ရခိုင်တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသူများ မိုးရာသီဖြတ်ကျော်ရန် အကူအညီလိုအပ်နေ 

မကြာမီအချိန်တွင် မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သော်လည်း နေအိမ်များ ပျက်စီးဆုံးရှုံးသွားသူများမှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် နေအိမ်ပြန်ဆောက်ရန် အခက်အခဲများ ရှိနေကြသည်။ 

By Admin 24 Apr 2024

ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာကို စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှု ဖြစ်စဉ်တစ်ခု။ 
ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာကို စစ်ကောင်စီတပ်၏ လေကြောင်းဗုံးကြဲမှု ဖြစ်စဉ်တစ်ခု။ 

DMG ၊ ဧပြီ ၂၄

ရခိုင်ပြည်တွင် တိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နေအိမ် ပျက်စီးဆုံးရှုံးသွားသူများမှာ မိုးရာသီကာလ လုံခြုံစွာနေထိုင်နိုင်ရေးအတွက် အကူအညီများ လိုအပ်နေကြသည်။ 

မကြာမီအချိန်တွင် မိုးတွင်းကာလသို့ ရောက်ရှိတော့မည်ဖြစ်သော်လည်း နေအိမ်များ ပျက်စီးဆုံးရှုံးသွားသူများမှာ ကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေမှုကြောင့် နေအိမ်ပြန်ဆောက်ရန် အခက်အခဲများ ရှိနေကြသည်။ 

“ရွာမှာပြန်နေလို့ရပြီဆိုပေမယ့် အိုးအိမ်တွေမရှိတော့ အခက်အခဲဖြစ်နေရတယ်။ အခု တဲထိုးပြီးနေထိုင်နေတာ။ မိုးရာသီမှာဆိုရင် အဆင်ပြေမှာ မဟုတ်ဘူး။ ထမင်းတစ်နပ်စားဖို့အရေးတောင် မနည်းကြိုးစားနေရတဲ့အထဲ နေအိမ်ပြန်ဆောက်ဖို့ဆို ပိုတောင်ဝေးသေး” ဟု စစ်ကောင်စီရှို့မီးကြောင့် နေအိမ်များမီးလောင်ပျက်စီးသွားသော ပုဏ္ဏားကျွန်းမြို့နယ်၊ ရဲရိုးပြင်ကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။ 

နေအိမ်ဆုံးရှုံးသွားသူတချို့မှာ ပျက်စီးသွားသည့်နေအိမ်အနီးတွင် ယာယီတဲများဆောက်လုပ်ကာ နေထိုင်နေကြပြီး တချို့မှာလည်း လက်ရှိစစ်ဘေးရှောင်နေသော နေရာများတွင် ဖြစ်သလိုနေထိုင်နေကြရသည်။ 

အမိုးအကာအကူအညီများ အချိန်မီမရရှိလျှင် မိုးတွင်းကာလ နေထိုင်စားသောက်ရေးတွင် စိန်ခေါ်မှုများရှိကြောင်း နေအိမ်ပျက်စီးသွားသူများက ပြောကြသည်။

“မိုးရာသီမှာ အမိုးအကာမလုံခြုံရင် အဆင်မပြေဘူး။ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ ပိုပြီးအခက်အခဲကြုံရမယ်။ ကျန်းမာရေးကိစ္စကလည်း အရေးကြီးတော့ ဒီမိုးတွင်းကို လုံလုံခြုံခြုံနဲ့ နေထိုင်ဖြတ်သန်းနိုင်ဖို့ တွေးပူနေရတယ်” ဟု မင်းပြားမြို့နယ်မှ နေအိမ်မီးလောင်ပျက်စီးသွားသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

နေအိမ်ဆုံးရှုံးသွားသူများမှာ မိမိအစီအစဉ်ဖြင့် ပြန်မတည်ဆောက်နိုင်သည့်အပြင် နိုင်ငံတကာအကူအညီများလည်း မရရှိသဖြင့် မိသားစုနေထိုင်ရေးအတွက် စိုးရိမ်နေကြသည်။ 

ရခိုင်စစ်ရေးကာလအတွင်း နေအိမ်မီးလောင်ဆုံးရှုံးသွားသူများကို မိုးရာသီမတိုင်မီ အမိုးအကာများပံ့ပို့နိုင်ရန် လုပ်ဆောင်နေကြောင်း စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူ စာရေးဆရာ ဝေဟင်အောင်က ပြောသည်။ 

“မီးထဲအိမ်တွေပါသွားတဲ့ မိသားစုတွေမှာ ပိုပြီးအကူအညီလိုအပ်တယ်။ မိုးရာသီလည်း ရောက်တော့မယ်ဆိုတော့ ကျနော်တို့က ဦးစားပေးအနေနဲ့ သူတို့ကို ပထမဆုံးကူညီပေးဖို့ လုပ်ဆောင်နေတာရှိတယ်” ဟု သူက ပြောသည်။ 

ရခိုင်တွင် စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၅ လကျော်ထိကြာမြင့်လာပြီး တိုက်ပွဲအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ မီးရှို့မှု၊ လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှု အများအပြားရှိနေသည်။ 

ဗီဒီယိုများ