- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဦးညီပုနှင့် ဦးမင်းအောင်တို့ကို ရွေးကောက်ပွဲဆိုင်ရာဥပဒေဖြင့် ပြစ်ဒဏ်ချမှတ်
ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့နှစ်ဦးကို ယနေ့(ဧပြီလ ၆ ရက်)တွင် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
05 Apr 2022
DMG ၊ ဧပြီ ၆
ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မနှစ်ခုဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုနှင့် စည်ပင်ဝန်ကြီးဟောင်း ဦးမင်းအောင်တို့နှစ်ဦးကို ယနေ့(ဧပြီလ ၆ ရက်)တွင် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့နှစ်ဦးကို ရွေးကောက်ပွဲတွင် မဲမသမာမှုပြုလုပ်သည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၃၀(က)ဖြင့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့(ခွဲ) ဒုတိယဥက္ကဋ္ဌ ဦးသူရိန်ထွဋ်က တရားလိုပြုလုပ်ကာ တရားစွဲဆိုထားခြင်းဖြစ်သည်။ ယင်းအပြင် ဦးညီပု၏ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေဖောက်ဖျက်မှုကိစ္စရပ်များကို အားပေးကူညီသည်ဟုဆိုကာ ရာဇသတ်ကြီးဥပဒေပုဒ်မ-၁၀၉ ဖြင့် ဦးမင်းအောင်ကို ထပ်တိုးတရားစွဲခဲ့ခြင်းဖြစ်သည်။
ယနေ့တွင် ၎င်းတို့နှစ်ဦးကိုစွဲဆိုထားသည့်အမှုမှာ ပြစ်မှုမြောက်သည့်ဟုဆိုကာ ထောင်တွင်းအထူးတရားရုံးမှ ထောင်ဒဏ် ၄ လ (သို့မဟုတ်) ငွေဒဏ်ငါးသောင်းကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့မှ အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက DMG သို့ပြောသည်။
“ဒီနေ့အမိန့်ချတယ်။ ပြစ်ဒဏ်ကတော့ ၄ လ (သို့မဟုတ်) ဒဏ်ငွေငါးသောင်း ကျခံရမှာဖြစ်ပါတယ်။ အဲဒါကို သူတို့ရဲ့ NLD ပါတီ တာဝန်ရှိသူတွေက ငွေဒဏ်ပေးဆောင်လိုက်တယ်။ ဒါကြောင့် နှစ်ယောက်လုံးအတွက် တစ်ယောက်ငါးသောင်းစီ ဆောင်လိုက်တယ်”ဟု ရှေ့နေကဆိုသည်။
ဦးညီပုနှင့် ဦးမင်းအောင်တို့နှစ်ဦးကိုစွဲဆိုထားသည့် ရွေးကောက်ပွဲဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၃၀(က)၊ ၁၀၉ တို့မှာ အမှုတစ်ခုတည်းဖြစ်သဖြင့် နှစ်ဦးလုံးကို ယင်းသို့အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း ရှေ့နေထံမှသိရသည်။
ထိုသို့ပြစ်ဒဏ်ချမှတ်မှုအပေါ် အယူခံတက်မည့်ကိစ္စကို လက်ရှိတွင် အသေးစိတ်မသိရသေးဟုလည်း အထက်တန်းရှေ့နေ ဦးကျော်စိုးလင်းက ဆက်ပြောသည်။
ရခိုင်ပြည်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း ၅ ဦးကို အဂတိအမှုဖြင့် ပြီးခဲ့သည့်ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ပြည်နယ်တရားရုံးမှ ထောင်ဒဏ်အသီးသီးချမှတ်ခဲ့သည်။
ယင်းအထဲမှ ဦးညီပုအပါအဝင် ဘဏ္ဍ၊အခွန်၊စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဟောင်း ဦးကျော်အေးသိန်းနှင့် လျှပ်စစ်၊စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးအောင်ကျော်ဇံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၉ နှစ်စီနှင့် စည်ပင်သာယာရေးဝန်ကြီးဟောင်း
ဦးမင်းအောင်ကို ထောင်ဒဏ် ၇ နှစ်၊ စိုက်ပျိုးရေး၊မွေးမြူရေး၊သစ်တောနှင့်သတ္တုတွင်းဝန်ကြီးဟောင်း ဦးကျော်လွင်ကို ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။
ဝန်ကြီးချုပ်ဟောင်း ဦးညီပုမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှုဖြင့်လည်း ထောင်ဒဏ် ၂ နှစ်ချမှတ်ခံထားရသည်။