ကျောက်ဖြူမြို့နယ်တွင် ဒေသခံတစ်ဦး မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရာရ 

ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်ကျေးရွာမှ ဒေသခံတစ်ဦးမှာ ကျေးရွာမှသုံးဖာလုံခန့်ဝေးသော ငမောင်းဦးတောင်တွင် နွားလွှတ်ရန်သွားစဉ် မိုင်းနင်းမိပြီး ဘယ်ဖက်ခြေပြတ်သွားသည်။ 

By Admin 20 Apr 2024

ဓာတ်ပုံ - APM
ဓာတ်ပုံ - APM

DMG ၊ ဧပြီ ၂၀ 

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ နှမ်းဖဲတောင်ကျေးရွာမှ ဒေသခံတစ်ဦးမှာ ယနေ့နံနက် ၆ နာရီခွဲတွင် မိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။ 

အသက်(၇၀)အရွယ် ဦးလူဖြူမှာ အဖော်တစ်ဦးနှင့်အတူ ကျေးရွာမှသုံးဖာလုံခန့်ဝေးသော ငမောင်းဦးတောင်တွင် နွားလွှတ်ရန်သွားစဉ် မိုင်းနင်းမိပြီး ဘယ်ဖက်ခြေပြတ်သွားသည်အထိ ပြင်းထန်ဒဏ်ရရှိခဲ့ခြင်းဖြစ်သည်။ 

“အဲဒီတောင်မှာ နွားစားကျက်ရှိတော့ နွားတွေကို လွှတ်ကျောင်းကြတယ်။ အခုလည်း ရွာက ဦးမောင်ချမ်းဦးနဲ့အတူ နွားလွှတ်သွားတာ။ အဲဒီမှာမိုင်းနင်းမိတာပဲ။ အဖော်ဖြစ်သူကတော့ ဘာမှဖြစ်မသွားဘူး။ ဦးလူဖြူကပဲ ထိသွားတာ။ အခုတော့ ဆေးရုံသို့ ပို့ထားတယ်” ဟု နှမ်းဖဲတောင်ကျေးရွာသားတစ်ဦးက ပြောသည်။ 

ငမောင်းဦးတောင်မှာ နှမ်းဖဲတောင်ကျေးရွာနှင့် ပြိုင်းစေ့ကေကျေးရွာကြားတွင်ရှိပြီး အဆိုပါနေရာ၌ ဒေသခံများ လုပ်ကိုင်စားသောက်ကြသော လယ်ယာမြေနှင့် နွားစားကျက်မြေများရှိသည်။ တောင်အနီးပတ်ဝန်းကျင်တွင် စစ်ကောင်စီတပ်သားများ စစ်ကြောင်းထိုးနေထိုင်ခြင်းများ မကြာခဏရှိကြောင်း ဒေသခံများထံမှ သိရသည်။ 

“အခု မိုင်းကွဲတဲ့နေရာအနီးတစ်ဝိုက်မှာ စစ်သားတွေ မကြာခဏလာပြီး စခန်းချတာတွေ၊ ကင်းပုန်းဝပ်တာတွေ ရှိတယ်။ ပြီးတော့ အဲဒီနေရာအနီးမှာ ရွာက နွားတွေ၊ ခွေးတွေကအစ မိုင်းနင်းလို့ ခြေပြတ်၊ လက်ပြတ်သွားတာတွေ အများကြီးရှိတယ်” ဟု ပြိုင်းစေ့ကေ ကျေးရွာသားတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၉ ရက်ကလည်း ကျောက်ဖြူမြို့နယ်၊ မလကျွန်းကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦးမှာ မလကျွန်းနှင့် အုန်းတောကျေးရွာကြား ငကောင်းစုတောင်တွင် ဟင်းခူးရန်သွားစဉ် မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာ ရသွားခဲ့သည်။ 

ကျောက်ဖြူမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးသွားလာမှုနှင့်အတူ ယာယီတပ်စခန်းချနေထိုင်ရာ နေရာများတွင် မြေမြုပ်မိုင်းပေါက်ကွဲမှုများရှိနေ၍ မိုင်းအန္တရာနှင့်ပတ်သက်၍ ဒေသခံများက စိုးရိမ်နေကြသည်။ 

DMG စာရင်းအရ ကျောက်ဖြူမြို့နယ်တွင် ဇန်နဝါရီမှ ယခုဧပြီလအထိ မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူ (၂) ဦးနှင့် ဒဏ်ရာရရှိသူ (၉) ဦးထိရှိပြီး ကျွဲ၊ နွား တိရစ္ဆာန်ထိခိုက်သေဆုံးမှု အများအပြားရှိသည်။

ဗီဒီယိုများ