတ်တွေအတွင်း ဖြစ်ပျက်သွားနိုင်တဲ့ အနေအထားပါ။
စစ်တပ်ကို ပြုပြင်ပြောင်းလဲရေး လုပ်နိုင်မယ်လို့ မျှော်လင့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြန်လည်သင့်မြတ်ရေး လမ်းစဉ်ဟာလည်း အဖတ်ဆယ်မရအောင် ပျက်စီးသွားပါပြီ။ ဆယ်စုနှစ်တစ်ခုထက်မနည်းတဲ့ အချိန်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျွန်တော်တို့ဟာ ဒီမိုကရေစီရေး ထောက်ခံတဲ့ အင်အားစုတွေကို မြင်တွေ့နေရပါပြီ။ ဒီအုပ်စုတွေမှာ အများစုကတော့ ပြည်မက ဗမာတိုင်းရင်းသားတွေ ဖြစ်ကြပြီး နိုင်ငံရဲ့ တစ်ခြားနေရာတွေက တိုင်းရင်းသားအရေး လှုပ်ရှားမှုတွေနဲ့အတူ သူတို့နှစ်အုပ်စုလုံးကို အချိန်ကြာကြာ ဖိနှိပ်ခဲ့တဲ့ ဗျူရိုကရေစီယန္တရားကို တော်လှန်မှုမှာ ပေါင်းဆုံလာတာ တွေ့ရပါတယ်။
ဗိုလ်ချုပ်ကြီးတွေဟာ သူတို့ရဲ့ လုပ်ရိုးလုပ်စဉ်အတိုင်း နိုင်ငံရေးအတိုက်အခံနဲ့ ဆက်စပ်သူတွေကို နိုင်ထက်စီးနင်း ပြုမူလာတာကို မြင်နေရချိန်မှာပဲ မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်လိုတဲ့ နိုင်ငံတကာအစိုးရတွေရဲ့ ရွေးချယ်မှုတွေဟာ ခါတိုင်းထက်ပို ရှင်းရှင်းလင်းလင်း မြင်လာနေရပါပြီ။ ဒီအချိန်ဟာ နိုင်ငံတကာအစိုးရတွေ အနေနဲ့ လူထုအုံကြွမှုကို ထောက်ခံပြီး စစ်ကောင်စီကို အကျပ်အတည်းဖြစ်အောင် ဖိအားပေးရမယ့် အချိန်ပဲ ဖြစ်ပါတယ်။
အချိန်ကိုက် ဆောင်ရွက်ဖို့ဆိုတာ အထူးအရေးပါပါတယ်။ မြန်မာလူထုဟာ ခုလိုမျိုး တစ်ဟုန်ထိုး နိုင်ငံရေးလှုပ်ရှားမှုမျိုး နောင်နှစ်ပေါင်းများစွာ ကြာတဲ့အထိ နောက်တစ်ကြိမ် ထပ်ပေါ်လာဖို့ မလွယ်နိုင်ပါဘူး။ နိုင်ငံရဲ့ အနေအထား တစ်ခုလုံးကို ပုံစံပြောင်းဖို့ ဆိုတာ ဒီအခွင့်အရေး တံခါးပေါက်လေးအပေါ် မူတည်နေပါတယ်။ လာမယ့်လတွေမှာ ဘယ်လိုပုံစံ နိုင်ငံရေးအခင်းအကျင်းတွေ ပေါ်ထွက်လာမလဲ ဘယ်သူမှ တိတိပပ မသိကြပါဘူး။ ဒါပေမဲ့ ခြေလှမ်းတွေ တစ်ခုပြီးတစ်ခု ကျွံလာနေတဲ့ စစ်တပ်ရဲ့ အနေအထားကို ကြည့်ခြင်းအားဖြင့် ယခင်ရှိခဲ့တဲ့ အနေအထားကို ပြန်ရောက်ဖို့ကတော့ မဖြစ်နိုင်တော့တဲ့ပုံ ပေါ်ပါတယ်။
စကားဝိုင်းတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေဟာလည်း မြန်မာ့အရေးအတွက် အဖြေရှာရာမှာ အခြေခံအားဖြင့် တစ်စိတ်တစ်ဒေသ ပါဝင်ရပါလိမ့်မယ်။ ဒါပေမဲ့ တပ်မတော်ဟာ ခုချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို အကျဉ်းချနိုင်တဲ့အဆင့်ထိ ရောက်အောင် ဆောင်ရွက်နေသလို သူမနဲ့ ဆယ်စုနှစ်တွေနဲ့ချီ ထိပ်တိုက်တွေ့မှုတွေမှာလည်း နိုင်ငံတကာရဲ့ ကြားဝင်ဖျန်ဖြေမှုကို ဘယ်တော့မှ လက်မခံခဲ့ဘူး ဆိုတဲ့အချက်ကိုတော့ သေချာ သဘောပေါက်ထားရပါလိမ့်မယ်။ စကားဝိုင်းတွေအတွက် အလှည့် ရောက်လာမှာပါ။ ဒါပေမဲ့ ခုချိန်မှာ မြန်မာ့ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အရေးအကြီးဆုံးက ဆန္ဒပြပွဲတွေ ဆက်ရှိနေဖို့နဲ့ ဒီအခွင့်အရေးတံခါးပေါက်လေးကို ကျယ်သထက်ကျယ်လာအောင် ချဲ့ပေးဖို့ပါ။
လက်ရှိမှာ ဝန်ကြီးဌာန ၂၄ ခုက အစိုးရဝန်ထမ်း တစ်သောင်းခွဲကျော်ဟာ အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု (CDM) ရဲ့ အစိတ်အပိုင်း တစ်ရပ်အဖြစ် ပါဝင်လှုပ်ရှားနေကြပါတယ်။ ဒီလှုပ်ရှားမှုကြောင့် မြန်မာ့စီးပွားရေးဘဏ်ရဲ့ လည်ပတ်မှုတွေ ရပ်ဆိုင်းလုနီးပါး ဖြစ်နေသလို အာဏာဖီဆန်ရေး နည်းလမ်းအသစ်တွေကလည်း နေ့စဉ်နဲ့အမျှ ထွက်ပေါ်နေပါတယ်။ ဒီအချက်တွေကြောင့် စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား စတင်ဖို့ မဖြစ်နိုင်သလောက် ရှိနေပါတယ်။ ရွေးကောက်ခံအစိုးရဟာ ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) ကိုအွန်လိုင်းပေါ်မှာ ဖွဲ့စည်းထားပါတယ်။
မြန်မာပြည်တနံတလျားက မြို့ပေါင်း ၃၀၀ ကျော်မှာ သန်းနဲ့ချီတဲ့ပြည်သူတွေ လူမျိုးစုံ ဆန္ဒဖော်ထုတ်နေကြပါတယ်။ ဒီအထဲမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပေးဖို့ တောင်းဆိုတဲ့ NLD အမာခံတွေကနေ သူတို့ရဲ့နယ်မြေတွေမှာ စစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ပြီး ဖက်ဒရယ်အစိုးရစနစ်တစ်ရပ် တည်ထောင်ပေးဖို့ တောင်းဆိုကြတဲ့ တိုင်းရင်းသား မျိုးနွယ်စု တစ်ရာကျော်အထိ ပါဝင်ပါတယ်။
စစ်တပ်ဟာ အစိုးရမကျတကျ အနေအထားမှာရှိတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီကို ဖွဲ့စည်းလိုက်ပါတယ်။ ဒါဟာ ပြည်သူတွေရဲ့ ရပိုင်ခွင့်ကို ရုတ်သိမ်းနေချိန် တစ်ပြိုင်တည်းမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ အကူအညီတွေအတွက် တံခါးဖွင့်ထားလိုတဲ့ သဘောကို အချက်ပေးတာလည်း ဖြစ်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေဟာ အတိုက်အခံတွေ၊ နိုင်ငံရေးဝေဖန်သူတွေကို ဆက်တိုက်ဆိုသလို ဖမ်းဆီးထိန်းသိမ်းနေပြီး တစ်ဘက်မှာလည်း ငြိမ်းချမ်းစွာ ဆန္ဒပြမှုတွေကို အကြမ်းဖက် ဖြိုခွဲနေပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းအနေနဲ့ ဗိုလ်ချုပ်ကြီးတွေကို နှစ်မျိုးလုံး ခွင့်ပြုမပေးဖို့ အထူးအရေးကြီးပါတယ်။ ပြည်ပအစိုးရတွေဟာ ရွေးကောက်ခံအစိုးရ၊ လူထုရဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေနဲ့ ဆန္ဒထုတ်ဖော်နေသူတွေကို စိတ်ပိုင်းရုပ်ပိုင်း နှစ်မျိုးလုံးနဲ့ ကျောထောက်နောက်ခံ ပေးသင့်ပါတယ်။
လက်ရှိမှာ ဗိုလ်ချုပ်ကြီးတွေရဲ့ ခြေလှမ်းတွေဟာ ကျွံသထက်ကျွံလာနေပြီး ထင်မထားတဲ့ ညှိနှိုင်းမှုတစ်စုံတစ်ရာနဲ့ အဆုံးသတ်သွားနိုင်တဲ့ လက္ခဏာတွေ တိုးလာနေပါတယ်။ မြန်မာလူထုဟာ ပိုမိုစုစည်းလာ၊ ပိုမို ပညာပြည့်ဝလာ၊ ဒီဂျစ်တယ်နည်းပညာနဲ့ ချိတ်ဆက်မှုအား ပိုကောင်းလာကြသလို ခါတိုင်းထက်ပို စည်းလုံးလာကြပြီး ဆန္ဒဖော်ထုတ်မှုတွေဟာလည်း နောက်ဆုတ်သွားမယ့် လက္ခဏာ မတွေ့ရပါဘူး။
ဆန္ဒပြမှုတွေကို အောင်မြင်နိုင်ခြေရှိသလား မရှိဘူးလား ဆိုတဲ့အမြင်နဲ့ ကြည့်လို့ မရပါဘူး။ အရေးကြီးတာက ရှောင်လွှဲလို့မရနိုင်တဲ့ ဒီအခိုက်အတန့်ကို အသုံးချပြီး အင်အားစုတွေ များနိုင်သမျှများများ ပါဝင်နိုင်တဲ့ နိုင်ငံရေး အခင်းအကျင်းသစ် တစ်ရပ်ဆီ အရောက်သွားဖို့ပါ။ လာမယ့်လတွေအတွင်း အနည်းငယ်မျှသော အားစိုက်ထုတ်မှုတိုင်းဟာ နောင်လာမယ့် နှစ်ပေါင်းများစွာအထိ အကျိုးသက်ရောက်မှု တာရှည်သွားနိုင်ခြေ ရှိပါတယ်။
သံတမန်တွေအတွက် ဆုံးဖြတ်ချက်ဟာ မကြာသေးမီနှစ်တွေက သူတို့ကြုံခဲ့ရတာတွေနဲ့ ယှဉ်ရင် အများကြီး လွယ်ကူနေပါသေးတယ်။ ရွေးကောက်ပွဲတွေအပြီး ၂၀၁၁ မှာ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ မြန်မာစစ်တပ်ကြားက ‘အသင့်အတင့်’ ဆက်ဆံရေးဟာ အစိုးရသစ်ကို “အဆိုးဆုံးမဟုတ်တဲ့ အခြေအနေ” အဖြစ် ပုံဖော်ခဲ့ပါတယ်။ ဒီနောက်မှာတော့ အမြစ်လှန်ပြောင်းလဲရေး လမ်းကြောင်းတွေ ရပ်သွားပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၁၉၉၀ ရွေးကောက်ပွဲအောင်ပွဲ ဟာလည်း ဇာတ်လမ်းဟောင်းတစ်ပုဒ် ဖြစ်သွားခဲ့ရပါတယ်။
ဒီနေ့မှာ စစ်ကောင်စီက စီးပွားရေးအရ တိုးတက်တဲ့အမြင် ရှိသူနှစ်ဦးကို ဝန်ကြီးခဲ့ပြီး နိုင်ငံခြားရေးမူဝါဒကိုလည်း လမ်းဖွင့်ထားလိုတဲ့ သဘောကို ပြသထားပေမယ့် သူတို့နဲ့ ‘အသင့်အတင့်’ ဆက်ဆံရေး ထားစရာအကြောင်း မရှိတော့ပါ။ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးအာဏာ အားလုံးဟာ စစ်ကောင်စီရဲ့ လက်ခုပ်ထဲကရေလို ဖြစ်နေပြီး လွှတ်တော်မှာ နှစ်ပေါင်းများစွာ ကြိုးစားတည်ဆောက်ခဲ့ရတဲ့ အရပ်သားအခွင့်အရေး ဥပဒေတွေဟာလည်း နေ့စဉ်နဲ့အမျှ ပုံစံပြောင်းခံနေရပါတယ်။
၂၀၁၆ နဲ့ ၂၀၁၇ မွတ်ဆလင်အရေးအခင်းမှာ နိုင်ငံတကာအစိုးရတွေဟာ လူနည်းစုကို ကာကွယ်ဖို့၊ ဒီမိုကရေစီနဲ့ အရပ်သားအခွင့်အရေးကို ကာကွယ်ဖို့အတွက် မြန်မာနဲ့ဆက်ဆံရေးကို ပြည်လည်ချိန်ညှိခဲ့ရပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံ အစွန်အဖျား ဝေးလံခေါင်သီတဲ့ နေရာတွေမှာ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကို ခါးစည်းခံနေကြရတဲ့ လူနည်းစု တိုင်းရင်းသားတွေကအစ ဆန္ဒဖော်ထုတ်နေကြပါတယ်။ အထင်ကရ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း အာဏာသိမ်းမှုကို ရှုတ်ချပြီး ဆန္ဒပြသူတွေရဲ့ ဒီမိုကရေစီအရေး တောင်းဆိုမှုကို ထောက်ခံသွားဖို့ ဆုံးဖြတ်ထားကြပါတယ်။
NLD အမာခံတွေ၊ တိုင်းရင်းသား လှုပ်ရှားမှုတွေနဲ့ လူငယ်ခြေတက် Generation Z ထဲက တက်ကြွလှုပ်ရှားသူတွေဟာ ဖက်ဒရယ်ဒီမိုကရေစီနဲ့ လူထုအခွင့်အရေးအတွက် ပူးပေါင်းရပ်တည်လို့ရမယ့် ဘုံသဘောတူညီချက်တစ်ရပ် ရှာဖွေပြီးတော့ အားသစ်လောင်းဖို့ အထူးလိုအပ်နေပါတယ်။
စစ်တပ်ကို နိုင်ငံတကာက ဖိအားပေးရာမှာ ရင်းရတာတွေလည်း ရှိမှာပါ။ အရေးယူပိတ်ဆို့မှုနဲ့ စီးပွားရေးရပ်ဆိုင်းမှုတွေဟာ အလုပ်သမား အများအပြားမှီခိုနေရတဲ့ လုပ်ငန်းကြီးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားပေးဖို့ လိုပါတယ်။ စီးပွားရေးပြိုလဲနေတဲ့ကြားက အာဏာရယူခဲ့တဲ့ စစ်တပ်ဟာ နိုင်ငံတကာရဲ့ အရေးယူပိတ်ဆို့မှုတွေ ရှိလာမှာကို ကြိုတွက်ထားပြီးသား ဖြစ်ပါတယ်။ စစ်တပ်ဟာ အာဏာဆက်လက် တည်မြဲဖို့ ဗျူရိုကရေစီယန္တရားကို ကိုင်စွဲထားနိုင်တဲ့ အင်အား ရှိနေသေးသရွေ့တော့ ပြည်သူလူထု ဘယ်လောက်ပဲ ဒုက္ခတွင်း နက်နေနေ ဒီလမ်းကို ပျော်ပျော်ကြီးလျှောက်ဦးမှာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတကာ အစိုးရတွေဟာ နိုင်ငံရေးအရ ပါးနပ်ဖို့ လိုအပ်သလို မြန်မာ့စီးပွားရေး ယိမ်းယိုင်သွားအောင် ပြည်ပကနေ ဆောင်ရွက်နေတာမျိုးထက် ပြည်တွင်းလှုပ်ရှားမှုတွေ အင်အားကောင်းလာအောင် အလေးထား ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အနောက်နိုင်ငံတွေက မြန်မာအစိုးရကို ထောက်ပံ့နေတဲ့ အစီအစဉ်အများအပြား ရုပ်သိမ်းသွားပြီဖြစ်ပါတယ်။ ဒီထောက်ပံ့မှုတွေကို လမ်းကြောင်းပြောင်းပြီး ဒီမိုကရေစီအရေး လှုပ်ရှားနေတဲ့ အရပ်ဘက်အဖွဲ့အစည်း၊ ဒေသခံမီဒီယာတွေ အပါအဝင် လက်ရှိလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ ကွန်ရက်တွေကို ကူညီပေးနိုင်ပါတယ်။ နိုင်ငံရေးခေါင်းဆောင်တွေ၊ ဆန္ဒဖော်ထုတ်သူတွေနဲ့ တိမ်းရှောင်သူတွေကို အကာအကွယ်ပေးတာ နိုင်ငံရေးခိုလှုံခွင့်ပေးတာ မျိုးလည်း ဦးစားပေး ဆောင်ရွက်ရမှာပါ။
မြန်မာဟာ အနောက်အုပ်စုနဲ့ တရုတ်အကြား အားစမ်းတဲ့ စစ်မြေပြင်ဖြစ်မသွားဖို့လည်း အရေးကြီးပါတယ်။ မြန်မာဟာ နိုင်ငံအဖြစ် စတင်ထူထောင်ချိန်တည်းက ဘက်မလိုက်တဲ့ ကြားနေနိုင်ငံအဖြစ် ရပ်တည်လာတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ ဒီမိုကရေစီရရင် အမေရိကန်နဲ့ မဟာမိတ်ဖြစ်သွားမယ့် အနေအထားမျိုးနဲ့လည်း တရုတ်ကို စိတ်ပူမခိုင်းသင့်ပါဘူး။ တရုတ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း လက်တွဲမဖြုတ်ဘဲ တံခါးဖွင့်ထားခဲ့တာ ဖြစ်တဲ့အတွက် စစ်တပ်အုပ်ချုပ်ရေးကို ထူးကဲပြီး လိုလားစရာအကြောင်း မရှိပါ။ ဒါပေမဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ သူတို့ရဲ့ အကျိုးစီးပွားကို ထိပါးလာနိုင်တယ်လို့ တရုတ်ခေါင်းဆောင်တွေ ခံစားမိလာမယ် ဆိုရင်တော့ တရုတ်အစိုးရဟာ စစ်တပ်ဦးဆောင်တဲ့ အစိုးရကိုပဲ အခိုင်အမာ ကျောထောက်နောက်ခံပေးပြီး ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းရေး ကိုလည်း ကဖျက်ကယက် လုပ်လာပါလိမ့်မယ်။
တစ်ချိန်တည်းမှာပဲ လမ်းပေါ်ထွက်နေကြတဲ့ သန်းနဲ့ချီတဲ့မြန်မာလူထုဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ မပြတ်သားတဲ့ တွေဝေမှုတွေကြောင့် အားကိုးရာမဲ့ ဖြစ်သွားနိုင်ခြေလည်း ရှိနေပါတယ်။ မကြုံစဖူး ရခဲ့လှတဲ့ ဒီအခိုက်အတန့်ရဲ့ အင်အားတွေသာ လာမယ့် သီတင်းပတ်တွေအတွင်း အားလျော့သွားမယ်ဆိုရင်တော့ လူထုဟာ သူတို့မနှစ်သက်တဲ့ အုပ်ချုပ်မှုအောက်မှာ လုပ်ငန်းခွင် ပြန်ဝင်ကြရတော့မှာ ဖြစ်သလို ပြိုလဲသွားတဲ့ စီးပွားရေးနဲ့အတူ သူတို့ရဲ့ အိပ်မက်တွေနဲ့ ဆန္ဒပန်းတိုင်တွေလည်း ရေစုန်မျောရတော့မှာ ဖြစ်တဲ့အတွက် နိုင်ငံတကာအနေနဲ့ မြန်မာ့အရေး နှာစေးမနေဘဲ အလေးထားဆောင်ရွက်သင့်ပြီ ဖြစ်ကြောင်းပါ။
ရာဗီချန်ဒရာကူးမား
(ဆောင်းပါးရှင် Kim Jolliffe ရဲ့ ‘This Is Not the Time for Foreign Governments to Stay ‘Neutral’ in Myanmar’ by Kim Jolliffe ကို ကောက်နုတ်ဘာသာပြန်ပါတယ်။ ဓာတ်ပုံ - AP)