ရခိုင်တွင် ကွမ်းခင်းများပျက်စီးသွား၍ ကွမ်းရွက်ဈေးတက်နေ

ရခိုင်မြောက်ပိုင်းရှိ ကွမ်းအဓိကထွက်ရှိသော ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ၊ ကျောက်တော်မြို့နယ် ယိုးချောင်းဒေသ၊ ပေါက်တောမြို့နယ်တို့တွင် မုန်တိုင်းကြောင့် ကွမ်းခင်းအားလုံးပျက်စီးခဲ့သည်။ 

By Admin 24 Jul 2023

ရခိုင်တွင် ကွမ်းခင်းများပျက်စီးသွား၍ ကွမ်းရွက်ဈေးတက်နေ

DMG ၊ ဇူလိုင် ၂၄

မုန်တိုင်းကြောင့် ရခိုင်တွင် ကွမ်းခင်းများ ပျက်စီးသွားသောကြောင့် ဒေသတွင်း ကွမ်းထွက်မှုမရှိတော့၍ ကွမ်းရွက်ဈေးနှုန်း မြင့်တက်နေသည်။ ဇွန်လအတွင်း ကွမ်းရွက်တစ်ပိဿာကို ငွေကျပ် ၉,၀၀၀ ရှိသော်လည်း ယခုရက်ပိုင်းအတွင်း တစ်ပိဿာကို ငွေကျပ် ၁၅, ၀၀၀ ခန့်အထိ ပေါက်ဈေးရှိနေကြောင်း သိရသည်။ 

ရခိုင်မြောက်ပိုင်းရှိ ကွမ်းအဓိကထွက်ရှိသော ပုဏ္ဏားကျွန်းမြို့နယ် တောဖျားချောင်းဒေသ၊ ကျောက်တော်မြို့နယ် ယိုးချောင်းဒေသ၊ ပေါက်တောမြို့နယ်တို့တွင် မုန်တိုင်းကြောင့် ကွမ်းခင်းအားလုံးပျက်စီးခဲ့ပြီး လက်ရှိတွင် ပြည်မဘက်မှလာသည့် ကွမ်းများကို စားသုံးနေကြရသည်။

“ပြည်မဘက်မှာလည်း ကွမ်းဈေးက တစ်သောင်းနှစ်ထောင်လောက်ရှိတယ်။ သယ်ယူစရိတ်တွေနဲ့ဆို ဒီမှာ ပိုဈေးတက်သွားတယ်။ အဓိကကတော့ ကိုယ့်ဒေသတွင်းက မထွက်လို့ပါပဲ။ ဈေးတက်ရင်တော့ ခံရတာက အဲဒါကို မှီခိုပြီး လုပ်စားနေတဲ့ ကျမတို့တွေပဲပေါ့ ” ဟု စစ်တွေမြို့မဈေးတွင်း ကွမ်းရောင်းနေသူ ဒေါ်လှလှအေး ကပြောသည်။

သို့သော်လည်း ပြည်မဖက်မှလာသည့် ကုန်တင်ကားများကို စစ်ကောင်စီ စစ်ဆေးရေးဂိတ်များက အချိန်ကြာမြင့်စွာ စစ်ဆေးမှုများကြောင့် ကုန်စိမ်းပစ္စည်းများမှာ ပုတ်သိုးပျက်စီးခြင်းများရှိနေသဖြင့် ကွမ်းရောင်းသူများအတွက် အခက်အခဲရှိနေကြသည်။ 

“ကွမ်းတွေက လမ်းမှာ အနည်းဆုံး နှစ်ရက်၊ သုံးရက်လောက်ကြာတယ်။ တခါတလေ ငါးရက်လောက်ကြာလို့ အကုန်လုံး ပုတ်သွားတာတွေတောင်ရှိတယ်။ လတ်လတ်ဆတ်ဆတ် မရောင်းရဘူး။ ဈေးတက်ရင်တောင် ကျနော်တို့အတွက် အမြတ်နည်းနည်းပဲ ယူရောင်းရတာ” ဟု စစ်တွေမြို့က ကွမ်းရွက်ကုန်သည် ဦးရွှေမောင်က ပြောသည်။

ကွမ်းရွက်ဈေးနှုန်း မြင့်တက်နေခြင်းကြောင့် ကွမ်းယာအရောင်းဆိုင်များမှာလည်း ရောင်းအားကျဆင်းနေပြီး တွက်ခြေမကိုက်ဖြစ်နေကြောင်း စစ်တွေမြို့ ရူပမြောက်ရပ်ကွက်မှ ကွမ်းယာဆိုင်ရှင် ဒေါ်မအေးသိန်းက ပြောသည်။ 

“အရင်ကဆို တစ်ရက်ကို သုံးသောင်းဖိုးလောက် ရောင်းရတယ်။ အခုကျတော့ တစ်သောင်းကျော်လောက်ပဲ ရောင်းရတော့တယ်။ ကွမ်းဈေးတက်တော့ စားတဲ့လူတွေကလည်း အရင်လို မစားနိုင်တော့ဘူးလေ။ ကျမတို့လည်း အခက်အခဲဖြစ်တာပေါ့” ဟု ၎င်းက ပြောသည်။

မုန်တိုင်းတိုက်ခတ်မှု နှစ်လကျော်လာသော်လည်း ကွမ်းခင်းလုပ်ငန်းလုပ်ကိုင်သူများမှာ နေအိမ်ဆောက်လုပ်နိုင်ရေးကို အာရုံစိုက်နေရသဖြင့် ကွမ်းခင်းများ ပြန်လည်ထူထောင်ရန် အချိန်ကြာဦးမည်ဖြစ်ကာ ကွမ်းရွက်ဈေးနှုန်းမှာလည်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း ကွမ်းရောင်းသူများက ပြောကြသည်။

#I010

ဗီဒီယိုများ