ကျောင်းသားတစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ရက္ခိုင်ကျောင်းသားသမဂ္ဂ ထုတ်ပြန်ချက် ALP ငြင်း

စစ်တွေမြို့ မောလိပ်အထက(ခွဲ)တွင် ပညာသင်ယူနေသော Grade – 11 ကျောင်းသား၏နေအိမ်သို့ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ALP တပ်ဖွဲ့ဝင် ခုနစ်ဦးရောက်ရှိလာပြီး ရုံးတွင်တိုင်ချက်ဖွင့်ထားသည့် အကြောင်းပြချက်ဖြင့် သေနတ်ဖြင့်ချိန်ရွယ်ခြိမ်းခြောက်ကာ ၁၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဆိုသည်။

By Admin 05 May 2023

စစ်တွေမြို့ တွင် သင်တန်းပေးနေသည့် ALP တပ်ဖွဲ့ဝင်များများ တွေ့ရစဉ်။ ဓာတ်ပုံ - ALP
စစ်တွေမြို့ တွင် သင်တန်းပေးနေသည့် ALP တပ်ဖွဲ့ဝင်များများ တွေ့ရစဉ်။ ဓာတ်ပုံ - ALP

DMG ၊ မေ ၅

စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ဝင်များသည် စစ်တွေမြို့က Grade – 11 ကျောင်းသားတစ်ဦးအား ဖမ်းဆီးချုပ်နှောင်ပြီး အလုပ်ခိုင်းစေခဲ့ခြင်းကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက မေလ ၄ ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်တွေမြို့ မောလိပ်အထက(ခွဲ)တွင် ပညာသင်ယူနေသော Grade – 11 ကျောင်းသား၏နေအိမ်သို့ ပြီးခဲ့သည့် မတ်လ ၁၁ ရက်နေ့က ALP တပ်ဖွဲ့ဝင် ခုနစ်ဦးရောက်ရှိလာပြီး ရုံးတွင်တိုင်ချက်ဖွင့်ထားသည့် အကြောင်းပြချက်ဖြင့် သေနတ်ဖြင့်ချိန်ရွယ်ခြိမ်းခြောက်ကာ ၁၈ ရက်ကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ကြောင်း ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂက ဆိုသည်။

“Grade – 11 ကျောင်းသားဆိုတာ အသက်မပြည့်သေးတဲ့ ကလေးတစ်ယောက်ပဲ ဖြစ်တယ်။ ဒီလို ၁၈ နှစ် မပြည့်သေးတဲ့ ကျောင်းသားတစ်ယောက်အပေါ်မှာ သူတို့ ကျူးလွန်တာဟာ ဥပဒေမဲ့လွန်းသလို ဆိုးဝါးတဲ့လုပ်ရပ်ဖြစ်တဲ့အတွက် ဒါကို ကျနော်တို့ ရှုတ်ချပါတယ်” ဟု ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အပြစ်တစ်စုံတစ်ရာမရှိသော ကျောင်းသားကို အများပြည်သူရှေ့တွင် ဖမ်းဆီးခေါ်ဆောင်သည့်အပြင်၊ ရာဇဝတ်အပြစ်သားကဲ့သို့ ခြေချင်းခတ်၊ ထိပ်တုံးဖြင့်ချုပ်နှောင်ခဲ့ပြီး အလုပ်ကြမ်းလုပ်ခိုင်းခြင်း၊ မိလ္လာကျင်းတူးခိုင်းခြင်း စသည်တို့ကိုလည်း ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ALP ၏ လုပ်ရပ်မှာ လူအခွင့်အရေးသာမက ကလေးသူငယ်အခွင့်အရေးကိုပါ လက်နက်အားကိုးဖြင့် ခြိမ်းခြောက်သည့် ကျူးလွန်မှုဖြစ်ကြောင်း ရခိုင်ပြည်ကျောင်းသားသမဂ္ဂတာဝန်ရှိသူက ပြောသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ALP တာဝန်ရှိသူက ငြင်းဆိုလိုက်ပြီး ရက္ခိုင်ပြည်ကျောင်းသားသမဂ္ဂ၏ ထုတ်ပြန်ချက်မှာ တစ်ဖက်သတ် စွပ်စွဲချက်သာဖြစ်ကြောင်း ပြောသည်။

ALP ပါတီပြောရေးဆိုခွင့်ရှိသူ ခိုင်ဇော်မင်းသိန်းက “တကယ်အဖြစ်မှန်က အဲဒီကျောင်းသားကို ကျနော်တို့က ဖမ်းခေါ်တာ မဟုတ်ဘူး။ သူ့အမေကို အမွေကိစ္စတစ်ခုနဲ့ ကျနော်တို့က ညှိနှိုင်းဖို့ခေါ်တဲ့အခါမှာ သူ့သားက အမေနဲ့လိုက်လာခဲ့တာ။ ကျနော်တို့က သူ့ကို ပြန်လွှတ်တယ်။ ‘ဒီကိစ္စမင်းနဲ့မဆိုင်ဘူး မင်းအမေနဲ့ပဲဆိုင်တယ်’ ဆိုပြီး ကျနော်တို့က ပြန်လွှတ်ပါတယ်။ သူက ‘အမေမပါရင် မသွားဘူး’ဆိုပြီး ဒီမှာနေခွင့်ပြုတာကို ကျနော်တို့ကဖမ်းဆီးသွားတယ် ဆိုပြီး သူတို့က စွပ်စွဲထုတ်ပြန်တာပဲ ဖြစ်ပါတယ်” ဟု ပြောသည်။

ထိုသို့နေထိုင်ခိုင်းထားစဉ် ၁၈ ရက်မြောက်နေ့တွင် ဆွေးမျိုးတော်စပ်သူတစ်ဦးက လာရောခေါ်ဆောင်သွားပြီး ရိုက်နှက်ခြိမ်းခြောက်ခြင်း၊ အလုပ်စေခိုင်းခြင်းများ မရှိကြောင်း သူက ဆက်ပြောသည်။

ထိုဖြစ်စဉ်နှင့်ပတ်သက်၍ ကာယကံရှင်ကျောင်းသားနှင့် အုပ်ထိန်းသူမိသားစုဝင်များကို DMG က ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ လက်ခံဖြေကြားလိုခြင်း မရှိပေ။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ/တပ်မတော် (ALP/ALA) သည် ၂၀၁၅ ခုနှစ်က အစိုးရနှင့် ငြိမ်းချမ်းရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ဖြစ်သည်။

နောက်ပိုင်းတွင် ခေါင်းဆောင်များအချင်းချင်း သဘောထားကွဲလွဲမှုဖြစ်ပေါ်ကာ စောမြရာဇာလင်း ဦးဆောင်သောအဖွဲ့က အမြင်မတူသူများကိုထုတ်ပယ်ပြီး ALP ပါတီကို အသစ်ပြန်လည်ဖွဲ့စည်းကြောင်း ပြီးခဲ့သည့် မတ်လ ၂၀ ရက်နေ့က လူမှုကွန်ယက်စာမျက်နှာ Facebook Page မှတစ်ဆင့် ထုတ်ပြန်ခဲ့သည်။

စောမြရာဇာလင်း ဦးဆောင်သော ALP အဖွဲ့သည် စစ်တွေမြို့၊ အေးသာယာလမ်း၊ စက်ရုံစုရပ်ကွက်တွင် ရုံးစိုက်ထားပြီး ငြိမ်းချမ်းရေးကိစ္စများကို စစ်ကောင်စီနှင့် နေပြည်တော်သို့ သွားရောက်ဆွေးနွေးမှုများ ရှိသည်။

#I008

ဗီဒီယိုများ