- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ပုဂံရှိ ရှေးဟောင်းဘုရား ၁၀ ဆူတွင် မိုးကြိုးလွှဲတပ်ဆင်မည်
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်ရန် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန် ပုဂံရှိ ဘုရားပုထိုးစေတီ ၁၀ ဆူတွင် မိုးကြိုးလွှဲ စက်ကိရိယာ တပ်ဆင်သွားမည်ဟု ပုဂံရှေးဟောင်းသုတေသနဌာနမှ သိရသည်။
07 Oct 2023
DMG ၊ အောက်တိုဘာ ၇
သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ပျက်စီးမှုမဖြစ်ပေါ်ရန် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ဇုန် ပုဂံရှိ ဘုရားပုထိုးစေတီ ၁၀ ဆူတွင် မိုးကြိုးလွှဲ စက်ကိရိယာ တပ်ဆင်သွားမည်ဟု ပုဂံရှေးဟောင်းသုတေသနဌာနမှ သိရသည်။
ထီးလိုမင်းလို၊ မဟာဗောဓိ၊ မြစေတီ၊ မနူဟာ၊ ဓမ္မရာဇက၊ ရွှေဆံတော်၊ ဓမ္မရံကြီး၊ ဆူလာမဏီ၊ ပြဿဒ်ကြီး နှင့် ပံသကူမဟာထေရ် ဘုရားပုထိုးတို့တွင် မိုးကြိုးလွှဲတပ်ဆင်ရန် စီစဉ်နေခြင်း ဖြစ်သည်။
ထိုဘုရားပုထိုးစေတီများမှာ ၁၉၇၅ နှင့် ၂၀၁၆ ခုနှစ်က လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် ပြိုကျပျက်စီးသွားသဖြင့် ပြန်လည်မွမ်းမံထိန်းသိမ်းရာတွင် သံကူကွန်ကရစ် အသုံးပြုထား၍ မိုးကြိုးလွှဲတပ်ဆင်ရန် စီစဉ်ရခြင်းဟု ရှေးသုတာဝန်ရှိသူက ပြောသည်။
“ဒီဘုရားတွေမှာ သတ္တုရှိနေတော့ လျှပ်စီးဝင်တယ်။ မိုးကြိုးစက်ကွင်းထဲမိနိုင်တဲ့အတွက် ဒီဘုရားတွေကို ရွေးချယ်တပ်ဆင်ခြင်းဖြစ်ပါတယ်” ဟု ပုဂံရှေးဟောင်းသုတေသနဌာန ညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ပြောသည်။
မိုးကြိုးလွှဲ စက်ကိရိယာ တပ်ဆင်ရာတွင်လည်း အင်္ဂတေနှင့် နံရံဆေးပန်းချီများ မထိခိုက်စေရန်နှင့် ဘုရားပုထိုးများအား ဖူးမြော်ရာတွင် မြင်ကွင်းဆုံးရှုံးမှု မဖြစ်ပေါ်စေရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှေးသုက ပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်တွင် ယခင်က ထီးတင်ခြင်းမရှိဘဲ အလယ်ပိန္နဲတိုင်တောင်မှာ ကျွန်းတိုင်ကြီးများ အသုံးပြုခြင်းတို့ကြောင့် မိုးကြိုးခမှုများ မရှိခဲ့သို့သော်လည်း ယခုနောက်ပိုင်း ဘုရားပုထိုးများတွင် သတ္တုများအသုံးပြု၍ ထီးတော်တင်မှုများရှိသဖြင့် မိုးကြိုးခမှုဖြစ်ပေါ်လာသည်။
ယခုနှစ်မိုးတွင်းကာလတွင် ပုဂံရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်ရှိ ဘုရားပုထိုးစေတီတချို့မှာ နှစ်ကြိမ်အထိ မိုးကြိုးပစ်ခတ်ခံရမှုများရှိခဲ့သော်လည်း ကြီးကြီးမားမား ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်း သိရသည်။
“မိုးကြိုးလွှဲက ရွှေစည်းခုံလို ဘုရားမှာတော့ အရင်ကတည်းက ရှိပါတယ်။ အဆူပေါင်း သုံးထောင်ကျော်လောက် တပ်ဖို့ကတော့ ခဲယဉ်းမှာပေါ့” ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များအား လေ့လာဆည်းပူးနေသူ ဦးမျိုးဆွေသန်း ကပြောသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင်ရှိပြီး တန်ဖိုးမဖြတ်နိုင်သည့် ရှေးဟောင်း စေတီပေါင်း (အသေး၊ အကြီး၊ အလတ်၊ အုတ်ပုံ) ၃,၈၃၇ ဆူရှိသည်။ ထိန်းသိမ်းရန် လိုအပ်နေသည့် စေတီမှာ အဆူသုံးထောင်ကျော်ရှိကြောင်း သိရသည်။
ပုဂံကို မြန်မာ့ယဉ်ကျေးမှု ရှေးဟောင်းအမွေအနှစ် ဒေသတစ်ခုအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လက ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)က အသိအမှတ်ပြုခဲ့သည်။
#I004