ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော

ရခိုင်တွင် စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားသည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာရှိပြီး ထိုမြို့များကိုလည်း AA က ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ကာ စစ်ရေးပြင်ဆင်ထားသည်။ 

By Admin 11 Dec 2024

မောင်တော နခခ(၅)စခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ (ဓာတ်ပုံ - AA Info Desk)
မောင်တော နခခ(၅)စခန်းကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၈ ရက်နေ့တွင် AA က အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သည်။ (ဓာတ်ပုံ - AA Info Desk)

DMG ၊ ဒီဇင်ဘာ ၁၁ 

ရခိုင်ပြည်သူတစ်လုံး မျှော်မှန်းထားသည့် ရည်မှန်းချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန်အတွက် တိုက်ပွဲများ ရပ်တန့်ခြင်းမရှိဘဲ ဆက်လက်ထိုးစစ်ဆင်နေကြောင်း အာရက္ခတပ်တော်က ပြောဆိုလိုက်သည်။ 

တိုက်ပွဲတစ်နှစ်ကျော်အတွင်း အာရက္ခတပ်တော်(AA) သည် ချင်းပြည်နယ် ပလက်ဝ၊ ရခိုင်ပြည်မှ မြို့နယ် ၁၁ ခုနှင့် တောင်ကုတ်၊ အမ်း မြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီလည်း ဖြစ်သည်။ 

AA အနေဖြင့် မောင်တောနှင့် အမ်းကဲ့သို့ ဌာနချုပ်များတည်ရှိသည့် နေရာများကိုပါ သိမ်းပိုက်နိုင်ခြင်းသည်  ကြီးမားသောအောင်မြင်မှု ဖြစ်သည်ဟု လေ့လာသူများက ရှုမြင်ကြသည်။ 

နိုင်ငံရေးသုံးသပ်သူ ဦးကြီးမြင့်က “အမ်းဌာနချုပ်ကြီးကျသွားပြီ၊ မောင်တောကိုလည်း သိမ်းလိုက်နိုင်ပြီဆိုရင် AA အတွက် ကြီးစွာတဲ့ အောင်ပွဲပဲ။ ရခိုင်ပြည်လွတ်မြောက်ရေးအတွက်လည်း ကြီးမားတဲ့ အထောက်အပံ့တွေ ဖြစ်တယ်။ စစ်တွေကိုလည်း ဝိုင်းထားပြီးပြီ။ ကျောက်ဖြူကတော့ တရုတ်နဲ့ပတ်သက်လို့ နည်းနည်းပါးပါး ညှိနှိုင်းရလိမ့်မယ်။ ဒါလည်း ပြေလည်မှုရမှာပါ။ တရုတ်ကလည်း သိပါတယ်” ဟု ပြောသည်။  

အမ်းမြို့တွင် တစ်ခုတည်းကျန်နေသည့် နပခဌာနချုပ်နှင့် တောင်ကုတ်မြို့ရှိ စကခ(၅) ဌာနချုပ်ကို AA က ဆက်လက်ထိုးစစ်ဆင်နေပြီး၊ ဂွမြို့ထိုးစစ်မှာလည်း မြို့အနားသို့ နီးကပ်လာနေပြီ ဖြစ်သည်။ 

ဧရာဝတီတိုင်းနှင့်ထိစပ်နေသော ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ မကျရှုံးရေးအတွက် စစ်ကောင်စီက စစ်အင်အား၊ လက်နက်အင်အား အလုံးအရင်းဖြင့် ဆက်တိုင်းဖြည့်တင်းနေပြီး လေကြောင်းပစ်ကူကို အဓိက အသုံးပြု ခုခံလျက်ရှိသည်။ 

“ဂွမြို့တွင်းမှာ အင်အားဖြည့်တယ်။ တစ်ပတ်မှာ သုံးကြိမ်လောက်၊ တစ်ခါလာရင် ကား ၅ စီးထက် မနည်းဘူး။ လူအင်အား၊ လက်နက်အင်အား၊ ရိက္ခာအင်အား အကုန်လုံးဖြည့်နေတာ။ မြို့တွင်းတပ်ရင်းက လူတွေကိုလည်း မြို့ပြင်ကစခန်းကို ပြောင်းထားတယ်။ နောက်ပြီး ဂွမြို့နဲ့ မကျေးငူကို ဆက်သွယ်ထားတဲ့ တံတားကြီးမှာလည်း ဘန်ကာတွေအမြင့်ကြီး လုပ်နေကြပြီ။ ပြီးတော့ ဒီရက်ပိုင်းမှာပဲ သံချပ်ကာကားတွေ မြို့တွင်းမှာ လှည့်လည်နေကြတာကို တွေ့လာရတယ်” ဟု DMG ၏ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။  

ရခိုင်တွင် စစ်ကောင်စီက အပြည့်အဝ ထိန်းချုပ်ထားသည်မှာ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့တို့သာရှိပြီး ထိုမြို့များကိုလည်း AA က ဝိုင်းရံပိတ်ဆို့ဖြတ်တောက်ကာ စစ်ရေးပြင်ဆင်ထားသည်။ 

ရခိုင်တစ်ပြည်လုံး လွတ်မြောက်အောင် တိုက်ခိုက်သွားမည်ဟု ကြွေးကြော်ထားသော AA ၏ ရည်မှန်းချက်ပန်းတိုင်မှာ တိုင်းစစ်ဌာနချုပ်အောင်ပွဲနှင့်အတူ မကြာမီရောက်ရှိတော့မည်ဟု စစ်ရေး၊ နိုင်ငံရေး လေ့လာသူများက သုံးသပ်နေကြသည်။