- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အာရှတည်ငြိမ်မှုကို ရိုက်ခတ်လာနိုင်တဲ့ မြန်မာ့အရေး (အတွေးအမြင်)
အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဟာ တစ်ခုပြီးတစ်ခု ပေါ်လာနေပါပြီ။ ဒီမိုကရေစီကို အလေးမထားခြင်းဟာ ပြည်ပနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဥပမာ ပြောရရင် အာဏာသိမ်းပြီး ရက်အနည်းငယ် အကြာမှာပဲ ဂျပန် စီးပွားရေးအုပ်စုကြီး ဖြစ်တဲ့ ကီရင်ကုမ္ပဏီဟာ မြန်မာနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းနှစ်ခုကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။
22 Mar 2021
DMG ၊ မတ် ၂၂
မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အာဏာသိမ်းလိုက်ပါတယ်။ ၂၀၂၀ နိုဝင်ဘာမှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲဟာ တရားမဝင်သလို လိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အစောပိုင်းမှာ ကြေညာထားပါတယ်။ ဒါကြောင့် ယခုအာဏာသိမ်းမှုဟာ အဓိကကတော့ အစိုးရသစ် ပေါ်ထွက်မလာအောင် တားဆီးလိုက်တဲ့သဘောပါပဲ။
ပထမဆုံးအနေနဲ့ စစ်တပ်ဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင် အများအပြားကို ထိန်းသိမ်းလိုက်ပါတယ်။ နောက်နေ့မှာတော့ အစိုးရလုပ်ငန်းတွေကို လည်ပတ်ဖို့အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီကို အဖွဲ့ဝင် ၁၁ ဦးနဲ့ ဖွဲ့စည်းလိုက်ပါတယ်။
၂၀၁၅ ကနေ ၂၀၂၀ အထိ ကာလအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေ ရှိခဲ့ပေမယ့် မြန်မာအများစုနဲ့ ပြည်ပ အုပ်စုတွေက ဒီကာလကို တည်ငြိမ်တဲ့ ဒီမိုကရေစီ လမ်းကြောင်းဆီ စတင်လျှောက်လမ်းနေပြီလို့ မြင်ကြပါတယ်။ ဖေဖော်ဝါရီ အာဏာသိမ်းမှုကတော့ မြန်မာ့နိုင်ငံရေး မျက်နှာစာကို လုံးလုံးလျားလျား ပုံစံပြောင်းလိုက်တာပါပဲ။
မြန်မာပြည်တွင်းမှာ မငြိမ်မသက်မှုတွေ ဆက်ရှိနေဆဲပါ။ လီဆယ်စွပ်စွဲချက်တွေလို့ နိုင်ငံတကာအသိုင်းအဝိုင်းက ယူဆထားတဲ့ စွဲချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲထားသလို နိုင်ငံရဲ့ နေရာတော်တော်များများမှာလည်း စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ထားတာ၊ လူစုလူဝေး လုပ်ခြင်းကို တားမြစ်တာ၊ ညဉ့်မထွက်ရအမိန့် ထုတ်ထားတာတွေ ရှိနေပါတယ်။
မြန်မာနိုင်ငံသားတွေရဲ့ ကံကြမ္မာအပြင် ဒီအရွေ့မှာ ထည့်စဉ်းစားရမှာက အရှေ့တောင်အာရှ ဒေသရဲ့ အနာဂတ်ဖြစ်ပါတယ်။
အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေဟာ တစ်ခုပြီးတစ်ခု ပေါ်လာနေပါပြီ။ ဒီမိုကရေစီကို အလေးမထားခြင်းဟာ ပြည်ပနိုင်ငံတွေရဲ့ ပူးပေါင်းပါဝင်မှုကို အဟန့်အတား ဖြစ်စေပါတယ်။ ဥပမာ ပြောရရင် အာဏာသိမ်းပြီး ရက်အနည်းငယ် အကြာမှာပဲ ဂျပန် စီးပွားရေးအုပ်စုကြီး ဖြစ်တဲ့ ကီရင်ကုမ္ပဏီဟာ မြန်မာနဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ လုပ်ငန်းနှစ်ခုကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပါတယ်။
ကီရင်ဟာ မြန်မာဘီယာနဲ့ မန္တလေးဘီယာကုမ္ပဏီကြီးနှစ်ခုရဲ့ ရှယ်ယာအများစုကို ပိုင်ဆိုင်ထားပါတယ်။ ဒီကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် ရန်ပုံငွေရှာပေးနေတဲ့ မြန်မာ့စီးပွားရေးဦးပိုင်နဲ့ ဖက်စပ်လုပ်ကိုင်နေတဲ့ ကုမ္ပဏီပါ။
စစ်တပ်ရဲ့ လုပ်ရပ်တွေက မိမိတို့ရဲ့ စံချိန်စံညွှန်းတွေ၊ လူ့အခွင့်အရေး မူဝါဒတွေနဲ့ ကိုက်ညီမှုမရှိတဲ့အတွက် လက်ရှိ ပူးပေါင်းဆောင်ရွက်မှုကို ရပ်ဆိုင်းလိုက်တယ်လို့ ကီရင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အလားတူပဲ ဘဏ္ဍာရေးနဲ့ ဈေးကွက်မူဝါဒ စီမံခန့်ခွဲနိုင်စွမ်း မရှိတဲ့ စစ်တပ်က အရပ်သားတွေအပေါ် ကန့်သတ်ချက်တွေ ချမှတ်လိုက်တာကြောင့် မြန်မာ့စီးပွားရေး ထပ်မံကျဆင်းလာနေကြောင်း လေ့လာသူတွေ ထောက်ပြထားပါတယ်။
အာဏာသိမ်းမှုကြောင့် အာရှဒေသတွင်းနိုင်ငံတွေဆီက တုံ့ပြန်မှုသာမက ဆက်စပ်နေသူတွေအကြား သဘောထားကွဲလွဲမှုတွေပါ ထွက်ပေါ်လာပါတယ်။
မြန်မာဟာ အမေရိကန်ရဲ့ နိုင်ငံခြားရေးမူဝါဒအတွက် သာမန်ကာလျှံကာ အနေအထားမှာသာ ရှိနေပေမယ့် ဝါရှင်တန်အနေနဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ စီးပွားရေးထိပ်သီးတစ်ချို့ကို အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုတဲ့ သဘောရှိပါတယ်။ လက်ရှိအချိန်အထိတော့ သမ္မတဂျိုးဘိုင်ဒန်ရဲ့ အစိုးရအဖွဲ့ဟာ အာဏာသိမ်းမှုကို သဘောမကျသလို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် အရာရှိကြီးတွေအပေါ် အရေးယူမှုအသစ်တွေ ချမှတ်ထားပါတယ်။
မြန်မာစစ်ခေါင်းဆောင်တွေနဲ့ အတိုင်းအတာတစ်ခုအထိ နီးကပ်တဲ့ ဆက်ဆံရေးရှိသလို လက်ရှိဖြစ်စဉ်နဲ့ နီးစပ်တဲ့ တရုတ်နဲ့ အိန္ဒိယလို နိုင်ငံတွေကလည်း စစ်တပ်က ဖန်တီးလိုက်တဲ့ အုပ်ချုပ်ရေးပုံစံသစ်ကို ကန့်ကွက်မှုတွေ လုပ်ကောင်းလုပ်လာနိုင်ပါတယ်။
အိမ်နီးချင်းနိုင်ငံ အများစုက အုပ်ချုပ်သူအသစ်နဲ့ ဆက်ဆံရေးတွေ ဆက်လက်ထားရှိမယ့်ပုံစံ ရှိနေပေမယ့် စင်္ကာပူနဲ့ အင်ဒိုနီးရှားလို နိုင်ငံတွေကတော့ ဆန္ဒပြသူတွေကို အကြမ်းဖက်နှိမ်နင်းမှုအပေါ် ကန့်ကွက်ထားကြပါတယ်။ မြန်မာကို နေရာစုံက အရေးယူပိတ်ဆို့မှုတွေ လုပ်ရင် မြန်မာလူထု နစ်နာနိုင်တယ်လို့ စင်္ကာပူက သတိပေးထားပါတယ်။
နောက်ဆုံးတစ်ခုက အာဏာသိမ်းမှုက နိုင်ငံတကာ ဥပဒေတွေနဲ့ ရင်ဆိုင်လာရရင် ဒေသတွင်း ဒါမှမဟုတ် ဒေသပြင်ပအထိ ရိုက်ခတ်လာနိုင်ခြေ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာဟာ နိုင်ငံတကာ တရားရုံးတွေမှာ အမှုနှစ်ခု ရင်ဆိုင်နေရပါတယ်။
တစ်ခုက နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (အိုင်စီစီ) မှာ ရင်ဆိုင်နေရတဲ့ ၂၀၁၆-၁၇ ကာလအတွင်း ရခိုင်ဒေသ ပြဿနာ ဖြစ်ပြီး နောက်တစ်ခုက နိုင်ငံတကာတရားရုံး (အိုင်စီဂျေ) မှာ ရင်ဆိုင်နေရတဲ့ မွတ်ဆလင်တွေကို လူမျိုးတုံး သတ်ဖြတ်မှုလုပ်တယ် ဆိုတဲ့ စွပ်စွဲချက် ဖြစ်ပါတယ်။
ဒီနှစ်ခုလုံးရဲ့ တရားဝင်လုပ်ငန်းစဉ်တွေမှာ စိန်ခေါ်မှုတွေ ရှိနေပြီး မြန်မာနိုင်ငံက ဖြစ်ရပ်တွေရဲ့ ဒီနှစ်ခုအပေါ် ဂယက်ရိုက်ခတ်မှုဟာ အနည်းငယ် ကွဲပြားနိုင်ပါတယ်။ ဒါပေမဲ့ ခြုံကြည့်ရရင်တော့ အာဏာသိမ်းမှုနဲ့ နောက်ဆက်တွဲ ရာထူးအဆင့် အပြောင်းအလဲတွေ၊ ခေါင်းဆောင်မှု အပြောင်းအလဲတွေကြောင့် ဒီအမှုတွေရဲ့ နောက်ကွယ်က တရားခံတွေ ဒဏ်ခတ်မခံရဘဲ လွတ်မြောက်သွားတာမျိုး ဖြစ်သွားနိုင်ပါတယ်။
အပြန်အလှန်အားဖြင့် ဒီအချက်ဟာ တစ်ခြားသော နိုင်ငံတကာ ရာဇဝတ်ကောင်တွေ အတွက် သဘောကျစရာ ဖြစ်သွားနိုင်ပါတယ်။ တရားစွဲခံရမှုကို ရှောင်ဖို့ အစိုးရအာဏာကို လုယူတာမျိုးထိ ဦးတည်သွားနိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အနေအထားကတော့ အပြောင်းအလဲတွေ ရှိနေဆဲဖြစ်ပြီး စစ်တပ်ကလည်း အပြည့်အဝ ထိန်းချုပ်မှုရဖို့ ကြိုးစားနေဆဲပါ။ သေချာတာတစ်ခုကတော့ မြန်မာ့နိုင်ငံရေးမှာ ရုတ်ချည်းပေါ်လာတဲ့ ဒီအလှည့်အပြောင်းဟာ နိုင်ငံရဲ့နယ်နိမိတ် ပြင်ပထိ ရိုက်ခတ်နိုင်၊ ကာလရှည်ကြာ အကျိုးသက်ရောက်မှုတွေ ကျန်ခဲ့နိုင်တယ် ဆိုတာပဲဖြစ်ပါတယ်။
ရည်ညွှန်း - Impact of Myanmar coup on Asia’s stability in question by Anita Haugen, ဓာတ်ပုံ - AP
ယခုဆောင်းပါးသည် https://asiatimes.com/ တွင် မတ်လ ၃ ရက်နေ့က ANITA HAUGEN မှ ရေးသားထားသော ဆောင်းပါးကို ဘာသာပြန်ဆိုထားခြင်းဖြစ်သည်။