ရခိုင်တွင် ကွမ်းရွက် တစ်ပိဿာကို ငွေကျပ်ရှစ်သောင်းထိ ဈေးမြင့်တက်

ပြည်မဘက်မှ ကုန်စည်ဝင်ရောက်မှုမရှိသည့်အပြင် ဒေသတွင်းမှာလည်း သဘာဝဘေးဒဏ်ကြောင့် ကွမ်းခင်းများ ပျက်စီးသွား၍ ဈေးနှုန်းမြင့်တက်ကာ ကွမ်းရွက်ရှားပါးလာနေခြင်းဖြစ်ကြောင်း ဈေးသည်များက ပြောကြသည်။ 

By Admin 14 Aug 2024

ရခိုင်တွင် ကွမ်းရွက် တစ်ပိဿာကို ငွေကျပ်ရှစ်သောင်းထိ ဈေးမြင့်တက်

DMG ၊ ဩဂုတ် ၁၄

စစ်ရေးပဋိက္ခဖြစ်ပွားနေသော ရခိုင်ပြည်တွင် ကွမ်းရွက် တစ်ပိဿာကို ယနေ့ (ဩဂုတ် ၁၄ )ဈေးနှုန်းအရ ငွေကျပ် ရှစ်သောင်းအထိ ဈေးမြင့်တက်နေသည်။ 

ပြည်မဘက်မှ ကုန်စည်ဝင်ရောက်မှုမရှိသည့်အပြင် ဒေသတွင်းမှာလည်း သဘာဝဘေးဒဏ်ကြောင့် ကွမ်းခင်းများ ပျက်စီးသွား၍ ဈေးနှုန်းမြင့်တက်ကာ ကွမ်းရွက်ရှားပါးလာနေခြင်းဖြစ်ကြောင်း ဈေးသည်များက ပြောကြသည်။ 

“အခုနှစ် ကွမ်းက ရန်ကုန်ဖက်ကလည်း မလာဘူး။ ဒေသတွင်းလည်း အထွက်နည်းတော့ ဈေးကစားလာတယ်လေ။ ဒါကြောင့် ကွမ်းရွက်ဈေးက အခုလိုထိုးတက်လာတာ” ဟု ကျောက်တော်မြို့နယ်မှ ကွမ်းရွက်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ရခိုင်ပြည်အတွင်း ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ အမ်းမြို့နယ်တို့တွင် ကွမ်းအများအပြား စိုက်ပျိုးကြပြီး မြေပုံ၊ ပေါက်တော၊ တောင်ကုတ်မြို့နယ်တို့တွင်လည်း စိုက်ပျိုးကြသည်။ 

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်မှစ၍ မိုးအဆက်မပြတ် ရွာသွန်းမှုနှင့်အတူ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့သဖြင့် ကျောက်တော်၊ မြောက်ဦးနှင့် မင်းပြားမြို့နယ်တို့တွင် ကွမ်းစိုက်ခင်းအများအပြား ပျက်စီးခဲ့သည်။ 

“ရေမြုပ်ပြီးတဲ့နောက် ကွမ်းပင်တွေမှာ အနာကွက်တွေဖြစ်ပြီး ညှိုးနွမ်းသေတာ များလာတယ်။ ပြန်စိုက်ဖို့ကလည်း ကွမ်းညွန့်တွေက ဈေးကြီးပြီးရှားပါးတော့ အခက်အခဲရှိနေတယ်” ဟု ကျောက်တော်မြို့နယ်၊ ရွှေပြည်သစ်ကျေးရွာမှ ကွမ်းစိုက်ပျိုးသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်က တိုက်ခတ်ခဲ့သည့် “မိုခါ” ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်တွင် ကွမ်းခင်းအများအပြား ပျက်စီးသွားသဖြင့် ကွမ်းညွန့်ရှားပါးကာ သွင်းအားစုစရိတ်ကြီးမား၍ ယခုနှစ် ကွမ်းစိုက်ပျိုးမှု နည်းပါးသည်။ 

“အရင်ကဆိုရင် ကွမ်းပင်ထောင်နဲ့ချီ စိုက်ပျိုးကြတယ်။ အခုတော့ စရိတ်တွေကြီးတဲ့အတွက် မစိုက်နိုင်ကြတော့ဘူး။ ဒါကြောင့် ကွမ်းထွက်နှုန်းနည်းတာ။ ပြီးတော့ ပြည်မဘက်ကလည်း ကွမ်းဝင်တာမရှိတော့ ဒေသမှာ ကွမ်းရှားပြီး ဈေးတက်လာတာ” ဟု ပုဏ္ဏားကျွန်းမြို့နယ်၊ တောဖျားချောင်းဒေသခံ တစ်ဦးက ပြောသည်။ 

ဒေသထွက်ကုန်နည်းပါးသည့် ရခိုင်ပြည်တွင် စစ်ကောင်စီ၏ လမ်းခရီးပိတ်ဆို့မှုကြောင့် အခြေခံစားသောက်ကုန်နှင့် ကုန်စည်ပြတ်လပ်နေ၍ နေ့စဉ်လူမှုဘဝရပ်တည်ရေးမှာ ထိခိုက်နစ်နာမှုများစွာ ဖြစ်နေကြရသည်။